ကဆုန်လပြည့်နေ့ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်း လောင်းသူများဖြင့် မန္တလေးမြို့တွင် အထူးစည်ကား
ကဆုန်လပြည့်နေ့ ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်း လောင်းသူများဖြင့် မန္တလေးမြို့တွင် အထူးစည်ကား
Ministry of Information/ Mandalay / May 18, 2019
မန္တလေး မေ ၁၈
ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာ ရှိသော ဘာသာရေး နေ့ထူးနေ့မြတ် နေ့ဖြစ်သဖြင့် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူ ပူဇော်ပွဲများနှင့် ပရိဘောဂ စေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပ၍ မန္တလေးမြို့မှ ဆွမ်းလောင်းအသင်းများနှင့် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များကို ဆွမ်း၊ ဆွမ်းဟင်းများ၊ ချိုချဉ်ခဲဖွယ်ဘောဇင်များ လောင်းလှူ ကုသိုလ်ပြုသူများဖြင့် စည်ကားလျှက်ရှိသည်။
ယနေ့ နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင် တော်မြတ်အား ရေတော်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဥက္ကဋ္ဌ အရှင်သူမြတ်အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရဟန်းရှင် လူပြည်သူများ ဓမ္မစင်္ကြာဝတ် အသင်းများ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူ ပူဇော်ခြင်း၊ မျက်နှာသစ်တော်အတွက်နံ့သာ သွေးလူဒါန်းသူများအပြင် အလှူငွေလှုဒါန်း ခြင်းခုနှစ်နေ့နံဘုရားများတွင် ရေ သပ္ပါယ်ခြင်း၊ သီတင်းသီလ ဆောက်တည်ကြခြင်း များဖြင့် စည်ကားလျှက်ရှိသည်။ ယနေ့ နံနက်၈နာရီတွင် မဟာမုနိ ပရိဝုဏ် အတွင်း အင်္ဂါထောင့်ရှိ ပရိဘောဂစေတီ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူ ဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ရေတော်ဆရာတော်အမှူးပြု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အဖွဲ့ဝင်များ ဋ္ဌာနဆိုင်ရာများ ဘာသာရေး အသင်း အဖွဲ့များ ဘုရားဖူး လာပြည်သူများသည် အစီစဉ်အတိုင်း ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ မန္တလေး တောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားဂေါပကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ညနေပ်ိုင်း၌ ညောင်ရေ သွန်းပွဲတော်ကိုစည်ကား သိုက်မြိုက်စွာ ကျင်းပရာ ဘုရားဖူးလာ ပြည်သူများ ဒေသခံပြည်သူများက ညောင်ရေ သွန်းလောင်းသူများအား စတုဒီသာမုန့် အအေးတို့ဖြင့်ကျွေးမွေးကုသိုလ်ပြုကြသည်။
ချမ်းမြသာစည်မြို့နယ် ဒက္ခိဏရာမ ဘုရားကြီးတိုက်ရှိ ဦးပွားဆုတောင်းပြည့် စေတီတော်၊ ရွှေကျီးမြင်၊ ဘုရားနီ ဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ ဝါခင်း ကုန်းဘုရား၊ဂေါပကအဖွဲ့များကကြီးမှူး၍ ဆဌမ အကြိမ် ကဆုန် ညောင်ရေသွန်းပွဲတော် ကျင်းပရာ၌ လည်းမဟာသကျသီဟမြတ်စွာဘုရား ပုရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပြီးစတုဒီသာ ကျွေးမွေးခြင်းနှင့် ဧည့်ပရိတ် သတ်များအား ပဥ္စသိင်္ခ တေးဂီတ၊ မန္တလေးပန်းကြေးမုံတေးဂီတအဖွဲ့တို့က ဖျော်ဖြေဧည့်ခံခြင်း၊ ချမ်းသာရ ဆုတောင်းပြည့်ဘုရား ''နန်းမြို့ ဆုတောင်းပြည့် ဘုရားတို့အပြင် မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ သီပေါမင်းတရားကြီး တည်ထား ကိုးကွယ် တော်မူခဲ့သော အရှေ့ပြင်လုံးဆိုင်ရာ အောင်တော်မူမြတ်စွာဘုရားတွင်နံနက်ပိုင်းထက် ညနေပိုင်းတွင် ဘုရားဖူး လာသူများ ညောင်ရေသွန်းလောင်းသူများ ပိုမိုတိုးမပေါက်အောင် အထူးများပြား ကာနှစ်စဉ် အလှူရှင် များ ကလည်းစတုဒီသာ ကြာဆံဟင်းရေသန့် အချိုရည်များဖြင့် ဧည့်ခံကြသည်။
မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင်တည်ရှိသော မင်းတုန်းမင်း တရား ကြီးစိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင် တို့တွင် ၁၅၉ ကြိမ်မြောက် ညောင်ရေသွန်း လောင်းလှူပွဲကြီးကို စတုဒိသာကျွေးမွေး လှူဒါန်း ခြင်း များဖြင့် စည်ကားစွာဆင်နွဲ ကျင်းပ လျက်ရှိရာ အဆိုပါဗောဓိပင်ဘုရားဂေါပကအဖွဲ့နှင့် စေတနာရှင် သူတော် စင်အပေါင်း တို့က နံနက်ပိုင်းတွင် သံဃာတော် အပါး ၆၀ ကျော် တို့အား ဆွမ်း၊ ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး စေတနာရှင် အလှူရှင်များက နံနက်၇နာရီမှ ၉နာရီအတွင်းမဟာဗောဓိပင် ကျောင်းတိုက် ဆွမ်းစားကျောင်း ဆောင်သို့ ဆွမ်း၊ ဆွမ်းဟင်းများပေးပို့လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။
မဟာဗောဓိပင်ဘုရား မြောက်ဘက်ရှိခြင်းရုံတွင်နံနက်၁၁နာရီမှ ညနေ ၆ နာရီ အထိမြို့ပေါ်မှ ခြင်းအသင်း ၁၂ သင်း တို့ကလည်း ခြင်းအလှခတ်ဖြင့် ဘုရားဖူးလာ ညောင်ရေသွန်းပွဲတော်လာများအား ဧည့်ခံပြီးညနေ၃နာရီမှ ညနေ ၆ နာရီအထိ ဘုရား အရှေ့မုခ် တွင်မြို့မ အပျော်တန်းတူရိယာအသင်းမှ ဧည့်ခံဖျော်လျက်ရှိကာ စတုဒီသာ အလှူရှင် ဂုဏ်မြင့်သူပိုးထည်တိုက် မိသားစုတို့မှလည်း ဘုရားအနောက်မုခ်တွင် ဘုရားဖူးလာ ပြည်သူများအား ကြာဆံဟင်းချက်နှင့်သာကူယိုတို့ဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ပြုလျက်ရှိသည်။
အလားတူ မန္တလေးတောင်ဂေါပကအဖွဲ့ကကြီးမှူး၍ မြို့တည်နန်းတည် မင်းတုန်း မင်းတရားကြီး စိုက်ပျိုး တော်မူခဲ့သည့် မန္တလေးတောင်ခြေရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်း လောင်းပူဇော်ပွဲကျင်းပ၍ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ပွဲတော် လာဘုရားဖူးလာ ပြည်သူများကိုလည်း အအေးစတုဒိသာ တိုက်ကျွေး ဧည့်ခံလျက်ရှိ သည်။ ကဆုန်လပြည့် မွန်းလွဲပိုင်း၌ မန္တလေးမြို့ အနောက်ခင်မကန်တိုက်ရှိ ဂိလာန ပါလဆန်ပြုတ်အလှူတော်အဖွဲ့မှ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ ဗဟို အမျိုးသမီးဆေးရုံ၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ၊ အရိုးအထူးကုဆေးရုံ၊ ခုတင် ၃၀၀ ဆံ့ ဆေးရုံများသို့ လူနာ၊ လူနာစောင့်တို့အတွက် ညနေစာ ထမင်းဟင်းအစုံ၊ ဂျုံယို၊ ဆန်ပြုတ်၊ သောက်ရေသန့်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများကို သွားရောက် လှူဒါန်း ကုသိုလ်ပြုကြသည်။
မန္တလေးအမရပူရမြို့နယ် စွယ်တော်မြတ်စေတီတော် (မန္တလေး ) ပရိဝုဏ် အတွင်းရှိ ၂၀၁၁ ခုနှစ်က စိုက်ပျိုး ထားသည့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ လှူဒါန်းသော မဟာဗောဓိညောင်ပင်အား ညောင်ရေ သွန်းလောင်း ပူဇော် ကြသူများဖြင့် အထူးစည်ကားလှကြောင်း တွေ့ရှိရသည်။ ညနေ ၅ နာရီခွဲ ၌ မန္တလေးမြို့ ကျုံးပတ်လည် ထောင့်နေရာအသီးသီးတွင်ဆရာတော်သံဃာတော်များမှ အန္တရာယ် ကင်းကမ္မဝါများ ရွှတ်ပွားချီးမြှင့်ကြရာကြည်ညိုနာယူပူဇော်ကြသူများဖြင့် အထူးစည်ကား ကာ မန္တလေးမြို့ အနှံ့နံနက် အရုဏ် တက်ချိန်မှစ၍ ညတိုင်အောင် ဘုရားစေတီ ပရဝုဏ် အတွင်းရှိ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်း ပူဇော်ကြသူများ ဘုရားဖူး လာသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိရာ ဘာသာရေး သာသနာရေး လူမူရေး အသင်းအဖွဲ့များ အလှူရှင်ပြည်သူများကလည်း စတုဒီသာကြာဇံဟင်း ရွှေရင်အေး အချိုရေမျိုးစုံ သောက်ရေသန့်တို့ဖြင့် ဧည့်ခံတိုက်ကျွေးမွေးလှူဒါန်းလျက်ရှိကာ ကုသိုလ် ကောင်းမှုပြုကြသူများဖြင့် အထူး စည်ကားလျက်ရှိပြီး ကဆုန်ညောင် ရေသွန်းလောင်း ပူဇော်ပွဲများကို မိမိတို့နေရာဒေသအလိုက် စည်ကား သိုက်မြိုက်စွာ ကျင်းပလျှက်ရှိ ကြောင်း တွေ့ရသည်။
တင်မောင်(မန်းကိုယ်ပွား)
