“အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်လုပ်ငန်း ဖြေလျော့မှု စမ်းသပ်စီမံကိန်း စတင်ခြင်း”အခမ်းအနားကျင်းပခြင်း


Ministry of Immigration & Population/ နေပြည်တော် / May 30, 2019


မန္တလေးမြို့ မေလ ၂၉ရက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ နှင့် ILO – VZF တို့ပူးပေါင်း၍ အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းဖြေလျော့မှု စမ်းသပ်စီမံကိန်းစတင်ခြင်း အခမ်းအနားကို ၂၀၁၉ခုနှစ်၊ မေလ ၂၉ရက်နေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ချမ်းအေးသာဇံမြို့နယ်၊ ၇၈လမ်းနှင့် ၃၄ လမ်းထောင့်၊ Yadanabon Supercenter (၄) လွှာရှိ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) အစည်းအဝေးခန်းမ၌ ကျင်းပပါသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်အလုပ်သမားရေးရာဝန်ကြီး ဉီးမျိုးသစ်၊ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှင့်တိုင်းဒေသကြီးလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဉီးမောင်မောင်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့မှMs. Mariana Infante Villarroel နှင့် ကိုယ်စားလှယ်များ၊ အလုပ်ရှင်အဖွဲ့အစည်းနှင့် အလုပ်သမားအဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီးအခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီး ဦးမျိုးသစ်မှ အမှာ စကားပြောကြားရာတွင် အပြည်ပြည်ဆိုင်ရာပြဋ္ဌာန်းချက်များဖြစ် သည့် Universal Declaration of Human Right (UDHR) (၁၉၄၈ ခုနှစ်) နှင့် The International Covenant on Economic, Social and Culture Rights (ICESCR) (၁၉၆၆ ခုနှစ်) တို့၌ လုပ်ငန်းခွင်ထိခိုက်မှု အကာအကွယ်ပေးရေး ဆိုင်ရာ အခွင့်အရေးများကို ပြဋ္ဌာန်းထားရှိပြီး ယင်းအခွင့်အရေးများရရှိရန်အတွက် နိုင်ငံတကာ၌ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားပူးပေါင်း၍ ဘေးကင်းပြီး ကျန်းမာရေးနှင့်ပြည့်စုံသည့် လုပ်ငန်းခွင် အခြေအနေ ဖန်တီးပေးခြင်း၊ ကြိုတင်ကာကွယ်ခြင်း၊ ကုသပေးခြင်းနှင့် လုပ်ငန်းခွင်ရောဂါများ ထိန်းချုပ်ကာကွယ်ခြင်းအပြင်လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိသည့် အလုပ်သမားနှင့်ယင်း၏မိသားစု ဝင်များအားသင့်တော်သည့်အကျိုးခံစားခွင့်များပေးခြင်းတို့ကို ဥပဒေပြဋ္ဌာန်းခြင်း၊ မူဝါဒနှင့်လုပ်ငန်း စဉ်များချမှတ်ခြင်းတို့ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမှာ ဖြစ်ပါကြောင်း၊
မန္တလေးတိုင်းဒေသကြီးတွင်အလုပ်လုပ်ကိုင်နေကြသည့်အလုပ်သမားများနေထိုင်သွားလာမှု အဆင်ပြေစေရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပိုမို ပြည့်စုံ ကောင်းမွန်စေရေး၊လုပ်ငန်းခွင်တည်ငြိမ်ရေး၊ အလုပ်ရှင်၊ အလုပ်သမားဆက်ဆံမှုကောင်းမွန်စေရေး၊ အငြင်းပွားမှုများပေါ်ပေါက်လာလျှင် အလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းဆောင် ရွက်ပေးရေး တို့ကို မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာန၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
လူမှုဖူလုံရေးအဖွဲ့အနေနှင့်လည်း ငွေကြေးအကျိုးခံစားခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန် ILO ၏ နည်းပညာအကူအညီရယူပြီး ပြုပြင် ပြောင်းလဲမှုများဆောင်ရွက်ရာတွင်စီမံခန့်ခွဲမှုကဏ္ဍပြုပြင်ပြောင်းလဲခြင်း(Administrative Reform) နှင့်ပတ်သက်ပြီးအလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်လျှောက်ထားရာမှာဆောင်ရွက်ရသည့်လုပ်ငန်း စဉ်များကိုဖြေလျှော့ပြီး ယခုကဲ့သို့ပြည်ကြီးတံခွန်မြို့နယ်မှာ စမ်းသပ်စီမံကိန်းစတင်ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးအနေဖြင့် လိုအပ်ချက်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးမည် ဖြစ်ပါကြောင်း၊ အလုပ်သမားများ၏ အကျိုးခံစားခွင့်များကို ထိရောက်မြန်ဆန်စွာပေးနိုင် ပါကလူမှုဖူလုံရေးစီမံကိန်းကို