အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ
Ministry of Information/ နေပြည်တော် / June 26, 2019
ရန်ကုန်-ဇွန် ၂၆
ဇွန်လ ၂၆ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး မူးယစ်ဆေးဝါး ပပျောက်ရေး အထိမ်းအမှတ်ပြတိုက် (ရန်ကုန်)၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး အောင်စိုးမိုးက အမှာစကား ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေထံမှ ပေးပို့သည့်သဝဏ်လွှာအား ရန်ကုန် တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့အတွင်းရေးမှူး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် မျိုးမင်းထိုက် က ဖတ်ကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးလှအေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၏ ပြိုင်ပွဲဝင် လက်ရာများနှင့် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိထားမှု မှတ်တမ်းဓာတ်ပုံများကို လိုက်လံ ကြည့်ရှုကြသည်။
၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၃၉၇၅ မှု၊ မူးယစ်ဆေးဝါး အမျိုးအစား ၂၂ မျိုး၊ တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၆၃၀၂၂၄ ဒသမ ၂၀၆ ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည့်အပြင် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲများကို တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်သူ ၇၄၆ ဦးရှိရာ ဆုရရှိသူ ၉၃ ဦး၊ ဗဟိုအဆင့် ဝင်ရောက် ယှဉ်ပြိုင်သူ ၇၄၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ရာဆုရရှိသူ ၅၆ ဦး ရှိကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ - ဇော်မင်းလတ် (MNA)
