ယှဉ်ပြိုင်မှုတွေရှိလာပြီး ရွေးချယ်စရာတွေ ပြည်သူတွေမှာ အများကြီးရှိလာရင်၊ ဈေးသက်သာစွာနဲ့ ကြည့်ရှုခွင့် ရလာရင် တရားမဝင် စလောင်းတွေလည်း ပျောက်ကွယ်သွားမယ် ထင်ပါတယ်
ယှဉ်ပြိုင်မှုတွေရှိလာပြီး ရွေးချယ်စရာတွေ ပြည်သူတွေမှာ အများကြီးရှိလာရင်၊ ဈေးသက်သာစွာနဲ့ ကြည့်ရှုခွင့် ရလာရင် တရားမဝင် စလောင်းတွေလည်း ပျောက်ကွယ်သွားမယ် ထင်ပါတယ်
Ministry of Information/ နေပြည်တော် / June 19, 2019

ဦးစိုးနိုင်
(ဒုတိယညွှန်ကြားရေးမှူးချုပ်)
တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၊ အွန်လိုင်းတီဗွီချန်နယ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက် နိုင်မည့် နည်းလမ်းများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းများ၊ အွန်လိုင်းတီဗွီချန်နယ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်သွားနိုင်မည့် နည်းလမ်းများအပေါ် ပါဝင်အကြံပြုဆွေးနွေးခဲ့ကြသူများ၏ စကားသံများကို ဖော်ပြအပ်ပါသည်။
ဦးကိုကို (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်း
ဒီဆွေးနွေးပွဲဟာ ထိန်းချုပ်ခြင်း၊ ပိတ်ပင်ခြင်းအတွက် လုပ်တဲ့ဆွေးနွေးပွဲ မဟုတ်ပါဘူး။ ဆိုလိုချင် တာက ကျွန်တော်တို့နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေရှိသလို တရားဥပဒေပြင်ပမှာ ဆောင်ရွက်နေကြတဲ့ လုပ်ငန်း တွေလည်းရှိပါတယ်။ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေကြတဲ့ သူတွေကို အကာအကွယ်ပေးရမှာ ဖြစ်တဲ့အတွက် တရားဥပဒေပြင်ပမှာရှိနေတဲ့ သူတွေကိုလည်း ဘယ်လိုနည်းနဲ့ တရားဥပဒေဘောင် အတွင်းကို ရောက်ရှိအောင် ဆောင်ရွက်ကြမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာသွားမှာဖြစ်ပါတယ်။
အဲဒီလိုရှာတဲ့အခါမှာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ႓ာမှာ ဒီဟာကို ဘယ်လိုရင်ဆိုင်နေကြရသလဲ၊ ဘယ်လိုဖြေရှင်းနေကြသလဲ၊ တစ်ဖက်မှာ လုပ်ငန်းတွေ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ကို မထိခိုက်စေဘဲနဲ့ အကောင်းဆုံး နည်းလမ်းဖြစ်အောင် ဘယ်လို ဆောင်ရွက်မလဲဆိုတာတွေကို ဒီနေ့တက်ရောက်လာကြတဲ့ တတ်သိပညာရှင်တွေကနေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်း တီဗွီချန်နယ် တွေနဲ့ပတ်သက်လို့ လက်ရှိဘာဖြစ်နေသလဲ၊ ဘယ်လိုလုပ်သင့်သလဲ၊ ဘယ်လိုအဖြေရှာရမလဲ ဆိုတာကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကနေ အကြံပြုချက်တွေ ထွက်လာမှာဖြစ်ပါတယ်။ ဒီအကြံပြုချက်တွေကိုတော့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကနေ ဆက်ပြီး အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။
