နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျောက်ဆည်မြို့နယ် ဘဲလင်း ၁၄၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျောက်ဆည်မြို့နယ် ဘဲလင်း ၁၄၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Ministry of Information/ ကျောက်ဆည် / May 17, 2019
နေပြည်တော် မေ ၁၇
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အားခွဲရုံ ဝင်းအတွင်း၌ တည်ဆောက်ပြီးသွားသည့် ၁၄၅ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ ဘဲလင်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့ကြသည့် Powergen Kyaukse Co.,Ltd မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လျှပ်စစ်ဓာတ်အားဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက် တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီး နားချင်းနိုင်ငံ အတော်များများမှာဆိုရင် ၈၀ ရာခိုင်နှုန်းကျော် ၉၀ ရာခိုင်နှုန်းကျော်၊ ၁၀၀ ရာခိုင်နှုန်းပြည့် စသည်ဖြင့် လျှပ်စစ် ဓာတ်အားပေးနိုင်ပေမယ့် ကျွန်မတို့နိုင်ငံမှာအခုအချိန်အထိ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ရဲ့ ၅၀ ရာခိုင်နှုန်းတောင် မပြည့်သေးတာကို တွေ့နေရပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား ပိုမိုရရှိဖို့ အများကြီးကြိုးစားနေဖို့ လိုပါတယ်။ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ဖို့ အစိုးရအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းသစ်တွေ ဖွင့်လှစ်ခြင်း၊ ဓာတ်အားခွဲရုံ အသစ်တွေ ဖွင့်လှစ်ခြင်း တွေကို ဆောင်ရွက်လျက်ရှိပါတယ်။
“ဒီနှစ်မကုန်ခင်မှာလည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်၊ ဒါဟာ ကျွန်မတို့ ၂၀၁၆ ခုနှစ်တုန်းက ၃၀ ရာခိုင်နှုန်းလောက်ကနေပြီးတော့ အခု ဒီနှစ်မကုန်မီ ၅၀ ရာခိုင်နှုန်းအထိ ရောက်ဖို့အတွက် ကြိုးစားနေခြင်းပဲ ဖြစ်ပါတယ်။ လာမဲ့ ၂၀၂၅မှာ ဆိုရင် တစ်နိုင်ငံလုံး ရာနှုန်းပြည့် သုံးစွဲနိုင်မယ်လို့မျှော်မှန်းထားပါတယ်။
“အခုအစိုးရတာဝန်ယူပြီးနောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ခဲ့တဲ့ မြင်းခြံသဘာ၀ ဓာတ် ငွေ့နဲ့ စွန့်ပစ်အပူသုံးဓာတ်ငွေ့အားပေးစက်ရုံ ၂၂၅ မဂ္ဂါဝပ်၊ V Power ကုမ္ပဏီမြင်းခြံ Gas Engine ဓာတ်အားပေးစက်ရုံ ၉၀ မဂ္ဂါဝပ်၊ ဒီနေ့ ဖွင့်လှစ်တဲ့ ကျောက်ဆည် (ဘဲလင်း) သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၁၄၅ မဂ္ဂါဝပ်နဲ့ ၂၀၁၆ ခုနှစ် မေလက စတင်လည်ပတ်ခဲ့တဲ့ မြင်းခြံ Gas Engine ဓာတ်အား ပေးစက်ရုံ ၆၅ မဂ္ဂါဝပ် စုစုပေါင်း ၅၂၅ မဂ္ဂါဝပ် ဓာတ်အား ထုတ်လုပ်ပေးလျက်ရှိပြီး အဲဒီစက်ရုံတွေက ထုတ်လုပ်တဲ့ ဓာတ်အားတွေဟာ မန္တလေးတိုင်းဒေသကြီးရဲ့ သုံးစွဲမှုကို ထောက်ပံ့ပေးတဲ့ အပြင် ဓာတ်အားစခန်းနဲ့ ခ်ျိတ်ဆက် ပို့လွှတ်နေတဲ့အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ ပြည်သူ ပြည်သားများထံသို့ ရောက်ရှိနေပြီးတော့ သုံးစွဲနိုင်ပြီးဖြစ်ပါတယ်။
