ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး လတ်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများအား ရှင်းလင်းပြောကြား
ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့် တွေ့ဆုံပြီး လတ်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများအား ရှင်းလင်းပြောကြား
Ministry of Information/ နေပြည်တော် / June 07, 2019
နေပြည်တော်၊ ဇွန် ၇
နိုင်ငံတော်အတိုင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် သတင်းမီဒီယာများနှင့် ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌တွေ့ဆုံပြီး နိုင်ငံတော်သမ္မတ၊ န်ိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လတ်တလော ဆောင်ရွက်ချက်များ၊ နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများအား ရှင်းလင်းပြောကြားသည်။
တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတ နိုင်ငံသို့သွားရောက်၍ နယူးဒေလီမြို့၌ ကျင်းပသည့် ဝန်ကြီးချုပ် ရှရီနရန် ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ တရားဝင် ခရီးသွားရောက်လျက်ရှိပါကြောင်း၊ မြန်မာ-ချက်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံသံရုံးများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့ပါကြောင်း၊ ဟန်ဂေရီနိုင်ငံ ပြည်သူ့ဝန်ထမ်း အမျိုးသားတက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ ဒိမိုကရေစီအသွင် ကူးပြောင်းမှုအတွေ့အကြုံနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ကာ မြန်မာ - ဟန်ဂေရီ နှစ်နိုင်ငံစီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပါ ကြောင်း။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သို့ သွားရောက်ခဲ့သည့် သုံးနိုင်ငံခရီးစဉ်ကို တင်ပြလိုပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးသည် ပထဆုံးအနေဖြင့် မေလက တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပသည့် (၁၄)ကြိမ်မြောက် ဂျယ်ဂျူးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံသို့ မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ သွားရောက်ကာ 25th Future of Asia Conference သို့တက်ရောက်ခဲ့ပါကြောင်း၊ ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရုရှားနိုင်ငံသို့ သွားရောက်၍ (၂၃)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေး ဖိုရမ်သို့ တက်ရောက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများသည် အရေးပါသည့် နိုင်ငံတကာ မိတ်ဖက်နိုင်ငံများနှင့် သံတမန်ဆက်သွယ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ငြိမ်းချမ်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်း လျက်ရှိပါကြောင်း၊ အဆိုပါ အဖွဲ့များက Bilateral ရေးထိုးရန် အဆိုပြုချက်များ ပေးပို့ခဲ့ပါကြောင်း၊ NRPC ဖက်မှ အပစ်အခတ်ရပ်စဲရန်ကိစ္စ၊ နောက်ထပ်တိုက်ပွဲများ မဖြစ်အောင်မည်သို့ဆောင်ရွက်မည်၊ တပ်ပိုင်းဆိုင်ရာ ကိစ္စများနှင့်ပတ်သက်ပြီး မည်သို့သော စည်းမျဉ်း စည်းကမ်းနှင့် သဘောတူညီချက်များရယူမည်၊ IDP များရှိသည့် ဒေသများတွင် မည်သို့ဆောင်ရွက်မည်၊ NCA လက်မှတ်ရေးထိုးရေး စသည့်ကိစ္စရပ် များသည် Bilateral Agreement တွင် မဖြစ်မနေပါဝင်ရမည့် အချက်များဖြစ်သည်ဟု ရှင်းပြခဲ့ပါ ကြောင်း။
နောက်တစ်ကြိမ်တွေ့ဆုံပွဲ Bilateral စာချုပ်ဆွေးနွေးညှိနှိုင်းမှုကို မေလ တတိယ အပတ်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း။
ပန်ဆန်းတွင် တွေ့ဆုံရန် မိမိတို့ဘက်ကညှိနှိုင်းပါကြောင်း၊ ၎င်းတို့ဘက်က မူဆယ်မြို့ကို အဆိုပြုပါ ကြောင်း၊ မိမိတို့ဘက်က လားရှိုးကို ပြန်လည်အဆိုပြုပါကြောင်း၊ နောက်ထပ် မြောက်ပိုင်းအဖွဲ့က နေပြီး နေရာညှိနှိုင်းမှု အဆင်မပြေသည့်အတွက် မိုင်းလားကို အဆိုပြုရာ မိမိတို့ဘက်ကလည်း ကျိုင်းတုံကိုပြန်ပြီး အဆိုပြုပါ ကြောင်း၊ အဓိကရည်ရွယ်ချက်က တပ်မတော်ဘက်က ဧပြီ ၃၀ ရက် နောက်ဆုံး တပ်မတော်၏ အပစ်ရပ်ကာလ ၄ လတာကာလ ပြီးဆုံးခ်ျိန်တွင် ၂ လ ထပ်မံ တိုးပေးခဲ့ပါကြောင်း၊ ယခုဇွန်လကုန်ဆိုလျင် သက်တမ်းကုန်မည်ဖြစ်သည့်အတွက် ယခု အချိန်တွင် နောက်ထပ်တိုးတက်မှုများ၊ bilateral စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးပါက ဆက်လက်ပြီး ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲရန် စိုးရိမ်ဖွယ်ရာဖြစ်သည့်အတွက် ယခုလထဲတွင် မဖြစ်မနေတွေ့နိုင်ရန် ပြန်လည်အဆိုပြုထားပါကြောင်း။
ယခုကာလတွင် KIA, KIO နှင့် အထူးသဖြင့် တပ်မတော်၏ အပစ်ရပ်လေးလ တာ ကာလ နှင့် ၂ လတာတိုးချဲ့ကာလတွင် တိုက်ပွဲများ သိသိသာသာ လျော့နည်းသွား ပါကြောင်း၊ လျော့နည်းသွားသည့် အပေါ်တွင်လည်း ဒေသအတွက်တည်ငြိမ်အေးချမ်း မှု အထောက်အကူပြုပါကြောင်း၊ ယခင်က ကချင်ပြည်နယ် နန့်ဆန်ယန်ကျေးရွာ IDP များ မိမိသဘောဆန္ဒအလျောက် ပြန်သွားသည့်အပေါ် မိမိတို့အစိုးရအပိုင်းကလည်း ကူညီထောက်ပံ့မှုများပြုလုပ်ပေးပါကြောင်း၊ ယခုကျောင်းများ ပြန်ဖွင့် သည့်အခါ ကျောင်းသား ကျောင်းသူများ ကျောင်းနေနိုင်ရန် လမ်းပန်းဆက်သွယ်ရေး အခြေအနေများ ကောင်းမွန်ရန် တစ်ဆက်တည်းလုပ်ဆောင်နေပါကြောင်း။
တပ်မတော်နှင့် KIA အကြားတွင် ညှိနှိုင်းဆွေးနွေးမှုများအနေဖြင့် ၂ ကြိမ်တိတိ အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ပထမဖြစ်ရပ်တွင် လီဆူးတိုင်းရင်း သားတစ်ယောက်ကို KIA က ဖမ်းဆီးသွားသည့်အတွက် မိမိတို့က KIA ဘက်ကိုမေး ပါကြောင်း၊ KIA အနေဖြင့် ၎င်းတို့၏ တပ်သားခွင့်ပြန်သွားရာ မလာသည့် အတွက်ကြောင့် ဟုပြောပါကြောင်း၊ သို့သော် လီဆူး တိုင်းရင်းသားများဘက်က မဟုတ်ဘူးဟုပြော သည့်အတွက် မိမိတို့က KIA နှင့် ညှိနှိုင်းပါကြောင်း၊ ယင်းသို့ ညှိနှိုင်းရာတွင် KIA ဘက်က ငြိမ်းချမ်းရေးကို ရှေးရှုပြီး ပြည်သူလူထုက ပြန်လွှတ်ပေး ပါဟု တောင်းဆိုနေမှုများအတွက် ၃ ယောက်ပြန်လွှတ်ပေးခဲ့ခြင်းရှိပါကြောင်း၊ ၎င်းဖြစ်စဉ်သည် နှစ်ဖက် တင်းမာမှုများ လျော့ကျစေနိုင်ခဲ့သည့် အချက်တစ်ချက်ဖြစ် ပါကြောင်း။