ဦးဇေယျာ (ညွှန်ကြားရေးမှူး)
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးဝန်ကြီးဌာန
တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်းတီဗွီချန်နယ်တွေနဲ့ ပတ်သက်လို့ လက်ရှိမှာ ကျွန်တော်တို့အနေနဲ့ စိစစ်ဆောင်ရွက်တာတော့ မရှိသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံမှာက ရုပ်သံလွှင့် လုပ်ငန်းနဲ့ ပတ်သက်လာရင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနဲ့ပတ်သက်ရင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သပ်သပ်ရှိပါတယ်။ ဝန်ကြီးဌာနနှစ်ခု မတူညီတဲ့ တာဝန်တွေကို ထမ်းဆောင်နေတာဖြစ်တဲ့အတွက် ဒီနေ့မှာ တရားမဝင် ဂြိုဟ်တုစလောင်း ရုပ်သံလိုင်းတွေ၊ အွန်လိုင်း တီဗွီချန်နယ်တွေနဲ့ ပတ်သက်လို့ ဘယ်လိုဆောင်ရွက် သင့်တယ်ဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရုပ်သံလွှင့်လုပ်ငန်းနဲ့ ပတ်သက်ရင် MRTV၊ MWD ရှိတယ်၊ ကျွန်တော်တို့နဲ့ Forever ၊ Skynet နဲ့ Content Provider ငါးခုရှိပါတယ်။ လူမှုမီဒီယာနဲ့ ပတ်သက်လို့ လိုင်စင်တင်ဖို့ ဖိတ်ခေါ်ထားတာ မရှိသေးပါဘူး။ နိုင်ငံတကာမှာလည်း ဒါတွေကို ဘယ်လိုကိုင်တွယ်ဆောင်ရွက်မယ်ဆိုတာကို မူဝါဒ တွေ ချမှတ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် အချိန်ကောင်းပါပဲ။ ပလက်ဖောင်း မျိုးစုံကနေ ထုတ်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်တွေနဲ့ ပတ်သက်ပြီးရေရှည်မှာ ဘယ်လို ဆက်လက် ဆောင်ရွက်မယ်ဆိုတာကို ဒီနေ့ဆွေးနွေးပွဲက ပထမခြေလှမ်းဖြစ်ပါတယ်။
ရုပ်မြင်သံကြားနဲ့ အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၅ ခုနှစ် ဩဂုတ် ၂၈ ရက်က ပြဋ္ဌာန်းခဲ့တာ ရှိပါတယ်။ ဒီဥပဒေအရ နည်းဥပဒေကို ဆောင်ရွက်နေပြီး မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ နည်းဥပဒေအရ ရုပ်မြင်သံကြားနဲ့ အသံလွှင့်ကောင်စီကို ဖွဲ့စည်းဖို့ရှိပါတယ်။ ဒီကောင်စီ ကနေ ရုပ်သံလွှင့် Content နဲ့ ပတ်သက်ပြီးဘာတွေ ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ နည်းလမ်းတွေကို ဒီလိုဆွေးနွေးပွဲတွေကနေတစ်ဆင့် အကြံပြုသွားနိုင်ဖို့အတွက် ရည်ရွယ်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာသာ မဟုတ်ပါဘူး။ ကမ႓ာမှာပါ Digital Revolution ဆိုတာ ဖြစ်ပေါ်နေပါတယ်။ Digital Revolution ရဲ့နောက်မှာ မီဒီယာနဲ့ ပတ်သက်တဲ့ Trans တွေ ပြောင်းလာတာရှိပါတယ်။ အထူးသဖြင့် Digital Platform ကိုအသုံးပြုတဲ့ မီဒီယာတွေ အများကြီးပေါ်ပေါက်လာပါတယ်။ Digital နဲ့ သွားတဲ့အခါ ethnic ကိုလိုက်နာပြီး ဆောင်ရွက်တဲ့ မီဒီယာတွေရှိပါတယ်။ တချို့ user generated conten တွေက သူတို့တင်ဆက်မှုတွေက ဘယ်လောက် စိတ်ချမှုရှိသလဲ၊ ပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေတယ်၊ ဘယ်လို အကျိုးအမြတ်တွေကို ရယူမှုတွေရှိနေတယ်ဆိုတာကိုလည်း လေ့လာဖို့လိုပါတယ်။ လေ့လာပြီးတော့ Traditional Media တွေနဲ့အတူ ဘယ်လိုရှင်သန်နိုင်မလဲဆိုတာကို ဝိုင်းဝန်းစဉ်းစားကြရမယ့် အချိန်ရောက်နေပါပြီ။ ဒါကြောင့် ဒီအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီအလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုထဲကနေ အဖြေချက်ချင်းကြီး ထွက်ဦးမှာ မဟုတ်ပါဘူး။ ဒီလိုမျိုး ဆွေးနွေးပွဲတွေ ဆက်လုပ်ပြီးတော့ သိရှိလာတဲ့ အချက်တွေအပေါ်ကနေ သင့်လျော်မယ့် မူဝါဒတွေ၊ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲအကောင်အထည် ဖော်သွားနိုင်မှာ ဖြစ်ပါတယ်။
နေသန်မောင်(Executive Producer)
ကမာရွတ်မီဒီယာ
အင်တာနက်ပေါ်မှာ တီဗွီလွှင့်တာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ရှိပြီးသားပါ။ အွန်လိုင်းတီဗွီပေါ်က ပြဿနာတွေ ပြောလာရင်မြန်မာနိုင်ငံမှာ အဓိက ပြောကြတာကတော့ လူမှုမီဒီယာကို ပြောကြတာဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူမှုမီဒီယာတွေ ပေါ်လာတော့ သုံးစွဲသူ တစ်ဦးချင်းက Live လွှင့်လို့ရတယ်။ ဗီဒီယိုတွေ ရိုက်ပြီးတင်လို့ရတယ်။ သီချင်းတွေ ဖန်တီးပြီး တင်လို့ရတယ်၊ ရုပ်ရှင်ကားတွေလည်း ရိုက်လို့ရတယ်။ ဒီလိုရိုက်လို့ရတဲ့အခါမှာ တာဝန်ယူမှုရှိတဲ့ သူတွေရိုက်တဲ့ Content နဲ့ တာဝန်ယူမှုမရှိသေးတဲ့ သူတွေရိုက်တဲ့ Content တွေ ရှိလာပါတယ်။ တာဝန်ယူတဲ့သူနဲ့ တာဝန်ယူမှုမရှိသေးတဲ့သူ အားပြိုင်မှုတွေ ရှိလာပါတယ်။ တာဝန်ယူမှု မရှိသေး တဲ့သူတွေ ထုတ်လုပ်တဲ့ Content တွေက ပိုများလာပါတယ်။ ဒီ Content တွေက စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာလွယ်တယ်၊ လူကြိုက်ပိုများတယ်၊ လူကြိုက်များတော့ ကြော်ငြာ ပိုရတယ်။