“မန္တလေးတိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ဖြန့်ဖြူး ပေးနိုင်ရေး အတွက် ၂၃၀ KV အထက်ရဲရွာ-ရွှေစာရံ ဓာတ်အားလိုင်းစီမံကိန်း ၂၃၀ KV မြင်းခြံ၊ မိတ္ထီလာ၊ တောင်တွင်းကြီး ဓာတ်အားလိုင်းစီမံကိန်း၊ ၅၀၀ KV မိတ္ထီလာ ဓာတ်အားခွဲစက်ရုံ စီမံကိန်း၊ ဒီးဒုတ်ရေ အားလျှပ်စစ်စီမံကိန်း (၆၀ မဂ္ဂါဝပ်) လုပ်ငန်းတွေကို လည်း ဆက်လက်ဆောင်ရွက်နေပါတယ်။
“အစိုးရတာဝန်ယူတဲ့အချိန်ကစပြီးတော့ နိုင်ငံတိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေး အတွက် အဓိကကျတဲ့ ကိစ္စနှစ်ခုဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားရရှိရေးပဲ ဖြစ်တယ်ဆိုတာ ကျွန်မတို့ သဘောပေါက်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လမ်းပန်း ဆက်သွယ်ရေးကောင်းလာပြီ၊ လျှပ်စစ်ဓာတ် အားရလာပြီဆိုရင် ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများရဲ့ဘ၀ မြန်မြန်ကြီးကို တိုးတက်တယ်ဆိုတာ ကျွန်မ တို့ သတိပြုမိပါတယ်။
“လျှပ်စစ်ဓာတ်အားရရှိတယ်ဆိုတာဟာ မီးခလုတ်လေးဖွင့်ရုံနဲ့ မီးလင်းရုံတင်မက ဘူး၊ မီးလင်း သွားခြင်းရဲ့ အကျိုးဆက်တွေကို ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားတွေ ခံစားရပါ တယ်။ အကျိုးဆက် တွေက အရိုးဆုံး၊ အရှင်းဆုံး ပြောရမယ်ဆိုရင် အိမ်အလိုက်၊ မိသားစုအလိုက် လျှပ်စစ် ဓာတ်အား မရတဲ့ အခြေအနေကနေပြီးတော့ ရတဲ့အခြေအနေကို ရောက်သွားရင် ကျောင်းသွားတဲ့ ကလေးတွေ စာကောင်းကောင်း ပိုပြီးတော့ ကျက်နိုင်တာ ကနေစပြီးတော့ မိဘတွေအနေနဲ့ အိမ်တွင်းမှာ လုပ်ငန်းကလေး တွေ လုပ်ချင်ရင်တောင်မှ လုပ်နိုင်တဲ့ အခြေအနေကို ရောက်သွားပါတယ်။ ဒါကြောင့်မို့ လျှပ်စစ်ဓာတ်အားရရှိရေးဟာ ကျွန်မတို့ရဲ့ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အများကြီးကောင်း တယ်လို့ ဆိုလိုပါတယ်။
“လျှပ်စစ်ဓာတ်အားရရှိရေးဆိုရင် အလင်းနဲ့ ပြည်သူတွေက ဆက်စပ်ပြီးတော့ စဉ်းစားပါတယ်။ အမှောင် ကိုခွင်းလို့ အလင်းကိုရောက်ပြီဆိုတဲ့ သဘော မျိုးပါ၊ ဒါပေမယ့် အမှောင်ကိုခွင်းလို့ အလင်းကို ရောက်ပြီဆိုတာ ကျွန်မတို့ ဟိုးအရင် တုန်းက စာပေဗိမာန်ရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ဒါဟာ ပညာ အလင်းကိုပေးခြင်းကို ဆိုလိုတာပါ။ ဒါကြောင့်မို့ ကျွန်မကတော့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သား တွေအားလုံးကို အသိပေးချင်တာကတော့ လျှပ်စစ်မီးရခြင်း ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာအရ၊ နည်းပညာ ပိုင်းဆိုင်ရာအရ ပြည်သူတွေကို အလင်းပေးခြင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့နိုင်ငံ တကယ့်ကို လင်းဖို့ဆိုရင် ပြည်သူတွေ ကိုယ်တိုင် ကြိုးစားရမှာပါ။ လျှပ်စစ်မီးရဲ့ လင်းနိုင်တဲ့အင်အားထက် ပိုပြီးတော့ ကြီးတာဟာ ပညာအလင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာအလင်းထက် ပိုပြီးတော့တောင် တန်ဖိုးရှိ တာဟာ မေတ္တာအလင်းပဲ ဖြစ်ပါတယ်။
