မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုကို မဆုလာဘ်ထာ ဆွတ်ခူး


Ministry of Information/ ရန်ကုန် / May 28, 2019
image_latest


ရန်ကုန် မေ ၂၆

အဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ နောက်ဆုံး အဆင့်ပြိုင်ပွဲကိုရန်ကုန် မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်း အမျိုးသားဇာတ်ရုံ၌ မေ ၂၄ ရက် ညနေ ၃ နာရီမှ ည ၈ နာရီ အထိ ကျင်းပခဲ့သည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဗုဒဝံသဝိဿရဒဘွဲ့ရ ကျောင်းသား ကျောင်းသူ ၂၆ ဦးအား အုပ်စုနှစ်စုခွဲ၍ ယှဉ်ပြိုင်စေခဲ့သည်။ အုပ်စု(A)မှ ၁၃ ဦး အနက် ရမှတ်အများဆုံးရရှိသူ သုံးဦး၊ အုပ်စု(B)မှ ၁၃ ဦး အနက် ရမှတ်အများ ဆုံးရရှိသူ သုံးဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ခြောက်ဦးသည် ဗုဒ္ဓဝံသ ဗဟုသုတဘွဲ့အတွက် နောက်ဆုံးအဆင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးစာဖြေဌာနမှ ကျောင်းသူ မဆုလာဘ်ထာက ရမှတ်အများဆုံးဖြင့် ပထမ ရရှိပြီး ဗုဒ္ဓဝံသဗဟုသုတဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ သုတစုံလင်ဗုဒ္ဓဝင်ပြိုင်ပွဲ ပထမဆုရှင် မဆုလာဘ်ထာသည် ဆုတော်ငွေကျပ် ၁၄ သိန်း၊ ၁၅ ရက်ကြာ ဗုဒ္ဓဂယာအခမဲ့ဘုရားဖူး ခရီးစဉ်ဆုများ ရရှိခဲ့သည်။ ထို့အပြင် ပြိုင်ပွဲ၏ ဒိုင်ဆရာတော် တစ်ပါးဖြစ်သည့် မနာပဒါယီ အရှင်ဝိစိတ္တ (ကိုရီးယား) ဆရာတော်က အထူးဆုအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်ပြီးချိန်မှ တက္ကသိုလ်ကျောင်း ပြီးသည်အထိ လစဉ် ပညာသင်ထောက်ပံ့မှု “မနာပဒါယီပညာသင်ဆု” ကိုပါ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗုဒ္ဓဖြစ်တော်စဉ် (မဟာဗုဒ္ဓဝင်)ကို ရဟန်း/ ရှင်/လူပြည်သူအများ ပိုမိုကျယ်ပြန့်စွာ သိရှိနိုင်ကြရန်၊ ဗုဒ္ဓ ဘာသာဝင် မျိုးဆက်သစ်လူငယ်များ စာရိတ္တမြင့်မား၍ မြန်မာ့ယဉ်ကျေးမှုနှင့် မြတ်ဗုဒ္ဓသာသနာတော် ဆိုင်ရာ အသိပညာများ တိုးတက်မြင့်မားလာစေရန်၊ ဘာသာတရားကို ကိုးကွယ်သည့်အဆင့်မှ ကျင့်သုံးလိုက်နာသည့် အဆင့်အထိ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံလုံးဆိုင်ရာသုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုးမိုး(မင်္ဂလာတောင်ညွန့်)