ပုဂံဒေသ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခွင့်ရပါက နိုင်ငံဂုဏ်မြင့်မားလာပြီး ခရီးသွားလုပ်ငန်းလည်း မြင့်တက် လာနိုင်မည်ဖြစ်


Ministry of Information/ ရန်ကုန် / May 28, 2019
image_latest


ရန်ကုန် မေ ၂၆

ပုဂံဒေသ UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ခွင့်ရပါက နိုင်ငံဂုဏ် မြင့်မားလာပြီး ခရီးသွားလုပ် ငန်းလည်း မြင့်တက်လာနိုင်မည် ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ဒုတိယòန်ကြားရေး မှူးချုပ် ဦးသိန်းလွင်က ပြောသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်များရုံး၌ ယနေ့ ညနေ ၃ နာရီ တွင် မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်းမှ ကြီးမှူးကျင်းပသည့် ပုဂံဒေသကို မြန်မာ့ အမွေအနှစ်မှ UNESCO ကမ္ဘာ့အမွေ အနှစ်စာရင်း (၂၀၁၉) ဝင်ရောက်ရေး ကြိုဆိုပွဲနှင့် ပုဂံဒေသဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ထိုသို့ပြောကြားခြင်း ဖြစ်သည်။

အလုပ်အကိုင်ရ

“ပုဂံဟာ မြန်မာ့အမွေအနှစ်ကနေ ကမ္ဘာ့အမွေအနှစ်ကို တက်လှမ်းသွားနိုင် ပြီဆိုရင် နိုင်ငံရဲ့ယဉ်ကျေးမှုမျက်နှာစာ မြင့်တက်သွားမယ်။ ပြည်ပခရီးသွား ဧည့်သည်တွေက အဓိက ပုဂံကိုလာကြတယ်။ အဓိက ခရီးသွားလုပ်ငန်းမြင့်တက်လာမယ်။ ခရီးသွားလုပ်ငန်းမြင့် တက်လာတာနဲ့အမျှ ဒေသခံပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာမယ်။ ခရီးသွားလုပ်ငန်းနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေလည်း တိုးတက်လာမယ်” ဟု ဦးသိန်းလွင်က ပြောကြားသည်။

ပုဂံဒေသကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန် ၁၉၉၆ ခုနှစ် ကတည်းက တင်သွင်းခဲ့သော် လည်းသတ်မှတ်ထားသည့် အချက်အလက်များ ပြည့်စုံမှုမရှိသည့်အတွက် တင်သွင်းခွင့် မရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ အမွေအနှစ်တင်သွင်းရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနက လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သတ်မှတ်ထားသည့် အချက်အလက်အပြည့်အစုံဖြင့် ပြန်လည်တင်သွင်းနိုင်ခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ သိရ သည်။

အဇာဘိုင်ဂျန် ညီလာခံတွင် ဆုံးဖြတ်မည်

ပုဂံဒေသကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခွင့်ရ မရကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် အဇာ ဘိုင်ဂျန်တွင် ကျင်းပမည့် (၄၃) ကြိမ်မြောက် UNESCO ညီလာခံတွင် ဆုံးဖြတ်သွား မည်ဖြစ်ကြောင်း ယနေ့ အခမ်းအနားမှ သိရသည်။

အမွေအနှစ်ထိန်းသိမ်းရေးပညာရှင် ဒေါ်ဥမ္မာမျိုးက “၂၀၁၃ ခုနှစ်က စပြီး ပုဂံဒေသ ကမ္ဘာ့အမွေ အနှစ်ဝင်ရေးမှာ လိုအပ်တဲ့ စီမံခန့်ခွဲရေးစနစ်တစ်ရပဖော်ဆောင်နိုင်ဖို့ ပြည်တွင်း၊ပြည်ပက ပညာရှင် တွေနဲ့ဝိုင်းဝန်းပြီးဆောင်ရွက် နေပါတယ်။ ပုဂံဒေသရဲ့ ထူးခြားထင်ရှားတဲ ယဉ်ကျေးမှုတန်ဖိုးတွေ၊ ဗိသုကာပညာ တန်ဖိုးတွေနဲ့ ဒီလောက်နေရာတစ်နေရာ တည်းမှာ အမွေအနှစ်ပေါင်း သုံးထောင်ကျော် လေးထောင်နီးပါးလောက် တစ်စုတစ်ဝေးတည်းတည်ရှိနေတဲ့အချက်တွေ ကြောင့် ပုဂံက ကမ္ဘာ့အမွေ အနှစ်ဝင်ဖို့ အလားအလာအတော်ကို ကောင်းနေပါ တယ်” ဟု ပြောသည်။

ကမ္ဘာ့ရဲ့ အမြင့်ဆုံး စောင့်ရှောက်မှုရမယ်
ဆက်လက်၍ ၎င်းက “ပုဂံဒေသက ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားရင် ကမ္ဘာ့ရဲ့ အမြင့်ဆုံး ကာကွယ် စောင့်ရှောက် ထိန်းသိမ်းမှုကိုရမယ်။ ဥပမာပြောရမယ်ဆိုရင် နိုင်ငံတကာ စစ်ပွဲဖြစ်ရင်တောင်မှ ဒီလိုကမ္ဘာ့အမွေအနှစ်ဒေသတွေမှာ စစ်ဖြစ်ခွင့်မရှိဘူးဆိုတော့ အဲဒီလောက်ထိ ကာကွယ်ပေး ထားတယ်။ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်း တဲ့နေရာမှာလည်း နိုင်ငံတကာစံနှုန်း တွေနဲ့ အညီစနစ်တကျ ထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့အတွက် နည်းပညာအကူ အညီတွေလည်းရနိုင် တယ်။ နိုင်ငံတကာ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေက လည်း ပုဂံဒေသနဲ့ ပတ်သက်ပြီးတော့ သုတေသနတွေ ပိုပြီးလုပ်လို့ရတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်တွင် ပျူမြို့ဟောင်းသုံးခု ရရှိခဲ့ကြောင်း၊ ပုဂံဒေသကို UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခွင့်ရသွား ပါက ၂၀၂၀ ပြည့်နှစ်တွင် မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်ရန် တင်သွင်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ယနေ့ကျင်းပသည့် ပုဂံဒေသကို မြန်မာ့အမွေအနှစ်မှ UNESCO ကမ္ဘာ့အမွေအနှစ်စာရင်း (၂၀၁၉) ဝင်ရောက်ရေး ကြိုဆိုပွဲနှင့် ပုဂံဒေသ ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဆွေးနွေးပွဲတွင် စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင် Mr. Kai Weise၊ အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုး၊ ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊ နှလုံးသားထဲကပုဂံအဖွဲ့မှ ဦးမျိုးဆွေသန်းနှင့် မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာအသင်းမှ အတွင်းရေးမှူး ဦးသူရအောင်တို့ က ပုဂံ ဒေသနှင့်ပတ်သက်ပြီး အသီးသီးဆွေးနွေး သွားကြောင်း သိရသည်။

သတင်း-မင်းသစ်၊ သန့်ဇင်ဝင်း
ဓာတ်ပုံ-ဖိုးသန့်