“ဒါကြောင့်မို့ ကျွန်မတို့ရဲ့ နိုင်ငံသူ နိုင်ငံသားများဟာ ပညာကြိုးစားရမယ်၊ ပညာရှိ အောင် ဆောင်ရွက် ကြရမယ်၊ ပညာဆိုတာ အတန်းပညာကို ပြောနေတာ မဟုတ်ပါဘူး။ မှန်မှန်ကန်ကန် အခြေအနေ တစ်ခုကို ပ်ိုင်းခြားစိတ်ဖြာနိုင်တဲ့၊ အစွမ်းရှိတဲ့ ပညာ၊ ဒီလို ပိုင်းခြားစိတ်ဖြာပြီးတဲ့ အခါကျရင် ပိုမိုပြီးတော့ အခြေအနေတွေကောင်းမွန်အောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာကို စဉ်းစား ဆွေးနွေးပြီးတော့ တာဝန်ယူနိုင်တဲ့ ပညာ၊ အဲဒီလို အဆင့်ဆင့်ပညာတွေ ကျွန်မတို့မှာ လိုပါတယ်။
“ကျွန်မတို့နိုင်ငံဟာ ပြည်ထောင်စု ဖြစ်တယ်ဆိုတာ ကျွန်မ သတိပေးပါတယ်။ ပြည်ထောင်စု ဖြစ်တာ ကြောင့် ဒီနိုင်ငံမှာ ဘာပဲလုပ်လုပ် ကျွန်မတို့တစ်နိုင်ငံလုံးအတွက် မျှမျှတတ ဖြစ်ရဲ့လားဆိုတာ စဉ်းစား ပြီးမှ ကျွန်မတို့ကြိုးစားပြီးတော့ လုပ်ပါတယ်။ တစ်နေရာတည်းမှာ စီးပွားရေးအမြင်တစ်ခုနဲ့ပဲ ဒီနေရာမှာ တော့ လျှပ်စစ်မီးရရင် စီးပွားရေးက တိုးတက်မယ်။ မြန်မြန်ဆန်ဆန် ချမ်းသာမယ်ဆိုတဲ့ အမြင်တစ်ခုနဲ့ပဲ ကျွန်မတို့ ကြည့်လို့ မရပါဘူး။ ကျွန်မတို့ရဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေ ပိုပြီးတော့ ခိုင်မာရေးအတွက် ကျွန်မတို့မှာရှိတဲ့ ဓနအင်အားတွေ၊ နိုင်ငံတော်ရဲ့ဘဏ္ဍာနဲ့ ကျွန်မတို့နိုင်ငံမှာ ရင်းနှီး မြှုပ်နှံချင်တဲ့ ပြည်ပရော၊ ပြည်တွင်းက ပုဂ္ဂိုလ်တွေရောရဲ့ အင်အားတွေကို နိုင်ငံအတွက် ဖြစ်အောင် ဘယ်လိုသုံး မလဲလို့ စဉ်းစားတဲ့အခါမှာ ပြည်ထောင်စုဆိုတဲ့ အတွေးအခေါ်နဲ့ စဉ်းစားရပါတယ်။ ပြည်ထောင်စု တစ်ခုလုံးချမ်းသာ လာရုံတင်မက ပိုပြီးတော့ ညီညွတ် လာအောင်လို့ တစ်ယောက်နဲ့ တစ်ယောက် ကြားမှာ နားလည်မှုပိုပြီး ရှိလာအောင်လို့ ဦးတည်ပြီးတော့ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းတွေကို အကောင် အထည်ဖော်ရပါတယ်။
“ကျွန်မစောစောကပြောသလိုပဲ လျှပ်စစ်ဓာတ်အားပေးရေးကို စဉ်းစားတဲ့အခါကြရင် ပိုက်ဆံတွက် တစ်ခုတည်းနဲ့ မစဉ်းစားပါဘူး။ နိုင်ငံရဲ့ အနာဂတ်အတွက် ဘယ်လို အကျိုးပြုနိုင်မလဲဆိုတဲ့ အချက်တွေကို အဓိကထားပြီးတော့ စဉ်းစားပါတယ်။ ကျွန်မတို့ နိုင်ငံပိုပြီးတော့ လင်းလာအောင် ပြည်သူပြည်သားများ ကြိုးစားပေးကြပါလို့ ထပ်တ လဲလဲ မေတ္တာရပ်ခံခဲ့သလို ယခုလဲ ထပ်ပြီးမေတ္တာ ရပ်ခံချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ လွတ်လပ် ရေးရပြီးတဲ့ အချိန်ကနေစပြီးတော့ ပြည်တွင်းငြိမ်း ချမ်းရေး ၁၀၀ ရာခိုင်နှုန်းဆိုတာ မရခဲ့ပါဘူး။ တစ်ချိန်လုံး ဟိုနေရာမဟုတ် ဒီနေရာလာ ပြည်တွင်း ပဋိပက္ခမီးတွေက တောက်လောင်နေတာတွေ့ရပါတယ်။ လျှပ်စစ်ဓာတ် အားထက်ပိုပြီးတော့ အရေးကြီး တာက ကျွန်မတို့နိုင်ငံမှာ တောက်နေတဲ့အပူမီးတွေကို ဘယ်လိုငြိမ်း သွားအောင်လုပ်ပေး နိုင်မလဲဆိုတာ ပညာတွေထက် မေတ္တာတွေကို တိုးပွား အောင်လုပ်ဖို့ဖြစ်ပါတယ်။
