ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများ စကားဝိုင်းကျင်းပ
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများ စကားဝိုင်းကျင်းပ
Ministry of Information/ နေပြည်တော် / July 05, 2019

ရှင်မင်း
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများ စကားဝိုင်းတွင် ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာစန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အလွတ်တန်းအကြံပေး ဦးမျိုးမြင့်ထွန်းနှင့် ဦးကိုကို(စက်မှုတက္ကသိုလ်) တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါသည်-
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းက မြန်မာ နိုင်ငံမှာ လူအတော် များများ စိတ်ဝင်စားနေကြတဲ့ ဥပဒေကြမ်းလို့လည်း ဆိုနိုင်ပါတယ်။ ပထမဆုံး အနေနဲ့ ဒီဥပဒေကြမ်းကို ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးဆွဲဖြစ်တယ်ဆိုတာကို ဆွေးနွေးပေးစေ လိုပါတယ်။
ဒေါက်တာစန်းစန်းအေး ။ ။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပေါ်ပေါက်တာကို အခြေ တည်ပြောရရင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကစပြီး ပေါ်ပေါက် လာတာပါ။ ဒီကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ၁၉၉၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလိုလက်မှတ်ရေးထိုးပြီးနောက်မှာ ကွန်ဗင်းရှင်းဝင်တဲ့နိုင်ငံတိုင်း ဆောင်ရွက်ရမယ့် အချက်ငါးချက် ရှိပါတယ်။ နံပါတ်တစ်အချက်က ဒီကွန်ဗင်းရှင်းနဲ့ လိုက်လျောညီထွေ မှုရှိတဲ့ နိုင်ငံတွင်းမှာ ဆောင်ရွက်မယ့် ဥပဒေတစ်ရပ် ရေးဆွဲရပါတယ်။ နံပါတ်နှစ်က နိုင်ငံတွင်းမှာရှိတဲ့ National Mechanism လို့ခေါ်တဲ့ အမျိုးသားကော်မတီကို ဖွဲ့စည်းရပါတယ်။ နံပါတ်သုံးက အကောင်အထည်ဖော် ဆောင် ရွက်ခြင်း၊ နံပါတ်လေး က စောင့်ကြည့်ခြင်းနဲ့ ကြီးကြပ်ခြင်း၊ နံပါတ်ငါးက အစီရင်ခံခြင်းဖြစ်ပါတယ်။ ဒါတွေ ဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း လက်မှတ်ထိုးပြီးတဲ့ ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေဆိုပြီး ထုတ်ပြန်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ ကလေးသူငယ်ဥပဒေရဲ့ နည်းဥပဒေ ထုတ်ပြန် ခဲ့တယ်။
▲ ကလေးသူငယ်ကို ဘာတွေစောင့်ရှောက်ပေးဖို့ လိုအပ်လာသလဲ ▲
အခုခေတ်မှာကျတော့ ကလေးသူငယ်အခွင့်အရေးတွေကို ကာကွယ်စောင် ရှောက်ပေးဖို့ Child Protection ဆိုတဲ့ ကဏ္ဍဘက်ကပဲ ကြည့်ပါတယ်။ ကလေး သူငယ်ကို ဘာတွေစောင့်ရှောက်ပေးဖို့ လိုအပ်လာသလဲဆိုတဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေကြမ်းအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ထွက်ပေါ်လာတယ်။ လူမှုဝန်ထမ်းဦးစီးဌာနက တကယ်တမ်း အခြေတည် ရေးဆွဲခဲ့တာက ၂၀၁၁ ခုနှစ်ကတည်းက ရေးဆွဲခဲ့တာဖြစ်ပါတယ်။ ဒီလိုရေးဆွဲတဲ့အခါမှာလည်းလူမှုအဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေး နွေးခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ National Launch လုပ်ခဲ့ပါတယ်။ အဲဒီကနေ ရေးဆွဲလာခဲ့တာ ၂၀၁၉ ခုနှစ်မှာ ပေါ်ထွက်လာတာဖြစ်ပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ၁၉၉၃ ခုနှစ်မှာ ကလေးသူငယ်ဥပဒေ ရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုက ဥပဒေအသစ်တစ်ခု အနေနဲ့ ထွက်ရှိခဲ့ပါတယ်။ ဘာကြောင့် ဥပဒေအသစ်တစ်ခုအနေနဲ့ ရေးဆွဲဖြစ်တယ် ဆိုတာကိုလည်း ပြောပြပေးပါ။
ဒေါက်တာစန်းစန်းအေး ။ ။ ဥပဒေနှစ်ခုကို နှိုင်းယှဉ်ပြီး ဆွေးနွေးပြောပြချင်ပါတယ်။ ကလေး သူငယ်ဥပဒေမှာ အခန်း ၁၉ ခန်း ရှိပါတယ်။ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ အခန်း ၃၀ ရှိပါတယ်။ ပုဒ်မပေါင်း ၇၅ ခု ရှိခဲ့ရာကနေ ပုဒ်မ ၁၂၁ ခုအထိ ရှိလာပါတယ်။ အဓိက ဘာကိုဦးတည်ရေးဆွဲ ခဲ့သလဲဆိုတာကတော့ ၁၉၉၃ ခုနှစ်ကနေ အခုအချိန်အထိ ကလေးသူငယ် တွေအတွက် ဘာတွေစောင့်ရှောက်ပေးဖို့ လိုအပ်တယ်ဆိုတဲ့အပေါ်မူတည်ပြီး အခန်းအသစ်တွေ ရေးဆွဲထားခြင်း ဖြစ်ပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဆက်ပြီးတော့ ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်အနေနဲ့ UN မှာ UN System Staff College မှာ ကျောင်းအုပ်ကြီးအဖြစ် လုပ်ခဲ့တယ်။ ကလေး သူငယ်များ ကိစ္စမှာလည်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေကြမ်းထွက်ပေါ် လာတဲ့ အပေါ်မှာ ပညာရှင်တစ်ဦး အနေနဲ့ တွေ့ မြင်တာတွေကို ပြောပြပေးပါ။
ဒေါက်တာအောင်ထွန်းသက် ။ ။ အဲဒီတုန်းက ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူတယ်။ စတာဝန်ယူတုန်းက ကိုယ့်နိုင်ငံရဲ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လာရင် ကလေးသူငယ်ကိစ္စတွေက အဓိကကျတဲ့ အစိတ်အပိုင်းတွေဖြစ်တယ်။ အဲဒီအချိန်တုန်းက တော်တော်စောတဲ့ အချိန်ပါ။ နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ ကွန်ဗင်းရှင်း၊ Convention on the Rights of the Child (CRC) လို့ ခေါ်ပါတယ်။ဒါကို ကိုယ့်နိုင်ငံက ပါဝင်လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခက်အခဲ တွေအများကြီးရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်အပြီး ၁၉၈၉ ခုနှစ်၊ ၁၉၉၀ ပြည့်နှစ်တွေဆိုတာ နိုင်ငံမှာ စိန်ခေါ်မှုတွေ အများကြီးရှိနေပါတယ်။ ဒီစိန်ခေါ်မှုတွေ အများကြီးထဲကနေ မဖြစ်မနေ လုပ်ခဲ့ကြ ပါတယ်။ ဘာကြောင့် လုပ်ရသလဲဆိုတော့ ကိုယ့်နိုင်ငံမှာရှိတဲ့ ကလေးတွေကို စောင့်ရှောက်ဖို့ အတွက် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကွန်ဗင်းရှင်းကို ပါဝင်လက်မှတ်ရေးထိုးနိုင်ရင် ဂုဏ်ရှိတင့်တယ်တယ်။ဂုဏ်ရှိတင့်တယ်ရုံတင်မကဘူး။ ဒီကလေးတွေအတွက် ဘာတွေလုပ်ပေးရမယ်ဆိုတာ ဒီကွန်ဗင်းရှင်းထဲမှာပါတယ်။ လက်မှတ်ထိုးပြီးတာနဲ ဆက်ပြီး အကောင်အထည်ဖော်ရ မှာတွေပါတယ်။
▲ မြန်မာနိုင်ငံနဲ့ မအပ်စပ်တဲ့ အမှုအခင်းတွေဖြစ်လာတဲ့အတွက် ဒီဥပဒေဟာ လိုအပ် ▲