ဒီလိုဆိုတော့ တရားဝင်ခွင့်ပြုချက်ရှိရတယ်၊ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေလည်း လိုက်နာရတယ်၊ အရည်အသွေး၊ စံချိန်စံညွှန်းတွေကိုလည်း ထိန်းညှိရတယ်၊ ဒီလိုမျိုးသူတွေကျတော့ စီးပွားရေး အရရော၊ ပရိသတ်အားပေးမှုအရရော အကန့်အသတ်ရှိသွားတယ်။ ယှဉ်ပြိုင်တဲ့အခါ တာဝန်ယူမှု ရှိတဲ့သူက ကြော်ငြာလည်း မရတော့ဘူး။ ပရိသတ်အားပေးမှုလည်း လျော့သွားရတယ်။ ဒါကြောင့် အွန်လိုင်းတီဗွီကိစ္စတွေက လူမှုမီဒီယာတွေ အားကြီးလာတဲ့အချိန်မှာ ရင်ဆိုင်ရတာပါ။
အွန်လိုင်းမှာ ရင်ဆိုင်ရတာ သတင်းတစ်ခုတည်းရယ်လို့ ကျွန်တော် မဆိုလိုချင်ဘူး။ Content အားလုံးပါပဲ။ ဒီလိုရင်ဆိုင်နေရတာတွေကို ဥပဒေနဲ့ လွှမ်းခြုံနိုင်ရင် အဆင်ပြေသွားမယ်။ ဆိုလိုတာက ပြည်သူတွေ တစ်ဦးချင်း လူမှုမီဒီယာ သုံးစွဲခွင့်ရှိတယ်။ ဒါကို တားဆီးလို့မရဘူး။ လူမှုမီဒီယာမဟုတ်တဲ့ တခြား Content တွေကို ဥပဒေဘောင်ထဲ ထည့်သွင်းဖို့လိုပါတယ်။ မီဒီယာပုံစံ လုပ်ကိုင်ဆောင်ရွက် ပြီဆိုရင် စည်းကမ်းတွေ၊ ကျင့်ဝတ်တွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ လွှမ်းခြုံနိုင်တဲ့ မီဒီယာ ဥပဒေ တစ်ခုလိုပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ရုပ်ရှင်က ရုပ်ရှင်ဥပဒေ၊ ဂီတက ဂီတ ဥပဒေ၊ သတင်းကလည်း သတင်းဥပဒေ၊ ပုံနှိပ်ကလည်း ပုံနှိပ်ဥပဒေ၊ ဥပဒေတွေက လက်လှုပ်ရင် လက်ချိုးတဲ့ ဥပဒေ၊ ခြေထောက်လှုပ်ရင် ခြေထောက်ချိုးတဲ့ ဥပဒေဖြစ်နေပါတယ်။ ခေတ်တွေ ပြောင်းနေတော့ ခေတ်ကို ဥပဒေက မမီနိုင်ဘူး ဖြစ်နေတယ်။
Content ကို လွှမ်းခြုံနိုင်တဲ့ ဥပဒေမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ Content ကို Platform နဲ့ လိုက်ပြီး ချိန်နေတယ်။ တီဗွီအစီအစဉ်ဆိုရင် ရုပ်မြင်သံကြားနဲ့ ဂြိုဟ်တု စလောင်းနဲ့သွားချိန်တယ်။ မဆိုင်ပါဘူး။ Content ရဲ့ Platform ကို သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ပြီးရင် Platform အမျိုးအစားကို ခွဲပေးပြီး လိုင်စင်သတ်မှတ်ပေးသင့်ပါတယ်။ ဒီလိုဆိုရင် ရှင်းရှင်းလင်းလင်းဖြစ်သွားမယ်။ လုပ်ရကိုင်ရလည်း လွယ်သွားမယ်။
ဦးစိုးမြင့် (Managing Director & Chief Editor)
မဇ္စျိမမီဒီယာ
