၁၃ နှစ်ကြာ ခရီးသည်တင်လေယာဉ်မဆင်းသည့် မကွေးလေဆိပ် ပြန်လည်အသက်ဝင်တော့မည်


Ministry of Information/ ​နေပြည်တော် / June 07, 2019
image_latest


မကွေး ဇွန် ၆

၂၀၀၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ လေကြောင်းခရီးများ ပျံသန်းပြေးဆွဲခဲ့ပြီး ၁၃ နှစ်ကြာ ခရီးသည် တင်လေယာဉ် ဆင်းသက်ခြင်းမရှိသည့် မကွေးလေဆိပ် ၌ ၂၀၁၉ ဇွန် ၂၅ ရက်မှစ၍ ရန်ကုန်-မကွေး- စစ်တွေ (သို့) အမ်းခရီးစဉ်ဖြင့် အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင် ခရီးစဉ်များ ပြန်လည် ပြေးဆွဲတော့မည်ဖြစ် ကြောင်း မြန်မာ့အမျိုးသားလေကြောင်း Myanmar National Airlines မှ သိရသည်။

“MNA လေကြောင်းဦးစီးက စီအီး အို ကပ္ပတိန် ဦးသန်းထွန်းနဲ့ သွားညှိနှိုင်းတဲ့ အခါ စစ်တွေ-ရန်ကုန် လမ်းကြောင်းရှိနေ တော့ စစ်တွေ (သို့) အမ်း-မကွေး-ရန်ကုန် လမ်းကြောင်းဆွဲလိုက်ပါတယ်။ အမ်းမှာ ဆင်းနေတာက အင်္ဂါနဲ့ စနေ နှစ်ရက်ဆင်း နေတာဖြစ်လို့ အဲဒါနဲ့ချိတ်ပြီးတော့ မကွေး မှာလည်း အင်္ဂါနဲ့ စနေ နှစ်ရက်ပဲဆင်းမှာပါ။ အစက Caravan အမျိုးအစား ၁၂ ယောက်စီးလေးနဲ့ ဆင်းမယ်လို့ စီစဉ် ခဲ့ ပေမယ့် မကွေးနဲ့ရန်ကုန်က ၁ နာရီ လောက် မောင်းရတာမို့ ATR-72 နဲ့ပဲ ဆင်းပေးမယ်လို့ ဆုံးဖြတ် ချက်ချခဲ့ကြ တာပါ” ဟု မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ် လုပ်ငန်းရှင်များအသင်း (မကွေးဇုန်) ဥက္ကဋ္ဌ ဦးစံထွေးက အတည်ပြုပြောကြား သည်။

ခရီးသည် ၆၀ ဝန်းကျင် စီးနင်းနိုင် သည့် ATR 72-600 လေယာဉ်များဖြင့် နံနက် ၈ နာရီမှ ၁၀ နာရီ အတွင်း ပြေးဆွဲ သွားရန် စီစဉ်ထားပြီး ရန်ကုန်-မကွေး ခရီးစဉ်အတွက် မြန်မာငွေကျပ် ၆၈၀၀၀ ကျပ်(သို့) USD 73 ကျသင့်မည်ဖြစ်ကြောင်း၊ ဇွန် ၂၀ ရက်၌ လေယာဉ်လက်မှတ်များ ရောင်းချသွား မည်ဖြစ်ကာ အွန်လိုင်းမှ လည်း ဝယ်ယူနိုင်ကြောင်း ဦးစံထွေးထံမှ သိရသည်။

“မကွေးလေဆိပ်ကြီးသာ ဖွင့်ပြီဆိုရင် FIT (Foreigner Independent Tour) ပဲဖြစ်ဖြစ်၊ Tour ကုမ္ပဏီ ပဲဖြစ်ဖြစ် ရန်ကုန်ကနေ မကွေးလေဆိပ်ကို တိုက် ရိုက်ဆိုက်နိုင်မယ်။ ဒီလိုဆိုက်လာရင် မကွေးက ဟိုတယ်၊ မိုတယ်တစ်ခုခုမှာ တည်းခိုအခြေပြုပြီးတော့မှ လည်ဖို့ပတ်ဖို့ ကို စဉ်းစားကြတာမျိုးဖြစ်တဲ့ အတွက် နိုင်ငံခြားသားဝင်ရောက်မှု တိုးမြင့်လာ နိုင်သလို ညအိပ်တည်းခိုမှုတွေလည်း များလာနိုင်ပါ တယ်” ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးမြင့်စိန်က ပြောသည်။

၂၀၀၃ ခုနှစ်ဝန်းကျင်က ခရီးစဉ်များတွင် ခရီးသည်နည်းပါးလွန်းသည့်အခြေ အနေကို မတွေ့ခဲ့ရ ကြောင်း၊ ဆေးတက္က သိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်း ပညာတက္ကသိုလ်များ ရှိနေခြင်းအပြင် အရေးပေါ်လုပ်ဆောင်ရမည့် ဝန်ထမ်း ရေးရာများ၊ ဆေးကုသမှုများ၊ စီးပွားရေး လုပ်ငန်းများလည်း ရှိနေမည်ဖြစ်သဖြင့် ဒေသနှင့် လေကြောင်းခရီးဆိုင်ရာ အကျိုး စီးပွားများ ပြန်လည် အသက်ဝင်လာမည် ဖြစ်ကြောင်း သိရသည်။

ဇေယျတု (မကွေး)