“လျှပ်စစ် ဓာတ်အားပေးစက်ရုံတစ်ခု အသစ်ဖွင့်တိုင်းဖွင့်တိုင်း လျှပ်စစ် ဓာတ်အားပေးမှု လုပ်ငန်းတစ်ခု အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်တိုင်း ဖော်နိုင်တိုင်း ပြန်ပြီးတော့သုံးသပ်ပါတယ်။ လျှပ်စစ်ဓာတ် အားစက်ရုံတစ်ခုပိုပြီး တော့ရှိတဲ့ အတွက် ဘယ်လိုကျွန်မတို့ နိုင်ငံအတွက် အကျိုး ရှိနိုင်မလဲ စီးပွားရေးအရ ဘယ်လိုအကျိုး ရှိနိုင်မလဲ၊ လူမှုရေးအရ ဘယ်လိုအကျိုးရှိနိုင်မလဲ၊ နိုင်ငံရေး အရဘယ်လို အကျိုးရှ်ိနိုင်မလဲ ဆိုတာကို စဉ်းစားရပါတယ်။ နိုင်ငံရေးဆိုတာ ကျွန်မစောစောကပြောတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံတဲ့နိုင်ငံရေးဖြစ်ပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံတဲ့နိုင်ငံ ရေးကို အားလုံးတစ်ညီတစ်ညွတ်ထဲနဲ့ ထမ်းဆောင်မယ်ဆိုရင် ဒီနိုင်ငံဟာဘယ်လို အခက်အခဲတွေ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ဘဲ ရင်ဆိုင်ရရင်ဆိုင်ရ အမြန်တိုးတက်မယ်။ ခိုင်ခိုင်မာမာ အနာဂတ်အတွက်ထိန်းသိမ်း ထားနိုင်တဲ့ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဖြစ်တည်လာ နိုင်မယ်လို့ အဓိကယုံကြည်ပါတယ်။
“ဒါကြောင့် ပြည်သူကို အားကိုးတယ်။ ပြည်သူကို ယုံကြည်တယ်။ ပြည်သူကို အားကိုးပြီးတော့ ပြည်သူ ကို ယုံကြည်ပြီးတော့ နိုင်ငံရေးလုပ်ငန်းကို လုပ်ရပါတယ်။ ဒီမိုကရေစီ ဒီမိုကရေစီဆိုပြီးတော့ ပြောတဲ့အခါမှာ တချို့တွေက အခွင့်အရေးတွေကို ပဲဖိပြီးတော့ ပြောကြပါတယ်။ အခွင့်အရေးတွေကိုပဲ ဖိပြီးတော့ ပြောလို့မရပါဘူး။ တာဝန် ဝတ္တရားတွေကိုလဲ သိရမှာ ဖြစ်ပါတယ်။ လျှပ်စစ်ဓာတ် ရသွားပြီဆိုရင် လျှပ်စစ်ဓာတ်မီး ရခြင်းကြောင့် ပိုလာတဲ့အလင်းရောင်တွေကို အများအတွက် အကျိုးရှိအောင်လို့ သုံးပါလို့ ကျွန်မက မေတ္တာရပ်ခံချင်ပါတယ်။ ကျောင်းသူ ကျောင်းသားများဟာ အရင်တုံးက နဲ့ပိုပြီးတော့ စာဖတ်နိုင်တဲ့ အနေအထား၊ စာကျက်နိုင်တဲ့အနေအထားရှိ လာတဲ့အခါမှာ စာကျက်ခြင်းတွေ စာဖတ်ခြင်း တွေဟာ အများအတွက်ဖြစ်ပါစေလို့ တိုက်တွန်းချင်ပါတယ်။
“တစ်နိုင်ငံလုံးကို မကြာမီကာလအတွင်း ၁၀၀ ရာခိုင်နှုန်းရဖို့ ကျွန်မတို့ရဲ့ မျှော်လင့် ချက်တွေ စီမံကိန်းတွေအောင်မြင်တဲ့အခါမှာ ဒီနိုင်ငံဟာ တမူထူးခြားပြီး တိုးတက်တဲ့ နိုင်ငံတစ်ခုဖြစ်လာ စေချင် ပါတယ်။ ဘာဖြစ်လို့ တမူထူးတယ်လို့ ပြောချင်တာ လဲဆိုတော့ အခု ကမ္ဘာကြီးမှာဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုအင်မတန်မှ ဦးစားပေးပါတယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ တိုးတက် မှုကို ဦးစားပေးလို့ ဖြစ်ပေါ်လာတဲ့လူမှုရေးပြဿနာ တွေကိုလည်း ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ အခုထိအဖြေ မပေါ်သေး ပါဘူး။ ကျွန်မတို့နိုင်ငံ အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု ကစရုံပဲရှိသေးတဲ့အပေါ်မှာ တိုးတက်ဆဲနိုင်ငံ ဖွံ့ဖြိုးဆဲ နိုင်ငံ တစ်ခုဖြစ်တဲ့အချိန်ကစပြီးတော့ တကယ်ကို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ် တွေကို မွေးမြူဖို့ကလိုပါတယ်။ အဲဒီလို ဖွံ့ဖြိုးတိုးတက်တဲ့ စိတ်ဓာတ်တွေသာ ကျွန်မတို့မှာ ရှိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိနေတဲ့ နိုင်ငံတွေထက် ပိုပြီးတော့ ကျွန်မတို့ရဲ့ ပြည်သူ ပြည်သားများဟာ အဖိုးတန်တဲ့ လူသားတွေကို အကျိုးပြုနိုင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာမှာပါ။ အခု လျှပ်စစ်ဓာတ်အားပေးရုံ တစ်ခုပိုပြီးတော့ များလာခြင်း ကြောင့် ကျွန်မတို့နိုင်ငံကြီး ငြိမ်းချမ်းဖို့အခွင့်အရေးတွေ ဖွံဖြိုးတိုးတက် လာပါစေ။ပြည်သူ ပြည်သူ များဟာ ပြည်ထောင်စုကြီးတင်မက ကမ္ဘာကြီးကို အကျိုးပြုနိုင်တဲ့ လူသား များဖြစ် လာနိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့ရင်းနဲ့ နိဂုံးချုပ်ပါ တယ်” ဟု ပြောကြားသည်။
ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဓာတ်အားပေးစက်ရုံ ဆောင်ရွက်ခဲ့မှု၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မန္တလေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားရရှိမှု အခြေအနေနှင့် ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်းမှရရှိသော အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် ဓာတ်အားပေးစက်ရုံ တည်ဆောက်ခဲ့မှု ဗွီဒီယိုရုပ်သံမှတ်တမ်းကို ပြသပြီး ဓာတ်အားပေး စက်ရုံတည် ဆောက်ပေးမှုအတွက် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးဝင်းလှိုင်က ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က စက်ရုံအတွက်အင်ဂျင်များ သယ်ယူရန် ပံ့ပိုးကူညီပေး ခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးသိန်းအောင်အား ဂုဏ်ပြုမှတ်တမ်းလွှာကိုလည်းကောင်း၊ ဓာတ်အားပေး စက်ရုံတည်ဆောက်ခဲ့ကြသည့် Powergen Kyaukse Co.,Ltdမှ ဥက္ကဋ္ဌ ဦးမောင်ကျေး နှင့်တာဝန်ရှိသူများအား ဂုဏ်ပြုသစ်သီးခြင်းကိုလည်းကောင်း ပေးအပ် သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ Powergen Kyaukse Co., Ltd ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ မှတ်တမ်း တင်ဓာတ်ပုံရိုက်သည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ စဉ့်ကိုင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကြည်မို့မို့လွင် ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်အုန်းကြည်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်လင်းနှင့် Powergen Kyaukse Co.,Ltd ဒါရိုက်တာ ဦးအောင်လှိုင်ဦးတို့က ဓာတ်အားပေးစက်ရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် တိုင်းဒေသဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့က စက်ရုံမှ ထုတ်လုပ်သည့် လျှပ်စစ် ဓာတ်အား ၁၄၅ ဒဿမ ၄၉ မဂ္ဂါဝပ်ကို မဟာဓာတ်အား လိုင်းပေါ်သို့ ပို့လွှတ်နိုင်ရန် စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ယခုဖွင့်လှစ်သည့် ဓာတ်အားပေးစက်ရုံသည် ပုဂ္ဂလိကပိုင်ကဏ္ဍ BOO စနစ်ဖြင့် ၅ နှစ်တာ ဓာတ်အား ထုတ်လုပ်ခြင်းဆောင်ရွက်မည့် ဓာတ်ငွေ့အင်ဂျင်သုံး ဓာတ်အားပေး စက်ရုံဖြစ်ပြီး ပြည်တွင်းထွက် သဘာဝဓာတ်ငွေ့ဖြစ်သည့် ရွှေကမ်းလွန် သဘာဝ ဓာတ်ငွေ့ကုဗပေသန်း(၃၀)ကို အသုံးပြုကာ ဓာတ်အား ၁၄၅ မဂ္ဂါဝပ်ကို ရေတို(၅)နှစ်တာ ကာလအတွက် ဓာတ်အားထုတ်လုပ်မည်ဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးအောင် တည်ဆောက်ရေး ကာလ (၁၁) လခန့်သာ အချိန်ယူတည်ဆောက်ခဲ့ကြောင်း၊ ဓာတ်အားပေး စက်ရုံမှ ထုတ်လုပ်သည့် ၁၄၅ မဂ္ဂါဝပ်ဓာတ်အားကို ဘဲလင်း ၂၃၀ ကေဗွီ ဓာတ်အား ခွဲရုံနှင့် ချိတ်ဆက်ပြီး ၁၃၂ ကေဗွီ အောင်ပင်လယ်-တံခွန်တိုင် ဓာတ်အားလိုင်းဖြင့် မန္တလေးမြို့သို့ ၉၀ မဂ္ဂါဝပ် ပမာဏ ကိုလည်းကောင်း၊ ကျန်ရှိသည့် ၅၅ မဂ္ဂါဝပ်ကို ၃၃ ကေဗွီ ဓာတ်အားလိုင်းဖြင့် စဉ့်ကိုင်နှင့် ကျောက်ဆည်မြို့တို့ သို့လည်းကောင်း ပို့လွှတ်ပေး လျက်ရှိပြီး ၎င်းဓာတ်အားများဖြင့် နိုင်ငံတော်ဓာတ်အား စနစ်မှတဆင့် လိုအပ် သော နေရာများသို့ ဖြန့်ဝေပေး သွားမည်ဖြစ်သည်။
ယခုအစိုးရသစ်တက်ပြီးနောက်ပိုင်း မန္တလေးတိုင်းဒေသကြီးအတွင်း သဘာဝ ဓာတ်ငွေ့အသုံးပြု၍ ဓာတ်အားထုတ်လုပ်မှုအနေဖြင့် Sembcorp ကုမ္ပဏီ၏မြင်းခြံ သဘာဝဓာတ်ငွေ့ဖြင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံ မှ (၂၂၅) မဂ္ဂါဝပ်နှင့် VPower ကုမ္ပဏီ၏ မြင်းခြံ Gas Engine ဓာတ်အား ပေးစက်ရုံမှ (၉၀) မဂ္ဂါဝပ်၊ ၂၀၁၆ ခုနှစ် မေလတွင် စတင်လည်ပတ်ခဲ့သည့် V Power ကုမ္ပဏီ၏ မြင်းခြံ ဓာတ်အားပေးစက်ရုံမှ (၆၅) မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးလျက်ရှိပြီး ရေအားလျှပ်စစ်စက်ရုံများအနေဖြင့် ရဲရွာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ (၇၉၀)မဂ္ဂါဝပ်၊ ကင်းတားရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံမှ (၅၆)မဂ္ဂါဝပ်၊ ဆည်တော်ကြီး ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ (၂၅) မဂ္ဂါဝပ် စုစုပေါင်း(၈၇၁)မဂ္ဂါဝပ်ကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သဘာဝအရင်း အမြစ်များကို အခြေခံ၍ နိုင်ငံတော်ဓာတ်အားစနစ်တွင် စုစုပေါင်း(၁၃၉၆)မဂ္ဂါဝပ် ဓာတ်အားထုတ်လုပ်ပေးလျက်ရှိပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများထံသို့ ရောက်ရှိပြီး သုံးစွဲ နေပြီ ဖြစ်ကြောင်း သိရသည်။
ယခုအစိုးရလက်ထက် ၃ နှစ်တာကာလအတွင်း မြို့ပေါင်း ၆၈ မြို့၊ ရွာပေါင်း ၅၁၉၁ ရွာအား ၂၄ နာရီ မီးသုံးစွဲနိုင်အောင် ပိုမိုတိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ၂၀၁၆ ခုနှစ်တွင် မီးသုံးစွဲသူ ၃၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ယခုအခါ ၄၄ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး အနေဖြင့် မြို့နယ်(၃၀)၊ ကျေးရွာပေါင်း (၃၆၃၂)၊ အိမ်ထောင်စုပေါင်း(၇၈၇၄၃၃) လျှပ်စစ် ဓာတ်အားရရှိလျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ပြည်သူများသို့ နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားလုံလောက်စွာနှင့် ပိုမိုပြည့်ဝစွာ ဖြန့်ဖြူးပေး နိုင်ရေး ဓာတ်အား မရရှိ မသုံးစွဲနိုင်သေးသော ပြည်သူများ ဓာတ်အားရရှိ သုံးစွဲနိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများ တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၇၇ သန်း အနက် ၄၄ ရာခိုင်နှုန်း ခန့်မှာ ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး ယခုနှစ် ၂၀၁၉ ခုနှစ် နှစ်ကုန်တွင် ၅၀ ရာခိုင်နှုန်းအထိ လျှပ်စစ်မီးတိုး တက်ရရှိရန် ရည်မှန်းဆောင်ရွက်နေကြောင်း၊ ၂၀၂၁ ခုနှစ် တွင် ၅၅ ရာခိုင်နှုန်း၊ ၂၀၂၆ ခုနှစ်တွင် ၇၅ ရာခိုင်နှုန်းအထက်နှင့် ၂၀၃၀ ပြည်နှစ်တွင် ၁၀၀ ရာခိုင်နှုန်းအပြည့်အဝ ဖြန့်ဖြူးပေးနိုင်ရေးအတွက် ရည်မှန်းထားကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောက်ဆည်မြို့ ညောင်ပင် သောက်ကျေးရွာရှိ အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တမုတ် ရှင်ပင်ရွှေဂူဘုရားသို့ရောက်ရှိပြီး ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူ ပူဇော်ကာ အလှူငွေများပေး အပ်လှူဒါန်းသည်။
သမိုင်းဝင်တမုတ် ရှင်ပင်ရွှေဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြောင်ပန်းကုန်း၊ ညောင်ပင်ဇောက်၊ ငယ်တိုးကျေးရွာအနီးတွင် တည်ရှိပြီး အနော်ရထာ မင်းလက်ထက်တွင် လယ်တွင်း ၁၁ ခရိုင် မြို့များတွင် ရွှေဂူစေတီ ၉ ဆူကို တည်ထားခဲ့ရာ တမုတ်ရှင်ပင်ရွှေဂူကြီးစေတီတော်မှာ တစ်ဆူအပါအဝင် ဖြစ်ကြောင်း၊ နရပတေ့ စည်သူမင်း လက်ထက်တွင် ယိုယွင်းနေသော မူလစေတီတော် အထွဋ်တင် တစ်ထပ်ဂူ ဘုရားငယ်ကို ကွမ်းတောင်ပေါက် နှစ်ထပ်ဂူဘုရားအဖြစ် ပြုပြင်ပြောင်းလဲခဲ့ကြောင်း။
ပင်းယခေတ် ဥစ္စနာမင်းလက်ထက်တွင် စေတီတော်၊ သိမ်တော်၊ ဆင်းတုတော်တို့ကို ထပ်မံလွှမ်းခြုံ၍ စေတီတော်အသစ် တည်ထားခဲ့ကြောင်း၊ သက္ကရာဇ် ၇၁၈ ခုနှစ်တွင် ပင်းယဘုရင် ဆင်ဖြူရှင် ကျော်စွာမင်း တမုတ်ရွှေဂူဘုရားသို့ ကြွရောက်လာပြီး ဘုရားမြေ များနှင့် အမှုအလုပ်ကျွန်များကို လှူဒါန်းခဲ့ကြောင်း၊ ပင်းယခေတ်နောက်ပိုင်း ခေတ်အဆက်ဆက်တွင် ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းနှင့် သဘာဝဘေးဒဏ်များကြောင့် ပြိုကျပျက်စီး၍ ဘုရားကုန်းတော် တစ်ခုလုံး တောခြုံများ ဖုံးလွှမ်းခဲ့ကြောင်း။
၁၉၁၅ ခုနှစ်တွင် ကြောင်ပန်းကုန်းကျေးရွာနေ ဦးစံထွားက ပြိုကျပျက်စီးနေသော ဘုရားကုန်းတော်ကြီး ၏ ထိပ်တွင် ဥာဏ်တော် ၂၁ ပေရှိ ၉ တောင်ပြည့် စေတီတစ်ဆူကို အသစ်ထပ်မံ တည်ဆောက်ခဲ့ ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ဆရာတော် ဘန္တန္ဒစန္ဒောဘာသ သတင်းသုံးနေထိုင်ပြီး ဘုရားကုန်းတော်၏ မြောက်ဘက်ခြမ်းကို ရှင်းလင်းရာမှ မူလ စေတီတော်၏ မြောက်ဘက်မုခ်ကို တွေ့ရှိခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်တွင် ဆရာတော်၏ ဦးဆောင်မှုဖြင့် ဒေသခံရွာသားများက ဆက်လက်ရှင်းလင်းရာ မူလစေတီတော် ပန္နက်၊ ပစ္စယာ၊ လှေကားခုံတို့ကို ထပ်မံတွေ့ရှိခဲ့သဖြင့် ပြုပြင်ခွင့်ကို ယဉ်ကျေးမှုဝန်ကြီးဌာနသို့ တောင်းခံခဲ့ရာ ၂၀၀၈ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးမူမပျက် ပြန်လည်ပြင်ဆင် ခွင့်ပြုခဲ့ ကြောင်း၊ ၂၀၀၉ ခုနှစ်တွင် အင်္ဂတေပန်းတော့ အနုစိတ် လက်ရာများဖြင့် တန်ဆာ ဆင်ထားသော မြောက်ဘက်မျက်နှာလှည့် နှစ်ထပ် စေတီတော်ကြီး ထပ်မံပေါ်ထွက်ခဲ့ ကြောင်း၊ စေတီတော်ကြီး၏ အတွင်းအပြင်တွင် ပုဂံခေတ် အင်္ဂတေပန်းတော့ ရုပ်ကြွ လက်ရာဒီဇိုင်းများ၊ နံရံဆေးရေးပန်းချီများ၊ ဇာတ်တော်နံပါတ်စဉ်များနှင့် ဇာတ်တော် အမည် ရေးထိုးထားသော