ဒီနေ့လို ဆွေးနွေးမှုက အမှန်မှာ နောက်တောင်ကျပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး ဆွေးနွေးနေတဲ့ အချိန်မှာ တခြားစိန်ခေါ်မှုတွေက တစ်နေ့ထက်တစ်နေ့ တက်လာပါတယ်။ နည်းပညာစိန်ခေါ်မှု၊ တခြား ဆက်စပ်နေတဲ့ စိန်ခေါ်မှုတွေလည်း ပါပါတယ်။ နံပါတ်တစ်အချက်အနေနဲ့ ဆွေးနွေးတဲ့ အချိန်တောင် နောက်ကျနေတယ်လို့ ကျွန်တော်မြင်ပါတယ်။ နံပါတ်နှစ်က ကျွန်တော်တို့ ရှေ့ကို ပိုကြည့်ဖို့ လိုပါလိမ့်မယ်။ အဓိကကတော့ ဗဟုဝါဒကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်။ ပြည်သူတွေအနေနဲ့ ဒီထက်ပိုပြီး သိရှိလာအောင်၊ ဒီထက်ပိုပြီး အခွင့်အရေးတွေ ရလာအောင်၊ သူတို့တွေ ရွေးချယ်မှုတွေပိုရလာအောင် အခြေခံသလို တစ်ဖက်မှာလည်း တည်တံ့တဲ့ ဖွံ့ဖြိုးမှုကို ဦးတည်နိုင်တဲ့ လုပ်ငန်းတွေ လုပ်ဖို့လိုပါတယ်။
တရားမဝင် စလောင်းတွေကိစ္စက အခုမှဖြစ်တဲ့ကိစ္စ မဟုတ်ပါဘူး။ နက်နဲပါတယ်။ အတိတ်က အကြောင်းအရာတွေ အများကြီးပါပါတယ်။ ပြီးတော့ဒီဟာမှာ ဆိုင်ရာဆိုင်ရာ အကျိုးစီးပွားတွေ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကြည့်ရှုသူ ပြည်သူက အဓိကလို့ ထင်ပါတယ်။ ပြည်သူက ကြည့်ရှုချင်တယ်ဆိုရင် သူ့ကိုတားဆီးဖို့ မလွယ်ပါဘူး။ ရရင်တော့ ရနိုင်မယ်၊
ဒါပေမယ့် ခက်ခဲသွားပြီး ဒီထက်ပိုတဲ့ ပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီတော့ လုပ်ငန်းတွေကို ဥပဒေ ဘောင်အတွင်းမှာ အားလုံးပါဝင်တဲ့ ပေါင်းစပ်ညှိနှိုင်းမှု၊ ပေါင်းစပ်လုပ်ကိုင်မှုကို လုပ်ရပါမယ်။ ဥပဒေ ဘောင်အတွင်းမှာ တရားမဝင်ဖြစ်နေရင် တရားဝင်ဖြစ်အောင်၊ ပြည်သူနဲ့ နိုင်ငံတော်အကျိုးကို အဓိက ထားပြီးတော့ ကျွန်တော်တို့ လုပ်ဆောင်ဖို့လိုပါလိမ့်မယ်။
တိုးတက်လာတဲ့ နည်းပညာတွေနဲ့အတူ ဖြစ်လာတာတွေကို တားဆီးပိတ်ပင်ဖို့က ခက်ခဲပါတယ်။ စင်ကာပူလို နိုင်ငံမှာတောင် ဒါတွေက စိန်ခေါ်မှုတစ်ခုပါ။ ပြည်သူတွေအနေနဲ ကြည့်ရှုစရာတွေ များလာဖို့အတွက် ခုနကအွန်လိုင်းမှာ လုပ်နေတဲ့ လုပ်ငန်းတွေကို ဘယ်လိုမျိုးပေါင်းစပ်ပြီး ပူးပေါင်း လုပ်ကိုင်သွားမလဲဆိုတဲ့ နည်းလမ်းကိုပဲ ရှာရမှာဖြစ်ပါတယ်။ မှတ်ပုံတင်ခိုင်းတာတွေက တစ်ပိုင်း၊ တစ်ဖက်မှာ Disinformation ၊ Misinformation တွေ ဆောင်ရွက်နေတာမျိုးတွေက တစ်ပိုင်းပါ။ ဒါတွေကိုတော့ တိတိကျကျ လုပ်ဖို့လိုပါတယ်။ ဒါတွေက မှားနေတယ်ဆိုတာကို ပြည်သူသိအောင် ပြောပြလို့ရတဲ့ နည်းလမ်းတွေရှိပါတယ်။ ဒါတွေထဲမှာ အမုန်းစကားတွေ၊ ပြဿနာတွေ ပါလာနိုင်တဲ့ အတွက် လက်ခံလို့မရပါဘူး။
