မကွေးဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ လေ့လာသင်ကြားနိုင်ရန် သက်မဲ့ခန္ဓာ အလှူရှင်များ လိုအပ်နေ
မကွေးဆေးတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ လေ့လာသင်ကြားနိုင်ရန် သက်မဲ့ခန္ဓာ အလှူရှင်များ လိုအပ်နေ
Ministry of Information/ နေပြည်တော် / June 03, 2019
မကွေး ဇွန် ၂
၂၀၁၂ ခုနှစ်မှ ၂၀၁၉ ခုနှစ် မေ ၃၀ ရက်အထိ မကွေး ဆေးတက္ကသိုလ်သို့ သက်မဲ့ခန္ဓာ လှူဒါန်းရန် စာရင်းပေးထားသူ ၃၀၅ ဦးအထိရှိသည့်အပြင် ယခုနောက်ပိုင်းတွင် လူသိများလာ၍ လှူဒါန်းမှု များလာသော်လည်း လိုအပ်ချက်များရှိနေသည့်အတွက် သဒ္ဓါတရားထက်သန်သူများအား သက်မဲ့ခန္ဓာ လှူဒါန်းရန် ဖိတ်ခေါ်လိုကြောင်း ဆေးတက္ကသိုလ် (မကွေး) ခန္ဓာဗေဒဌာနမှ ကထိက ဒေါက်တာ ဥမ္မာလှိုင်က ပြောကြားသည်။
''ကျွန်မတို့ မန္တလေး ဆေးကျောင်းတက်တုန်းကတော့ ကျောင်းသား ၁၀ ယောက်ကို ခန္ဓာကိုယ်တစ်ခု လေ့လာခွင့်ရတယ်၊ အခု မကွေးဆေးတက္ကသိုလ်မှာတော့ အုပ်စု (၈) စုခွဲပြီးတော့ ကျောင်းသား ၃၅ ဦးပါဝင်တဲ့ အုပ်စုတစ်ခုကိုမှ ခန္ဓာကိုယ်တစ်ခုပဲ လေ့လာခွင့်ရပါတယ်။ လိုအပ်ချက်တွေ ရှိနေ သေးတာပေါ့။ ဒီနှစ်မှာ ပညာသင်ကြားနေတာက ကျောင်းသား ကျောင်းသူ ၂၈၆ ဦးရှိပါတယ်''ဟု ၎င်းက ဆက်ပြောသည်။
ရောဂါဝေဒနာ ခံစားနေရသူများအား သက်သာပျောက်ကင်းအောင် ကုသရန် ထူးချွန်သော ဆရာဝန်များ ပေါ်ထွက်လာရန်လိုအပ်ပြီး ယင်းသို့ပေါ်ထွက်လာစေရန် ဆေးပညာ သင်ကြားနေသူများ လေ့လာနိုင်မည့် သက်မဲ့ခန္ဓာ အလှူရှင်များ လိုအပ်နေကြောင်း၊ လှူဒါန်းသည့်ခန္ဓာကိုယ် များလေ၊ လေ့လာခွင့် ပိုရလေဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ဆေးတက္ကသိုလ် ဒုတိယနှစ်တွင် ရောဂါမရှိဘဲ သေဆုံးသူများ၏ ခန္ဓာကိုယ်များကို လေ့လာကြရပြီး တတိယနှစ်တွင် ရောဂါဖြင့်သေဆုံး သည့် ခန္ဓာကိုယ်များကို ဆေးရုံများ၌ လေ့လာကြရကြောင်း သိရသည်။
''မိမိရဲ့ခန္ဓာနဲ့ အများပြည်သူ အကျိုးဖြစ်ထွန်းအောင်၊ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ တွေရဲ့ လေ့လာမှုမှာလည်း အထောက်အကူဖြစ်နိုင်အောင် လာရောက်လှူဒါန်းတာဖြစ်ပါတယ်။ လှူလိုက်ရတဲ့အတွက် ကုသိုလ်ရမယ်ထင်တယ်။ ပီတိလည်းဖြစ်မိပါတယ်။ ခန္ဓာကိုယ်ကြီးက သေရင်မြေကြီးထဲ ရောက်ရင်ရောက်မယ်။ အုတ်ဂူထဲလား၊ မီးသင်္ဂြိုဟ်စက်ထဲလား ရောက်ချင် ရောက်မယ်။ သက်မဲ့ခန္ဓာကိုယ်ကို လှူလိုက်တော့ ဆေးပညာအတွက် အထောက်အပံ့ဖြစ်ပြီး ဆရာဝန်တွေရဲ့ ကုသရေး အပိုင်းမှာလည်း အကျိုးရှိနိုင်တာကြောင့် လှူဒါန်းကြစေချင်ပါတယ်'' ဟု သက်မဲ့ခန္ဓာကိုယ် ကြိုတင်အလှူရှင် တစ်ဦးဖြစ်သူ ဦးကျော်စွာဝင်း (DVB သတင်းထောက်) က တိုက်တွန်း ပြောကြားသည်။