ငါးရာ့ငါးဆယ် သရုပ်ဖော် ဖောင်းကြွရုပ်ပုံများ၊ ရုပ်ပွားတော်များနှင့် စေတီတော် လေးမျက်နှာရှိ မုခ်ဦးတံကဲကနုက်ပန်းများ ထွက်ပေါ်လာကြောင်း ၊ တမုတ် ရွှေဂူကြီးဘုရားသည် ပုဂံခေတ်၊ ပင်းယခေတ် ဗိသုကာလက်ရာများ ရှေးမူလက်ရာမပျက် ကျန်ရှိနေခြင်းကြောင့် တန်ဖိုးမြင့် မားသောစေတီတော်ကြီး တစ်ဆူဖြစ်ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကျောက်ဆည်မြို့မှ ရဟတ်ယာဉ် များဖြင့် ထွက်ခွာခဲ့ပြီး မြို့ကြီးရေလှောင်တမံသို့ ရောက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူနှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် စက်လှေဖြင့် တမံအတွင်း ရေသိုလှောင် ထားရှိမှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုကို လိုက်လံကြည့်ရှုသည်။ ထိုသို့ လိုက်လံကြည့်ရှုစဉ် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူနှင့် ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့် လှိုင်တို့က မြို့ကြီး ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေ ဖြန့်ဝေပေးနေမှု စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မော်တော်ယာဉ်များဖြင့် တမံပတ် လမ်းအတိုင်း တမံ တည်ဆောက်ထားမှု အခြေအနေနှင့် ရေယူ အဆောက်အဦအား လိုက်လံကြည့်ရှုရာ ပြည်ထောင် စုဝန်ကြီးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေပေးဝေနေမှု၊ ရေသိုလှောင် ထားရှိမှုနှင့် တမံအခြေ အနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြို့ကြီးရေအားလျှပ်စစ်ဓာတ် အားပေးစက်ရုံအား ကြည့်ရှုသည်။
မြို့ကြီးရေလှောင်တမံ တည်ဆောက်နိုင်ခြင်းကြောင့် ဇော်ဂျီရေ လှောင်တမံမှ ထုတ်လွှတ်လိုက်သော ရေများနှင့် ရေလှောင်တမံ နှစ်ခုအကြား စီးဆင်းလာသည့် ရေများကို စုပေါင်းသိုလှောင်၍ လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် (၃၀) ထုတ်လုပ်နိုင်ပြီး ကျောက်ဆည်ခရိုင် အတွင်းရှိ ဇော်ဂျီဆည် ရေသောက် ဧက (၈၂၀၀၀) ကို ရေပေးဝေနိုင်ခဲ့သည့်အပြင် မိတ္ထီလာလွင်ပြင်ရှိ ဧက (၃၃၀၀၀) ကိုလည်း စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ဇော်ဂျီရေလှောင်တမံ အထက်ပိုင်းတွင် တည်ဆောက်ဆဲ ကျိုင်းခမ်း ရေလှောင်တမံပြီးစီးပါက စီးဆင်းလာမည့် ရေ ၁၁ ဒသမ ၅ သိန်းဧကပေကို ထိန်းချုပ်နိုင်ပြီး ဇော်ဂျီရေသောက်စနစ်အတွက် ရေပမာဏ(၇)သိန်းနှင့် ကင်းတားလက်ယာမြောင်း၏ ပြောင်းပြာငလိုင်းဇင်ရေသောက်ဧရိယာအတွက် ရေပမာဏ ၄ဒသမ၅သိန်းကိုလည်း ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံတွင် (၁၅) မဂ္ဂါဝပ် စက်၂ လုံး တပ်ဆင်ထားကာ တစ်နှစ်လျှင် ယူနစ်သန်းပေါင်း ၁၃၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်အဖွဲ့သည် ရဟတ်ယာဉ်များဖြင့် ရွာငံ (ပင်းတယ)၊ တီကျစ်၊ ပင်လောင်း၊ ပေါင်းလောင်းဒေသများ၏ သဘာဝပတ်ဝန်းကျင် အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ထွက်ခွာခဲ့ရာ ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
(သတင်းစဉ်)
