အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကွန်ပျူတာ ပန်းချီနှင့်ပိုစတာပြိုင်ပွဲကျင်းပ ပြည်နယ်ဝန်ကြီးချုပ်ကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / June 10, 2019


ဘားအံ ဇွန် ၁၀
 ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကွန်ပျူတာ ပန်းချီနှင့်ပိုစတာ ပြိုင်ပွဲကို ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကွန်ပျူတာတက္ကသိုလ်(ဘားအံ) Computer Room ၌ ကျင်းပသည်။
 ပြိုင်ပွဲကို ̏ အနာဂါတ်ပန်းများပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ အပေါင်းအသင်းရွေးချယ်ပါ၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ မူးယစ်ရန်မီးငြိမ်းသတ်စို့၊ နိုင်ငံကိုချစ် လူမျိုးချစ် မူးယစ်မှန်သမျှတိုက်ဖျက်ပစ်၊ မျိုးဆက် သစ်ဘဝလှပဖို့ မူးယစ်ဟူသမျှရှောင်ရှားစို့၊ ဦးစွာနားထောင်ပါ ဟူသည့် ခေါင်းစဉ် ၆ မျိုးဖြင့် ကျင်းပခဲ့ပြီး ကရင်ပြည်နယ် အတွင်းရှိ မြို့နယ်များမှ အခြေခံပညာကျောင်းသားကျောင်းသူ ၃၇ ဦး၊ တက္ကသိုလ်/ကောလိပ်အဆင့် အလွတ်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၂ ဦး စုစုပေါင်း ၄၉ ဦးက ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် ၃၆ ဦး၊ ကွန်ပျူတာပိုစတာပြိုင်ပွဲတွင် ၁၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်သည်။
 အလားတူ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအထက် တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ အခြေခံပညာကျောင်းသား၊ကျောင်းသူ ၁၅၀ ဦး၊ တက္ကသိုလ်/ကောလိပ် အဆင့် အလွတ်တန်းတွင် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး စုစုပေါင်း ၁၆၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင် ပြည်နယ်ရဲတပ်ဖွဲ့မှ ပြိုင်ပွဲဝင်များအား ခဲ၊ ရောင်စုံ ဖယောင်း၊ စုတ်တံ၊ ရေဆေး၊ Color Pan၊ ရောင်စုံခဲတံ၊ ပုံဆွဲခဲတံ၊ ပုံဆွဲစက္ကူ၊ Soft Pan စသည်ဖြင့် တန်ဖိုး ၉၄၈၀၀၀ ကျပ်ရှိ ပုံဆွဲကိရိယာများကို အခမဲ့ပေးဝေခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကျင်းပနေမှုကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်နှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။