ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ငါးဆူတောင် - ကြာအင်း - ကမ်းနီ - ဖောင်ကြီးလမ်းပေါ်ရှိ ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ငါးဆူတောင် - ကြာအင်း - ကမ်းနီ - ဖောင်ကြီးလမ်းပေါ်ရှိ ငမိုးရိပ်ချောင်းကူးတံတား တည်ဆောက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Ministry of Information/ နေပြည်တော် / June 02, 2019

နေပြည်တော် ဇွန် ၂
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ငါးဆူတောင် - ကြာအင်း - ကမ်းနီ - ဖောင်ကြီးကျေးလက်လမ်းပေါ်ရှိ အရှည် ပေ (၁၇၀) ရှိ ငမိုးရိပ်ချောင်းကူး တံတား တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်တွင် စီမံကိန်းတာဝန်ရှိသူက တံတားဘိုးပိုင်လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်ပြည်သူများ သွားလာရေး လွယ်ကူအဆင်ပြေရေး တံတားလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အချိန်မီ ပြီးစီးအောင် အလေးထားဆောင်ရွက်ရန်၊ တံတားအောက်ရေလမ်းကြောင်း ရှင်းလင်းပေးရန် တာဝန်ရှိသူများအား မှာကြားပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်း (ရန်ကုန် - နေပြည်တော်အပိုင်း) ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ မိုင်တိုင်အမှတ် (၁၄၅/၀ နှင့် ၁၄၅/၃) အကြားတွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၉) မှ အရှည်ပေ (၉၉၀) ခပေါင်းချောင်းတံတားအား ကမ်းပြိုကာကွယ်ခြင်းနှင့် တံတားအထက် အောက်ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်ထားမှုနှင့် တံတားကြီးကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်အမှတ် (၁၆၅/၁ နှင့် ၁၆၅ / ၃) အကြားတွင် သဘာဝဘေးဒဏ်ကြောင့် နိမ့်ကျသွားသော အရှည်ပေ (၈၁၀) ရှိ ဆွာချောင်းတံတားအား တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၃) မှ ပြန်လည်ပြုပြင် ပြီးစီး၍ မော်တော်ယာဉ်များ မေ ၅ ရက်မှစ၍ ဖြတ်သန်းခွင့်ပေးထားသည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယခုအခါ ဆွာချောင်းတံတား ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ အသွား/အပြန် တံတားပေါ်မှ ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ လိုရာခရီးကို အချိန်တိုအတွင်း သွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)