၂၀၁၉ ခုနှစ် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းပြီးမြောက်ခြင်း ဂုဏ်ပြုပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / May 21, 2019
image_latest


နေပြည်တော် မေ ၂၀

၂၀၁၉ ခုနှစ် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် အခြေခံစာတတ်မြောက်ရေး လုပ်ငန်း ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြင်းခြံဒီဂရီကောလိပ် ဘက်စုံခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြင်းခြံမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ၊ ကျောင်းသူ လေးများက ပန်းများဝေစီပွင့်ဖူးသည် သီချင်းဖြင့် သီဆိုဂုဏ်ပြု၍ အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က အမှာစကား ပြောကြားသည်။

ယင်းနောက် အခြေခံစာတတ် မြောက်ရေးလုပ်ငန်း ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားသည်။

ဆက်လက်၍ မြင်းခြံမြို့နယ် မဲဆန္ဒနယ်မြေအမှတ်(၂)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်အေးက ဂုဏ်ပြုစကားပြောကြားသည်။

ထို့နောက် စာတတ်မြောက်ရေး လုပ်ငန်းလှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုအား ပြသသည်။

ယင်းနောက် ကျောင်းပြင်ပနှင် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက မန္တလေးတိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ကြီးကြပ် လမ်းညွှန်ပေးခဲ့သော တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပူးပေါင်းဆောင်ရွက်ခဲ့သော မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ မြင်းခြံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြင်းခြံဒီဂရီကောလိပ်၊ အစိုးရနည်းပညာ ကောလိပ်(မြင်းခြံ)နှင့် မြင်းခြံခရိုင် ပညာရေးမှူးရုံးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

ယင်းနောက် လွှတ်တော်ကိုယ်စား လှယ်များက မြင်းခြံခရိုင် အခြေခံစာတတ် မြောက်ရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အားပေး ဆောင်ရွက်ခဲ့ကြသည့် မြင်းခြံဒီဂရီကောလိပ်နှင့် အစိုးရနည်းပညာ ကောလိပ် (မြင်းခြံ)တို့မှ စေတနာလုပ်အားပေး နည်းပြကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သည်။

ဆက်လက်၍ မြင်းခြံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အခြေခံစာတတ် မြောက်ရေးလုပ်ငန်းတွင် သင်ယူပြီးမြောက်ခဲ့ကြသည့် လေးမြို့နယ်မှ စာသင်သား များအား သင်ယူပြီးမြောက်ကြောင်း လက်မှတ်များပေးအပ်သည်။

ဆက်လက်၍ အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းတွင် တက်ရောက်သင်ကြားခဲ့ သည့် စာသင်သား များကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်ဝမ်းမြောက် စကား ပြောကြားသည်။

ထို့နောက် အခြေခံစာ တတ်မြောက်ရေးလုပ်ငန်းတွင် စေတနာလုပ်အားပေး နည်းပြအဖြစ် ပါဝင်ဆောင်ရွက် ခဲ့သူများကိုယ်စား နည်းပြကျောင်းသား ကျောင်းသူများက စာတတ်မြောက်ရေး လုပ်ငန်းအတွေ့အကြုံများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြင်းခြံဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်က အခမ်းအနားတွင် ဂုဏ်ပြုဖျော်ဖြေသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုများ ရိုက်ကူးကြသည်။

အလားတူ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်တို့တွင်လည်း အခြေခံစာတတ် မြောက်ရေးလုပ်ငန်း ပြီးမြောက်ခြင်း ဂုဏ်ပြုပွဲ အခမ်းအနားများကို ကျင်းပခဲ့ကြသည်။

အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ မိတ္ထီလာခရိုင်တို့တွင် ရက်ပေါင်း ၄၀ ကြာ ကျင်းပဆောင်ရွက်ခဲ့ရာ စေတနာရှင် လုပ်အားပေး နည်းပြကျောင်းသား ကျောင်းသူ ၁၅၀၀ က စာသင်သား ၇၄၉၈ ဦးအား အခြေခံ မြန်မာစာအရေး၊ အဖတ်နှင့် သင်္ချာအတွက်များ သင်ကြားပေး ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်