အမျိုးသားပြတိုက်(ရန်ကုန်)တွင်ရှမ်းစော်ဘွားကြီးများ၏ရှားပါးဝတ်စုံပြပွဲ ခင်းကျင်းပြသ


Ministry of Information/ ​ရန်ကုန် / June 09, 2019
image_latest


ရန်ကုန် ဇွန် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသား ပြတိုက်(ရန်ကုန်)မှ ကြီးမှူးကျင်းပသော ရှမ်းစော်ဘွားကြီးတို့၏  ရှားပါးဝတ်စုံပြပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်လမ်းရှိအမျိုးသားပြ တိုက် (ရန်ကုန်)၌ ကျင်းပသည်။

အဆိုပါပြပွဲသို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင်၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးကြည်မင်း၊ သံတမန်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျွမ်းကျင်ပညာရှင်များ၊ ရှမ်းစော်ဘွားမျိုးနွယ်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံသမိုင်းတွင် အထင်အရှားရှိခဲ့ပြီး မျက်မှောက်ခေတ် လူငယ်၊ လူရွယ်၊ လူလတ်ပိုင်းများလက်လှမ်းမီခြင်းမရှိခဲ့သည့် နယ်မြေဒေသအသီးသီးက ရှမ်းစော်ဘွားတို့၏ ရှားပါးသည့် ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများကိုယခုပွဲတွင် မြင်တွေ့ခွင့်ရရှိမှာ ဖြစ်ကြောင်း၊ လူမျိုးတစ်မျိုး ၏ ယဉ်ကျေးမှုအဆင့်အတန်းကိုလေ့လာရာတွင် ထိုလူမျိုး၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ စကား၊ စာပေယဉ် ကျေးမှုရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာ၊ တူရိယာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများကို လေ့လာခြင်း အားဖြင့် အကဲဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုပြပွဲ မျိုးကျင်းပပြုလုပ်ပေးခြင်းအားဖြင့် တိုင်းရင်းသားလူမျိုး တစ်မျိုးအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားသည့်စိတ်၊ ထိန်းသိမ်းလိုသည့်စိတ်များ တိုးပွားလာစေရန်သာမက ရှမ်းလူမျိုးအများစုနေထိုင်ရာဒေသရှိပြတိုက်များတွင် ခင်းကျင်းပြသ နိုင်ပါကလည်း ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် အခွင့်အလမ်းရရှိနိုင်မှာ ဖြစ်ပါကြောင်းဖြင့် ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ပြပွဲသည် မိမိတို့လူမျိုးများအတွက် အလွန်ဂုဏ်တက်စေသည့် ပွဲတစ်ခုဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ပွဲမျိုး နိုင်ငံမှာရှိနေသည့် တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းဘာသာ စကားများကို ထိန်းသိမ်းစောင့်ရှောက်ပြီး အများပြည်သူသိရှိအောင် ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုဝေးပြီးနေထိုင်ကြခြင်းကြောင့် မိမိတို့ အားလုံးသည်ပြည်ထောင်စုကြီးအတွင်းမှာ တစ်ဦးနှင့်တစ်ဦး လက်တွဲပြီးချစ်ခင်စွာဖြင့် ပြည်ထောင်စုကြီးကို ဆက်လက်တည်တံ့ခိုင်မြဲအောင် ရပ်တည်ဆောင်ရွက် ကြမှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်မိမိတို့ နိုင်ငံတွင်နေထိုင်ကြသည့် နိုင်ငံသူ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း၊ အခုဆိုလျှင် ရှမ်းတိုင်းရင်းသားများ၏နှစ်ပေါင်း ၁၀၀ ကျော်ကာလက ဝတ်စားဆင်ယင်ခဲ့သည့် အဝတ်အစားများကို စနစ်တကျ မှတ်တမ်းတင်ပြီး ထိန်းသိမ်းစောင့်ရှောက်မှုတစ်ခုကို ပြုနိုင်ခဲ့ကြောင်း၊ ဒါသည်အလွန် ကောင်းမြတ်သည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်းဖြင့် ကြိုဆိုနှုတ်ခွန်ဆက်စကား ပြောကြားသည်။

ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက ရှမ်းစော်ဘွားများ၏ ရှေးခတ်ဝတ်စုံများကို နောင်ခေတ်လူငယ်များအထိ ကြည့်ရှုလေ့လာခွင့်ရစေရန်အတွက် ပိုမိုကြံ့ခိုင်မှုရှိရေး ခေတ်မီနည်းပညာရပ်များဖြင့် ပိုးမွှားများကင်းစင်ပြီး သန့်ရှင်းစေရန်၊ တာရှည်ခံနိုင်အောင် ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်ပြီး ပြင်သစ်နိုင်ငံသို့ ခေတ္တပို့ဆောင်ရွက်လိုကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ၂၀၁၆ ခုနှစ်ကကမ်းလှမ်းလာခဲ့သည့် အချိန်မှစတင်ပြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှပညာရှင်များကို ညောင်ရွှေယဉ်ကျေးမှုပြတိုက်တွင် ပြသထားသော စော်ဘွားကြီး များနှင့် အခြားအဆင့် ဝတ်စုံများ၏ ပျက်စီးယိုယွင်းမှုများကို သွားရောက်စစ်ဆေးထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့တို့က ရန်ပုံငွေကျခံဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့ပြင်ညောင်ရွှေမြို့ရှိ ဆရာတော်ကြီးများ၊ ဟော်နန်းထိန်းသိမ်းရေးကော်မတီများ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အသင်းအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်ပြီး ထိန်းသိမ်းရေးလုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိန်းသိမ်းဆောင်ရွက်မှုမှာတစ်နှစ်နှင့် သုံးလကြမြင့်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး ညောင်ရွှေယဉ်ကျေးမှုပြတ်ိုက်သို့ ပြန်လည်မပို့ဆောင်မီ အများပြည်သူလေ့လာ ကြည့်ရှုနိုင်ရန် အဆိုပါပြပွဲကို ပြသခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ပြပွဲကျင်းပရခြင်းနှင့် ရည်ရွယ်ချက်ကိုလည်းကောင်း၊ အမျိုးသားပြတိုက်(ရန်ကုန်)ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ငင်း က ရှမ်းစော်ဘွားကြီးများ၏ ဝတ်စုံထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းနှင့် တာဝန်ရှိသူများက ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်စုံများ ပြပွဲကျင်းပရာတွင် ပံ့ပိုးကူညီခဲ့ကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်သည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ပြပွဲအား လှည့်လည်ကြည့်ရှုသည်။

နှစ်ပေါင်းရာကျော်ရှိ ညောင်ရွှေစော်ဘွားကြီးများ၏  ရှားပါးဝတ်စုံများဖြစ်သည့် ကတ္တီပါ ဘရိုကိတ်၊ ချည်ထည်၊ ပိုးထည်များပေါ်တွင် အလှဆင်ထားသည့် ရွှေချည်ထိုး၊ ပန်းထိုးလက်ရာများပါဝင်သော ဝတ်စုံ (၃၀)ကိုဇွန်(၉)ရက်မှ (၁၈)ရက်အထိနံနက် ၉ နာရီခွဲမှ ညနေ ၄နာရီခွဲအထိ အမျိုးသားပြတိုက်(ရန်ကုန်)တွင် နေ့စဉ်အခမဲ့ ပြသသွား မည်ဖြစ်သည်။

အဆိုပါ ဝတ်စုံများကို ညောင်ရွှေယဉ်ကျေးမှုပြတိုက်မှ ရန်ကုန်သို့ သယ်ဆောင်ကာ အမျိုးသားပြတိုက်မှ ခေတ်မီနည်းပညာဖြင့်  ပထမဆုံးအကြိမ် လျှော်ဖွတ် ပြုပြင်ခဲ့ပြီး အများပြည်သူများလေ့လာကြည့်ရှု နိုင်ရန်၊ ကမ္ဘာလှည့်ခရီးသွားများ လေ့လာကြည့်ရှုနိုင်ရန်ရည်ရွယ်ပြသခြင်းဖြစ်သည်။ ပြပွဲကာလပြီးဆုံးပါက အဆိုပါဝတ်စုံများကို ညောင်ရွှေယဉ်ကျေးမှုပြတိုက်တွင် ပြသထားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)