မြန်မာ နှင့် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲကစားရန် သဘောတူညီမှုရရှိ
မြန်မာ နှင့် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲကစားရန် သဘောတူညီမှုရရှိ
Ministry of Information/ နေပြည်တော် / July 03, 2019

ရန်ကုန် ဇူလိုင် ၂
၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းနှင့် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲကစားရန် သဘော တူညီမှု ရရှိခဲ့သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် ဇူလိုင် ၁ ရက်မှစ၍ လေ့ကျင့် လျက်ရှိပြီး ပဏာမကစားသမား ၃၀ ဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲတွင် ခြေစွမ်းအဆင့်မီစွာ ယှဉ်ပြိုင် နိုင်ရန်အတွက် ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေးခရီးစဉ်များ သွားရောက်ကစားရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းနှင့် စက်တင်ဘာ ၁၄၊ ၁၆ ရက်တွင် ခြေစမ်းပွဲ နှစ်ပွဲကစားရန် နှစ်ဖက်ဘောလုံး အဖွဲ့ချုပ် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။ ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းသည် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းနှင့် အုပ်စုတစ်ခုစီ ကျရောက်နေသောကြောင့် ခြေစမ်းပွဲကစားခြင်းဖြစ်သည်။ ထိုင်း ယူ-၁၉ အမျိုးသမီး အသင်းသည် ၂၀၁၈ ခုနှစ် အောက်တိုဘာကလည်း မြန်မာနိုင်ငံသို့ လာရောက်ကာ မြန်မာယူ-၁၉ အမျိုးသမီး အသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားခဲ့သည်။
မြန်မာ ယူ- ၁၉ အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ဆက်လက် ကိုင်တွယ်နေပြီး ဇူလိုင်လ ဒုတိယပတ်မှစတင်ကာ ခြေစမ်းပွဲများ စတင်ကစားမည် ဖြစ်သည်။
မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းတွင် အုပ်ချုပ်သူ-ဒေါ်မြတ်မြတ်ဦး၊ နည်းပြချုပ်- ဒေါ်သက်သက်ဝင်း၊ လက်ထောက် နည်းပြ-ဒေါ်စန်းစန်းမော်၊ ဒေါ်စန်းယုနိုင်၊ ဂိုးနည်းပြ-ဦးကိုကိုအောင်၊ ဂိုး-ပိုးဥ၊ ဇူးလတ်နဒီ၊ ခင်မြတ်မိုး၊ စိမ်းလဲ့လဲ့ဦး၊ နောက်တန်း- ဇွန်ယုယဦး၊ နန့်ဇူးဇူးထက်၊ သဲအိမိုး၊ ကြည်ပြာလင်း၊ နော်ထက်ထက်ဝေ၊ မိုးမမစိုး၊ နှင်းမြသဇင်၊ မေသက်မွန်မြင့်၊ သဇင်အောင်၊ ကေကေ၊ အိအိကျော်၊ အလယ်တန်း- ပုံ့ပုံ့ ပြည့်မောင်၊ ဝင်းဝင်း၊ မေဖူးကို၊ မိုးမိုးသန်း၊ ဇင်မာထွေး၊ အေးအေးထွေး၊ ဘွဲ့လျန်ကိန်း၊ ရှေ့တန်း- နွယ်နီဝင်း၊ စန်းသော်သော်၊ ဆုပြည့်ပြည့်ကျော်၊ လင်းမြင့်မိုရ်၊ လင်းလဲ့ဦး၊ အေးမြတ်ခိုင်၊ ဆွေမာအောင်နှင့် အိစန္ဒာဇော်တို့ ပါဝင်ကြသည်။
ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်