အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အား စနစ် မီးလင်းရေး လုပ်ငန်းဖွင့်ပွဲကျင်းပ
အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အား စနစ် မီးလင်းရေး လုပ်ငန်းဖွင့်ပွဲကျင်းပ
Ministry of Information/ မကွေး / June 01, 2019

နေပြည်တော် ဇွန် ၁
အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း၊ ဆိုလာအသေးစားဓာတ်အားစနစ် မီးလင်းရေး လုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်း မြို့နယ်အရှေ့ကုန်း ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာအောင်သူက နိုင်ငံ၏ကျေးလက်နေ လူဦးရေ (၄၃.၆%) ခန့်သာ လျှပ်စစ်မီးသုံးစွဲနိုင်သေးတဲ့ အတွက် ကျန်(၅၀%)ကျော် ကျေးလက်နေ ပြည်သူများဟာလျှပ်စစ်မီးရရှိဖို့ အထူးမျှော်လင့်တောင့်တ လျက်ရှိကြကြောင်း၊ လျှပ်စစ် ဓာတ်အားရရှိမှုသည် ကဏ္ဍပေါင်းစုံဖွံ့ဖြိုး တိုးတက်ရေး အတွက် အဓိကကျသည့် အခန်းကဏ္ဍ က ပါဝင်လျက်ရှိရာ မြို့ပြကျေးလက်အားလုံး လွှမ်းခြုံ အသုံးပြု နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက လျှပ်စစ်ဓာတ်အားရရှိရေးကို ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်လျက်ရှိပြီး မဟာဓာတ်အားလိုင်းနှင့် အလှမ်းကွာဝေးသည့် ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း၊ မဟာဓာတ်အားလိုင်း ပြင်ပစနစ်ကို(၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ စီမံကိန်းတွင် အဓိကပါဝင်ကြသည့်ဌာန၊ ကုမ္ပဏီနှင့် ဒေသခံပြည်သူများက မိမိတို့ကျရာ အခန်းကဏ္ဍက ညီညွတ်စွာဆောင် ရွက်ကြခြင်းဖြင့် စီမံကိန်း၏ မျှော်မှန်းချက်အောင်မြင်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်း ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို နှင့်မန္တလေးတိုင်း ဒေသကြီးဝန်ကြီး ဒေါက်တာစိုးသန်းတို့က အမှာစကားပြောကြားကြသည်။
ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာဆောင်ရွက်နေမှုများကို လည်းကောင်း၊ Mega Global Green ကုမ္ပဏီမှတာဝန်ရှိသူကစီမံကိန်း လုပ်ငန်းဆိုင်ရာများကိုလည်းကောင်း ရှင်းလင်း တင်ပြပြီး ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌက ကျေးရွာကိုယ်စား ကျေးဇူးတင် စကားပြောကြား သည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အမြဲတမ်းအတွင်းဝန်တို့က အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာ အသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်းဖွင့်ပွဲ မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌတို့က စက်ရုံအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြသည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများ သည် ဓါတ်အားပေးစက်ရုံနှင့်ကျေးရွာအတွင်း လျှပ်စစ်မီးအသုံးပြု၍ အသေးစား စက်မှုလက်မှုလုပ်ငန်း ဆောင်ရွက် နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
မဟာဓာတ်အားလိုင်းပြင်ပစနစ်ကို (၂၀၁၆-၂၀၁၇) ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ အဆိုပါစီမံကိန်းအရ (၂၀၁၆−၂၀၁၇) ဘဏ္ဍာရေးနှစ်မှ (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ် အထိ၊ နှစ်နှစ် တာကာလအတွင်း တစ်အိမ်သုံးဆိုလာစနစ်ဖြင့် ကျေးရွာပေါင်း(၄၀၇၄) ရွာ၊အိမ်ထောင်စု (၂၃၀၀၀၀) ခန့်နှင့် အများပြည်သူပိုင်အဆောက်အဦး(၃၀၀၀၀) ကျော်တို့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်သည်။
အလားတူအသေးစားဓာတ်အား စနစ်အနေဖြင့်လည်း ကျေးရွာပေါင်း(၄၅) ရွာ၊ စီမံကိန်းလုပ်ငန်းပေါင်း (၃၄) ခုကို ကမ္ဘာ့ဘဏ်အဖွဲ့ (World Bank)၊ ဂျာမနီပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(GIZ) တို့၏ နည်းပညာအကူ အညီများ ရ ယူ၍ဆောင်ရွက်ပေးနိုင်ခဲ့သည်။
NEP စီမံကိန်းအနေဖြင့် ယခု၂၀၁၈−၂၀၁၉ဘဏ္ဍာရေးနှစ်တွင် အသေးစားဓာတ်အား စနစ်ဖြင့် ကျေးရွာပေါင်း (၁၀၀) ၊ တစ်အိမ်သုံးဆိုလာစနစ်ဖြင့်ကျေးရွာ ပေါင်း(၂၀၀၀) ကျော်၊အိမ်ထောင်စု ပေါင်း(၁) သိန်းကျော် အတွက်ကျေး လက်မီးလင်းရေး ဆောင်ရွက်သွားရန် လျာထားပြီး ယခုအခါရှေ့ပြေး တပ်ဆင်ရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။
၂၀၁၈−၂၀၁၉ ဘဏ္ဍာရေးနှစ်ဆောင်ရွက်ပြီးစီးလျှင် မဟာဓာတ်အားလိုင်းပြင်ပ ဧရိယာ၏(၂၅.၆) ရာခိုင်နှုန်းခန့်အထိ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
ယနေ့ဖွင့်လှစ်သော အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ်မီး လင်းရေးလုပ်ငန်း သည် စည်ပင်ရွာမ၊ စည်ပင်ရွာသစ်နှင့် စည်ပင်တပ်ပိုး ကျေးရွာ များ၌ (၈၀) ကီလိုဝပ် အရန်ဒီဇယ် အင်ဂျင် စနစ်ပါဝင်သော (၇၅) ကီလိုဝပ်ဆိုလာအသေးစားဓာတ်အားစနစ်လုပ်ငန်းကို ကျေးရွာ-ကုမ္ပဏီ နှေင့်ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဘတ်ဂျက်တို့ဖြင့်ငွေကျပ်(၇၂၆) သန်းကျော်ကုန်ကျခံ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းမှစည်ပင် ကျေးရွာ (၃) ရွာရှိအိမ်ခြေပေါင်း(၃၀၀) ကျော်နှင့် အသေးစားကုန် ထုတ်လုပ်ငန်းပေါင်း (၁၃၀)ကျော်တို့ကို အကျိုးပြုပေးနိုင် မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)