၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးမှ ခြောက်ဘာသာဂုဏ်ထူးရှင် အရေအတွက်အများဆုံးဖြင့် အောင်မြင်
၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ မန္တလေးတိုင်းဒေသကြီးမှ ခြောက်ဘာသာဂုဏ်ထူးရှင် အရေအတွက်အများဆုံးဖြင့် အောင်မြင်
Ministry of Information/ Mandalay / June 09, 2019

မန္တလေး ဇွန် ၈
၂၀၁၈- ၂၀၁၉ ပညာသင်နှစ်အတွက် ၂၀၁၉ ခုနှစ် မတ်လအတွင်း ကျင်းပ ခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင် စာရင်းများအား ဇွန် ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်း ဒေသကြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာ အရ ခြောက်ဘာသာဂုဏ်ထူးရှင် အရေအတွက်အများဆုံးဖြင့် ဖြေဆို အောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံး စာရင်းများအရ သိရ သည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ဖွင့်လှစ် ပေးခဲ့သည့် စာစစ်ဌာန ၂၀၃ ခုတွင် ဝင်ရောက်ဖြေဆိုသူ ၁၁၉၂၁၀ ရှိခဲ့ပြီး ၎င်းတို့အနက် ၄၃၀၇၅ ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၃ ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ဒုတိယ အောင်ချက်အများဆုံးဖြင့် အောင်မြင် ခဲ့သည့်အပြင် ခြောက်ဘာသာဂုဏ်ထူးရှင် အရေအတွက်မှာလည်း ၂၂၀ ဖြင့် အများဆုံးအောင်မြင်ခဲ့ကြောင်း တိုင်း ဒေသကြီးပညာရေးမှူးရုံး ညွန်ကြား ရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။
''ကျွန်တော်တို့မန္တလေးတိုင်းဒေသ ကြီးက ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် အောင်ချက်ရာခိုင်နှုန်း အနည်းငယ် ကျဆင်းသွားပေမယ့် ဒီနှစ်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ မေးခွန်းပုံစံ ပြောင်းလဲမှုအပေါ်မှာ အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ ဂုဏ်ထူးထွက်ရှိမှုနဲ့ နှိုင်းယှဉ်ရင်တော့ မန္တလေးတိုင်းဒေသကြီး အနေအထားက ခြောက်ဘာသာ ဂုဏ်ထူးရှင်တွေ အများဆုံးထွက်ပေါ် လာတဲ့အတွက် အရည်အသွေးပိုင်းတွေ တိုးတက်လာတယ်လို့ သုံးသပ်ရပါတယ်''ဟု ၎င်းကပြောသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများ အနက် ခြောက်ဘာသာဂုဏ်ထူး ၂၂၀၊ ငါးဘာသာဂုဏ်ထူး ၄၉၀ ၊ လေးဘာသာ ဂုဏ်ထူး ၆၂၁ ဦး၊ သုံးဘာသာဂုဏ်ထူး ၆၇၃ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၁၀၅၉ ဦး နှင့် တစ်ဘာသာဂုဏ်ထူး ၃၈၅၇ ဦးတို့ ရရှိခဲ့ပြီး စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင် သူ ၆၉၂၀ ရှိကြောင်း သိရသည်။
အဆိုပါ ဖြေဆိုအောင်မြင်သူများ အနက် မန္တလေးဗဟိုအကျဉ်းထောင်မှ ၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ၄၂ ဦး အောင်မြင်ခဲ့ရာ ၎င်းတို့အနက် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးတို့ ရရှိခဲ့ကြ သည်။
ယမန်နှစ်က ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေး တိုင်းဒေသကြီးမှ ဝင်ရောက်ဖြေဆိုသူ ၁၁၁၃၉၈ ဦးအနက် အောင်မြင်သူ ၄၂၅၁၇ ဦးရှိခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၃၈ ဒသမ ၁၇ ဖြင့် တစ်နိုင်ငံလုံး တွင် အောင်ချက်အကောင်းဆုံးဖြင့် အောင်မြင် ခဲ့ပြီး ခြောက်ဘာသာဂုဏ်ထူး ၂၈၉ ဦး၊ ငါးဘာသာဂုဏ်ထူး ၆၄၀ ၊ လေးဘာသာ ဂုဏ်ထူး ၁၁၃၄ ဦး၊ သုံးဘာသာဂုဏ်ထူး ၁၁၆၆ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၁၇၄၃ ဦး၊ တစ်ဘာသာဂုဏ်ထူး ၆၈၉၆ ဦး ဖြစ်ရာ စုစုပေါင်း ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၁၈၆၈ ဦး ရှိခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)