ဒုတိယဖြစ်စဉ်မှာ ယမန်နေ့ကဖြစ်ပွားခဲ့သည် ဖားကန့်လမ်းကြောင်းမှာရှိသည့် နန့်ရားဆိုသည့် နေရာတွင် KIA စခန်းရှိပြီး တပ်မတော်စစ် ကြောင်းသွားသည့်အခါ ၎င်းနေရာတွင် ရှိသည့် KIA အဖွဲ့နှင့် ပစ်ခတ်မှုဖြစ်မည့်အခြေအနေ ဖြစ်ပွားခဲ့ပါကြောင်း၊ ယင်းအခြေအနေတွင် မိမိတို့ NRPC က ကြားက PCG ကိုပြောပါကြောင်း၊ PCG ကိုလည်း KIA ဘက်ကိုပြောပေးရန်ဖြစ်ပြီး ယခုအချိန်တွင် Bilateral စာချုပ်မချုပ်နိုင် သေးသည့်အတွက် တိုက်ပွဲများပြန်ဖြစ်လာပါက ထိန်းသိမ်းရ ခက်မည် ဖြစ်သည့်အတွက် နှစ်ဖက်ကနားလည်မှုရှိရှိ ညှိနှိုင်းဆောင်ရွက်ရန်၊ တိုက်ပွဲများ မဖြစ်ရန် အဓိကဆောင် ရွက်ပေးရန်ပြောသည့်အတွက် KIA ဘက်က လည်း ဖယ်ပေးခဲ့ပါကြောင်း၊ သို့သော် မိမိတို့အနေဖြင့် KIA နှင့်တိုက်ပွဲများဖြစ် လာနိုင်သည့် အနေအထားများကို ကြိုတင်၍ နှစ်ဖက်ညှိနှိုင်းပြီး ဆောင်ရွက် နိုင်ခဲ့သည့်အတွက် ပဋိပက္ခများပြန်ဖြစ်လာမည်ကို ရှောင်ရှားနိုင်ခဲ့ပါကြောင်း။
နောက်တစ်ချက်အနေဖြင့် နန့်ဆန်းယန် IDP ကိစ္စများတွင်လည်း နှစ်ဖက်ညှိနှိုင်း ပြီးဆောင်ရွက်နိုင် သည့် အနေအထားဖြစ်ပါကြောင်း၊ တစ်ချိန်တည်းတွင် NRPC နှင့် ကချင်ပြည်နယ်စစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေးကော်မတီ (KECC)တို့ အလုပ်သဘောဆွေးနွေးပွဲ ရန်ကုန်တွင် ပြုလုပ်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်က နေပြည်တော် NRPC တွင် KECC နှင့် Formal meeting ပြုလုပ်ခဲ့ပါကြောင်း၊ သဘောတူညီချက်များ ရရှိခဲ့ပါကြောင်း။
နောက်ဆက်တွဲအနေဖြင့် အစိုးရဆောင်ရွက်ထားမှုများက ကချင်ပြည်နယ်တွင်ရှိ သည့် နေရပ် စွန့်ခွာသူ (IDP)များ အရေးကိစ္စဆောင်ရွက်ရန်အတွက် မိမိတို့ Working ကော်မတီတစ်ခု ဖွဲ့ထားပါကြောင်း၊ ၎င်းအဖွဲ့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်ပြီး ပညာရေး၊ ကျန်းမာရေးစသည့်ကိစ္စများနှင့် ပတ်သက်သည့် ဌာနဆိုင်ရာက ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ယင်းအဖွဲ့သည် IDP စခန်းများ ပိတ်သိမ်းပြီး မိမိနေရပ်ကို ပြန်လာနိုင်ရေး အတွက် ပြီးခဲ့သည့် မေ ၂၄ ရက်တွင် မြစ်ကြီးနား၌ KECC နှင့်တွေ့ဆုံခဲ့ပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ပြည်တွင်းပြည်ပ သတင်းမီဒီယာ များက သိလိုသည် များကို မေးမြန်းကြရာ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
(သတင်းစဉ်)