အခုလက်ရှိဥပဒေမူကြမ်းထွက်ပြီဆိုတော့ ပိုပြီးဆီလျော်သွားပါတယ်။ အခု အချိန်မှာ ကိုယ့်လူ့အဖွဲ့ အစည်းမှာ ကြည့်လိုက်ရင် ကလေးတွေနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာတွေ အများကြီးပါ။ မြန်မာနိုင်ငံနဲ့ မအပ်စပ်တဲ့၊ လုံးဝမထင်မှတ်တဲ့ အမှုအခင်းတွေ၊ အထူးသဖြင့် စိတ်ကူးလို့တောင် မရတဲ့ အမှုအခင်းတွေဖြစ်လာတဲ့ အတွက် ဒီဥပဒေဟာ လိုအပ်တဲ့ ဥပဒေဖြစ်လာတယ်။
အခုချိန်မှာ ကလေးတွေကို ပိုပြီးစောင့်ရှောက်ရမယ်။ ဥပဒေတစ်ခုဟာ လူ့အခွင့်အရေးနဲ့ ပတ် သက်လာရင် သုံးခုလိုပါတယ်။ တစ်ခုက လေးစားမှုပါ၊ တစ်ခုက ကာကွယ်စောင့်ရှောက်မှုပါ၊ ပြီးတော့ အဖြေရှာဖို့ပါ။ ‘ဒီဥပဒေဟာ ကလေးတွေနဲ့ ပတ်သက်လာရင် ညစ်ညမ်းမှုဖြစ်တာ၊ လူကုန်ကူးမှုဖြစ်တာတွေက အဆိုးဆုံးပါ။ ဒီဥပဒေကို ကြိုဆိုပါတယ်။ ဒီဥပဒေမူကြမ်းကို အမြန်ဆုံး အကောင်အထည်ဖော်ပြီးတော့ ကလေးတွေရဲ့ လူ့အခွင့်အရေးကို စောင့်ရှောက်ဖို့ လိုတယ်။ နိုင်ငံကြီးသား ပီသတဲ့ လူတိုင်းမှာ တာဝန်ရှိပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဒီဥပဒေကို လွှတ်တော်မှာလည်းအသေးစိတ် တော်တော်များ များ ဆွေးနွေးခဲ့ပါတယ်။ ဆရာမ နော်လှလှစိုးအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့သာမက ဒီဥပဒေကိစ္စမှာလည်း နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဥပဒေကြမ်းကို လွှတ် တော်မှာ ဘယ်လိုရေးဆွဲခဲ့တယ်ဆိုတာနဲ့ လွှတ်တော်မှာ ဘယ်လိုဆွေးနွေးခဲ့တယ်ဆိုတာကို ရှင်းပြ ပေးပါ။
နော်လှလှစိုး ။ ။ ကျွန်မတို့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဥပဒေကို သက်ဆိုင် ရာဝန်ကြီးဌာနက အဆင့်ဆင့်လုပ်ခဲ့ပါတယ်။ ကျွန်မတို့ လွှတ်တော်ကို ၂၀၁၇ ခုနှစ်မှာ ရောက်ရှိ ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် ဇူလိုင် ၇ ရက်မှာ လွှတ်တော်ရဲ့ website မှာ တင်ပါတယ်။ ပြီးတော့ ဇူလိုင် ၁၃ ရက်မှာ နိုင်ငံပိုင်သတင်းစာ တွေမှာ ကြေညာပါတယ်။ ဒီလိုကြေညာချက်ရဲ့ အောက်မှာ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်တဲ့ အဖွဲ့အစည်းဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ ဆက်သွယ် ဆောင်ရွက်လို့ရပါ တယ်ဆိုပြီး စပြီးကြေညာလိုက်ပါတယ်။ အဲဒီအချိန်မှာကလေးသူငယ်ကာ ကွယ် စောင့်ရှောက်ရေးဥပဒေကို စိတ်ဝင်စားတဲ့ NGO ၊ INGO တွေ ချဉ်းကပ်လာပါတယ်။ အဲဒီတုန်းက ကျွန်မက လွှတ်တော်ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်များဆိုင်ရာ အခွင့်အရေးကော်မတီရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။ အဲဒီမှာ အဖွဲ့ပေါင်းများစွာရဲ့ ဆွေးနွေးမှုကို ကြားသိရပါတယ်။
▲ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲတဲ့ အချက်တွေ ပြည်ထောင်စုလွှတ်တော်ကို တင်တယ် ▲
ကျွန်မ မှတ်မိသလောက်ဆိုရင် ဆွေးနွေးမှုလုပ်ခဲ့တာ ၁၀ ကြိမ်ကျော်ပါတယ်။ ပြီးတော့ CSO တွေ ဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေပါ။ သူတို့အနေနဲ့ ပြည်သူတွေဆီက ကောက်ခံ လာတဲ့ အချက်အလက်တွေကို ကြားသိရပါတယ်။ ကျွန်မတို့ကော်မတီနဲ့ ဥပဒေကြမ်းကော်မတီနဲ့ တွေ့ပြီး ဆွေးနွေးတာတွေလည်း ရှိတယ်။ CSO တွေကိုလည်း ဥပဒေကြမ်းကော်မတီက ဖိတ်ပါ တယ်။ ဒီလိုမျိုးဆွေးနွေး ပြီးတော့ ပြည်သူ့လွှတ်တော်မှာ စပြီးဆွေးနွေးပါတယ်။ ပြီးရင် အမျိုးသား လွှတ်တော်မှာလည်း ဆွေးနွေးကြတယ်။ ကျွန်မမှတ်မိသလောက် အမျိုးသားလွှတ်တော်မှာ ဆွေး နွေးတုန်းက ကန့်ကွက်ဆွေးနွေးတာမျိုး မရှိဘူး။ ကလေးသူငယ် လက်ထပ်ခြင်းနဲ့ ပတ်သက်ပြီး အသက်ဆွေးနွေးတာတော့ရှိတယ်။ လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲတဲ့ အချက်တွေကို တော့ ပြည်ထောင်စုလွှတ်တော်ကို တင်တယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း ဆွေးနွေး ကြတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၇ ရက်မှာတော့ နောက်ဆုံး အကြိမ် ဆွေးနွေးပြီး အတည်ပြုနိုင် ခဲ့တယ်။ ဆွေးနွေးမှုရလဒ်ကိုလည်း နိုင်ငံတော် သမ္မတထံ ပေးပို့ထားပါတယ်။ ဒါကတော့ လွှတ် တော်ရဲ့ ထုံးစံဖြစ်ပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဆရာမ ဆွေးနွေးပြောပြတဲ့အထဲမှာ ဥပဒေရေးဆွဲ တဲ့အခါမှာ CSO တွေရဲ့ အခန်းကဏ္ဍပါတယ်လို့ သိရပါတယ်။ CSO တွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဦးမျိုးမြင့်ထွန်းက ဆွေးနွေး ပေးပါဦး။
ဦးမျိုးမြင့်ထွန်း ။ ။ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ် ပြောင်းလဲမှုကာလက ၂၀၁၁ ခုနှစ်မှာစပါတယ်။ မြန်မာနိုင်ငံက CRC ကို လက်မှတ် ထိုးတာကတော့ ၁၉၉၁ ခုနှစ်ကတည်းကပါ။ UN ကို အစီရင်ခံစာတင်ရပါတယ်။ ဒီလိုတင်တဲ့အခါ အကြံပြုချက်တွေ ပေးထားတာရှိပါတယ်။ ဒီအကြံပြုချက်ကို အခြေခံပြီး ဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေညှိနှိုင်းဆွေးနွေးပြီး တော့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ချက်ဖြစ်လာတဲ့အတွက် ပြုပြင်သင့် ပါတယ်ဆိုပြီး ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ်ကလေးတွေနဲ့ ပတ်သက်တဲ့ သက်ငယ်မုဒိမ်းကိစ္စတွေ၊ ကလေးလူကုန်ကူးခံရတဲ့ ကိစ္စတွေ၊ ညှဉ်းပန်း နှိပ်စက်တဲ့ကိစ္စတွေ အများ ကြီးဖြစ်နေတယ်။ နိုင်ငံတော်က အစီရင်ခံစာတင်ထားတဲ့ အကြံပြုချက်ကို အခြေခံပြီး အရပ်ဘက် အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လူမှုဝန်ထမ်း ဦးစီးဌာနနဲ့ ဆွေးနွေးပါတယ်။ ပြီးတဲ့အခါ လွှတ်တော် မှာလည်း ဆွေးနွေးပါတယ်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်ကတည်းက စလာတဲ့အခါ ၂၀၁၅ ခုနှစ်မှာ အရပ်ဘက် အဖွဲ့အစည်း ၅၀ ကျော် ပါဝင်လာပါတယ်။ ဒီလိုပါဝင်ပြီး နေပြည်တော်မှာလည်း ကျယ် ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒါတင်မပြီးသေးပါဘူး။ နောက်ထပ် တက်လာတဲ့ အစိုးရနဲ့ လည်း ထပ်ပြီးဆွေးနွေးပါတယ်။ ကျွန်တော်တို့ရဲ့ သဘောထားတွေ၊ လက်တွေ့မှာ အကောင် အထည်ဖော်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေကို လည်း ဆွေးနွေးပါတယ်။ ဒီလို စဉ်ဆက် မပြတ်ဆွေးနွေးနေရင်းနဲ့ ၂၀၁၇ ခုနှစ်မှာ လွှတ်တော်က ထုတ်ပြန်တဲ့အခါ ပိုပြီးတော့ ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်။