ဦးစိုးနိုင်(ဒုတိယညွှန်ကြားရေးမှူးချုပ်)
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန
ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေနဲ့ အရင် ၁၉၃၄ ခုနှစ် ကြိုးမဲ့ကြေးနန်း အက်ဥပဒေဆိုတာ ရှိပါတယ်။ ဒီဥပဒေကိုညွှန်းပြီး ရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာ အမိန့်ဆိုပြီး ၁၉၉၃ ခုနှစ် စက်တင်ဘာလမှာ ထုတ်ပြန်ကြေညာခဲ့တယ်။ အဲဒီတုန်းက နိုင်ငံတော်ရဲ့ လုံခြုံရေးတစ်ရပ်အနေနဲ့ ဂြိုဟ်တုစလောင်း သုံးစွဲသူတွေ မှတ်ပုံတင် ဆောင်ရွက်ထား ရှိတာပါ။ အဲဒီတုန်းက ၈ ပေစလောင်း၊ ၂ ပေစလောင်းတွေ များပါတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက် လိုင်စင်တွေ ထုတ်ပေးတာကို ရပ်ဆိုင်းခဲ့တယ်။ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ သက်တမ်းတိုးမြှင့်ခြင်းကိုပါ ရပ်ဆိုင်းခဲ့တယ်။ ၂၀၁၃ ခုနှစ်မှာ ဆက်သွယ်ရေး ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့တယ်။ ဒီဥပဒေမှာလည်း ဂြိုဟ်တုရုပ်မြင်သံကြား ရုပ်သံလွှင့်ခြင်းတွေဟာ မပါရှိ တော့ဘူး။ အခွန်အခ ကောက်ခံခြင်းတွေ မပါရှိတော့ဘူး။
အခုစလောင်းတွေကိစ္စက ဆက်သွယ်ရေးကိစ္စထက် ရုပ်မြင်သံကြားကြည့်ဖို့ ရည်ရွယ်ချက်က များတယ်။ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ Broadcast Law ကို ရေးဆွဲထားတယ်။ နည်းဥပဒေတော့ မပေါ်သေးဘူး။ ဒီဟာတွေကို ဥပဒေနဲ့အညီ သုံးစွဲစေဖို့ဆိုရင် ပြဋ္ဌာန်းပြီးဖြစ်တဲ့ ဥပဒေမှာ ပြင်ဆင်တာ ဒါမှမဟုတ် နောက်ဆက်တွဲပြဋ္ဌာန်းမယ့် နည်းဥပဒေမှာအပိုဒ်တွေ ထည့်သွင်းခြင်းတွေကို ပြုလုပ် သင့်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ကျွန်တော်တို့ဌာနမှာဆိုရင် ၂၀၁၃ ခုနှစ်မှာစပြီး ဆက်သွယ်ရေးကဏ္ဍကို ဖွင့်လှစ်ဆောင်ရွက်ခဲ့တယ်။ အရင်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တစ်ခုတည်းက ဆက်သွယ်ရေးဝန်ဆောင်မှုကိုပေးတယ်။ တစ်ဦးတည်းပေးတော့ ပြည်သူတွေအနေနဲ့ တစ်ခုတည်းပဲ သုံးရတာပေါ့။ ဒါကြောင့် ယှဉ်ပြိုင်မှုရှိလာအောင် ပုဂ္ဂလိကပါဝင်ခွင့်ပေးခဲ့တယ်။ ဒီလိုပဲ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ယှဉ်ပြိုင်မှုတွေရှိလာပြီး ရွေးချယ်စရာတွေ ပြည်သူတွေမှာ အများကြီး ရှိလာရင်၊ ဈေးသက်သာစွာနဲ့ ကြည့်ရှုခွင့်ရလာရင် တရားမဝင်စလောင်း တွေလည်း ပျောက်ကွယ် သွားမယ်ထင်ပါတယ်။ ။ ။
မော်စီ၊ ကေကေ၊ ဓာတ်ပုံ - ထိန်နန်နော်