အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ရိုးရာ ယဉ်ကျေးမှု အကများ တင်ဆက်ကပြမည်
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်) ၌ ရိုးရာ ယဉ်ကျေးမှု အကများ တင်ဆက်ကပြမည်
Ministry of Information/ နေပြည်တော် / May 20, 2019

နေပြည်တော် မေ ၁၉
အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) သို့ လာရောက်ကြည့်ရှု လေ့လာကြမည့် အများပြည်သူများ ကြည်နူး ပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန်အတွက် မေ ၂၅ ရက် (စနေနေ့) နံနက် ၁၀ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ အမျိုးသားအထိမ်း အမှတ် ဥယျာဉ် (နေပြည်တော်) ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ယိမ်းအကများ၊ ပဒေသာယိမ်းအကများ၊ အာဆီယံနိုင်ငံများမှ အကများ၊ အငြိမ့်တို့ဖြင့် ဖျော်ဖြေတင်ဆက်မည် ဖြစ်သဖြင့် မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်း ရရှိသည်။
အမျိုးသား အထိမ်းအမှတ် ဥယျာဉ် (နေပြည်တော်) ကို ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပကတိအချိုးအစားကို ရယူ၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီပုထိုးများ၊ အထိမ်းအမှတ် အဆောက်အအုံများ၊ ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသား သွေးချင်းများ၏ ရိုးရာ နေအိမ်များ၊ ဓလေ့ထုံးစံဝတ်စား ဆင်ယင်မှုများ၊ ရိုးရာအစားအစာများဖြင့် စိတ်ဝင်စား ဖွယ်ဖြစ်စေရန် တည်ဆောက် ပြသထားလျက်ရှိသည်။
သတင်းစဉ်