မကွေးဆေးတက္ကသိုလ်၌ ၂၀၁၂ ခုနှစ်မှစတင်၍ သက်မဲ့ခန္ဓာ လှူဒါန်းမှုများကို လက်ခံခဲ့ရာ ၂၀၁၂ ခုနှစ်တွင် လေးဦး၊ ၂၀၁၃ ခုနှစ်တွင် လေးဦး၊ ၂၀၁၄ ခုနှစ်တွင် ခုနစ်ဦး၊ ၂၀၁၅ ခုနှစ်တွင် ၁၂ ဦး ၊ ၂၀၁၆ ခုနှစ်တွင် ၂၂ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၃၂ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၅၁ ဦးနှင့် ယခုနှစ်တွင် မေ ၃၀ ရက်အထိ ၇၃ ဦး စာရင်းရရှိထားကြောင်း သိရသည်။
''ကျွန်မတို့ အတွေ့အကြုံအရတော့ လာလှူတဲ့သူတွေအနေနဲ့ သူတို့ရဲ့ခန္ဓာကိုယ်ကို စွန့်ပစ်လှူဒါန်း ရတာကို ကြည်နူးပီတိဖြစ်ကြတာ တွေ့ရပါတယ်။ ကျွန်မတို့ကျောင်းမှာလည်း ဝိညာဉ်မဲ့မြတ်ဆရာ ပူဇော်ပွဲတွေလုပ်ခဲ့တာ သုံးကြိမ်ပြီးမြောက်သွားပါပြီ။ ဒီလိုပူဇော် ပွဲတွေမှာလည်း အလှူရှင်တွေရဲ့ မိသားစုတွေကို ဖိတ်ပြီး ပန်းခွေချကန်တော့တာတွေ၊ အမှတ်တရစကား ပြောခွင့်တွေရှိတာကြောင့် ကျန်ရစ်သူတွေမှာလည်း ပီတိတွေ ဖြစ်ကြရပါတယ်''ဟု ဒေါက်တာဥမ္မာလှိုင်က ပြောသည်။
သက်မဲ့ခန္ဓာ လှူဒါန်းထားသူများ၏ မိသားစုဝင်များ အနေဖြင့်လည်း အလှူရှင်သေဆုံးပြီး ခြောက်နာရီ အတွင်း ဆေးသွင်းရန်အမီ ကြည်ကြည်ဖြူဖြူ ဆက်သွယ်လှူဒါန်းမှုများ ပြုလုပ်ကြကြောင်း၊ သွားလေသူ၏ဆန္ဒနှင့် အလှူဒါနကို ပြည့်မြောက်စေရန် မိသားစုများက ပါဝင်ကြသည့်အတွက် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ကြိုတင်လှူဒါန်းလိုသူများအနေဖြင့် ဆေးတက္ကသိုလ် (မကွေး) သို့ ကိုယ်တိုင်လာရောက် လှူဒါန်း နိုင်ကြပြီး ပတ်စ်ပို့ဓာတ်ပုံ သုံးပုံ၊ မှတ်ပုံတင်မိတ္တူ တစ်စောင်၊ ဆွေမျိုးနီးစပ် အသိ သက်သေ လက်မှတ်တို့ လိုအပ်ကြောင်း၊ နေမကောင်း အဆင်မပြေ၍ ကိုယ်တိုင် မလာနိုင်ပါကလည်း အိမ်တိုင် ရာရောက် အချက်အလက်များ ရယူပေးကြောင်း၊ လှူဒါန်းရာ တွင် ကင်ဆာရောဂါ၊ ဖောရောင်ရောဂါ တို့ကြောင့် သေဆုံးသူများ၊ အသက် ၁၈ နှစ်အောက်နှင့် အသက်ကြီးလွန်းပြီး ပိန်ချုံးခြောက်ကပ်၍ သေဆုံးသူများ၊ ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရ၍ ပေါက်ပြဲစုတ်ပြတ် သေဆုံးသူများနှင့် ကူးစက်ရောဂါ အမျိုးမျိုးကြောင့် သေဆုံးသူများ၏ ခန္ဓာကိုယ်များကို လက်ခံ၍ရမည်မဟုတ်ကြောင်း၊ မသေဆုံးမီ ကတည်းက ကြိုတင်လှူဒါန်းထားသူများနှင့် ကြိုတင်လှူဒါန်းမှု မပြုခဲ့သော်လည်း လက်ခံ၍ရသော ခန္ဓာကိုယ်များကိုမူ လှူဒါန်းနိုင်ကြောင်း သိရသည်။
လှူဒါန်းမှုများနှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မကွေးဆေးတက္ကသိုလ် ခန္ဓာဗေဒဌာန ပါမောက္ခ သစ္စာအေးမောင်သန်း ဖုန်း- ၀၉-၅၀၃၉၀၂၇၊ ဒေါက်တာမို့မို့လွင် (ကထိက) ဖုန်း- ၀၉ - ၂၅၆၁၅၁၅၁၅၊ ဒေါက်တာဥမ္မာလှိုင် (ကထိက) ဖုန်း- ၀၉ - ၇၈၁၃၈၅၉၂၉ နှင့် ဒေါက်တာ သီရိနွယ် (လက်ထောက်ကထိက) ဖုန်း - ၀၉ - ၅၃၄၃၀၃၀ တို့ထံ ဆက်သွယ်၍ စုံစမ်းမေးမြန်း နိုင်ကြောင်း သိရသည်။
ဇေယျတု(မကွေး)