အလုပ်ရှင်၊အလုပ်သမားများပိုမိုယုံကြည်အားကိုးလာမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပြီးနောက် ILO မှSenior Technical Officer, ILO-VZF –Ms. Mariana Infante Villarroel အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ ဆက်လက်ပြောကြားရာတွင် လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံ အလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် မကျန်းမာမှု၊မီးဖွားမှု၊သေဆုံးမှုနှင့် အလုပ်တွင် ထိခိုက်ဒဏ်ရာရမှုတို့ကြောင့် လုပ်ခ၀င်ငွေလျော့နည်းခြင်း၊ ရပ်စဲခြင်းများဖြစ်ပေါ်သည့် အခါ အလုပ်သမားနှင့် ၎င်းအပေါ်မှီခိုနေသောမိသားစုဝင်တို့အား ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြု ထုတ်ပေးခြင်းဖြင့်စီးပွားရေး၊လူမှုရေးဒုက္ခများခံစားရခြင်းမှကာကွယ်ပေးရန်ဖြစ်ပါကြောင်း၊
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ကထုတ်ပြန်ထားသည့်နောက်ဆုံးခန့်မှန်း ခြေစာရင်းအရ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသည် လူသားများ၏ အခွင့် အရေးပင်ဖြစ်ပြီးလုပ်ငန်းခွင်မတော်တဆဖြစ်မှုနှင့် လုပ်ငန်းခွင်နှင့်သက်ဆိုင်သည့်ရောဂါများကြောင့် နှစ်စဉ်အလုပ်သမား၂.၇၈သန်းတို့သေဆုံးကြရကြောင်း၊ ယင်းအနက်မှ၂.၄သန်းခန့်သည်လုပ်ငန်းခွင် နှင့် သက်ဆိုင်သည့်ရောဂါများကြောင့်သေဆုံးရခြင်းဖြစ်သည်ဟု သိရှိရပါကြောင်း။
မြန်မာနိုင်ငံအနေနှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်ကျန်းမာရေးဆိုင်ရာ ဥပဒေ ကို ၁၅-၃-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နည်းဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရန် အတွက် ဆွေးနွေး ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးသည် အလုပ်သမားအားလုံးအတွက် အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းခွင်တွင်မတော်တဆထိခိုက်မှုများတွေ့ကြုံရလာပါက မိမိတို့လူမှုဖူလုံရေးဥပဒေနှင့် အကျုံး ဝင်သည့်အလုပ်သမားများသည် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်သို့ ထည့်ဝင်ကြေးပေးသွင်းထားရုံဖြင့် ဆေးကုသမှုခံယူခွင့်၊ ယာယီမသန်စွမ်းမှုအကျိုးခံစားခွင့်၊ အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်နှင့် အလုပ်ကိုအကြောင်းပြု၍ သေဆုံးမှုကြောင့် ကျန်ရစ်သူအကျိုးခံစားခွင့်တို့အား ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီခံစားရမှာဖြစ်ပါကြောင်း။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အလုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်လုပ်ငန်းစဉ်ဖြေ လျှော့မှု စမ်းသပ်စီမံကိန်းကို နိုင်ငံတကာမှ ကျွမ်းကျင်သူပညာရှင်များနှင့်ပူးပေါင်းပြီး လေ့လာဆန်း စစ်မှုများပြုလုပ်၍ စမ်းသပ်စီမံကိန်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ဒီဇင်ဘာလအထိ ရန်ကုန် တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်နှင့်မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်တို့မှာ စမ်းသပ် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ စမ်းသပ်စီမံကိန်းအောင်မြင်စေရန် အလုပ်ရှင်၊ အလုပ်သမားများ အပြင်သက်ဆိုင်ရာမြို့နယ်ရှိ ဝန်ထမ်းများအနေနှင့်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့တိုက်တွန်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး တက်ရောက်လာကြသူများနှင့် ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ အခမ်းအနားတွင် Senior Technical Officer – Ms. Mariana Infante Villarroel က EII Pilot Project ဒီဇိုင်းရေးဆွဲခြင်း နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက EII Pilot Project ဖြေလျော့မှုလုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ၎င်းနောက်တက်ရောက်လာ သူများမှ သိရှိလိုသည်များအား မေးမြန်းရာ လူမှုဖူလုံရေးအဖွဲ့တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီးအခမ်းအနားကိုမွန်းလွဲ၁၂:၃၀အချိန်တွင်ပြီးစီးပါကြောင်းသိရှိရပါသည်။