လွှတ်တော်ကို သွားပြီး ဆွေးနွေးနေရင်း လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်တွင်းမှာ၊ လွှတ်တော်ပြင်ပမှာပါ တွေ့ဆုံဆွေးနွေးမှုကနေ အကြံပြုပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဒီဥပဒေထွက် လာနိုင်တော့ စိတ်ချမ်းသာရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေးတွေကို အကာအကွယ်ပေး တဲ့အချက်တွေ အများကြီးပါတဲ့အတွက် ကြောင့် အားရကျေနပ်ပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ CSO တွေ အကြံပြုတဲ့ အချက်တွေကိုကော ဥပဒေကြမ်းမှာ တွေ့ရပါသလား။
ဦးမျိုးမြင့်ထွန်း ။ ။ အများကြီး တွေ့ရပါတယ်။ ခက်ခဲတဲ့ ကိစ္စတွေတောင်ပါပါတယ်။ အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခအခြေအနေမှာရှိနေတဲ့ ကလေးတွေကို ဘယ်လိုအကာအကွယ်ပေးရမလဲ ဆိုတာတွေ၊ ကလေးတွေကို အကြမ်းဖက်တဲ့အခါ ဘယ်လိုအကာအကွယ်ပေးရမလဲဆိုတာတွေ၊ ကလေးတွေကို အလုပ်သမားအဖြစ် ခိုင်းစေတဲ့ကိစ္စတွေ ပါဝင်ပြီးတော့ အများကြီး အကာအကွယ် ပေးထားပါတယ်။ ပြီးတော့ ပြစ်မှု၊ ပြစ်ဒဏ်ကိုလည်း အများကြီးမြှင့်ထားပါတယ်။ ပြီးတဲ့အခါ ကလေးတွေကို တရားစီရင်ရေးကိစ္စတွေကအစ စနစ်တကျ ဘယ်လို စီရင်ရမလဲဆိုတဲ့ကိစ္စတွေ ပါတဲ့အတွက်ကြောင့် ပိုကောင်းပါတယ်။ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ကလေး သူငယ် အခွင့်အရေးသဘောတူစာချုပ် Article အပိုဒ်တွေကအစ အများကြီးထည့်သွင်း ထားပါ တယ်။ ဒီစာချုပ်ကို အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက် ဒီစာချုပ်အထဲမှာပါတဲ့ အကြောင်း အရာ တွေကို ထည့်ပြီးဆွဲထားတဲ့အတွက်ကြောင့် စိတ်ချမ်းသာတယ်လို့ ပြောရတာ ဖြစ်ပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ ဒီဥပဒေနဲ့ ပတ်သက်ပြီး ဥပဒေအမြင်ရှုထောင့် ကနေ ဘယ်လိုမြင် တယ်ဆိုတာကိုလည်း သိချင်ပါ သေးတယ်။ ဒါကြောင့် ဥပဒေပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဘယ်လို ချဉ်းကပ်ခဲ့တယ်ဆိုတာနဲ့ ဥပဒေအဆင့်မရောက်သေးတဲ့ ဥပဒေကြမ်းဟာ ဘယ်အဆင့်မှာ ရှိတယ် ဆိုတာ သိပါရစေ။
ဒေါက်တာသီတာစန်း ။ ။ လွှတ်တော်ကို ရောက်သွားရင် ဥပဒေကြမ်းလို့ ပြောပါတယ်။ တကယ် တမ်းကတော့ ၂၀၁၁ ခုနှစ် စတင် ဆွေးနွေးကတည်းက ဥပဒေမူကြမ်းကို ရေးရပါတယ်။ ရေးတဲ့ အခါမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကနေ ကျွန်မတို့ ရှေ့နေချုပ်ရုံးကိုလည်း ဖိတ်ကြားပါတယ်။ ကျွန်မတို့ရုံးကလည်း ပါဝင်ဆွေးနွေပြီးတော့ Final Draft ရပြီဆိုရင် ကျွန်မတို့ရုံးကို ပေးပို့ပြီး အကြံ ပြုချက်တွေ တောင်းရပါတယ်။ ဒီလိုအကြံပြုချက်တွေတောင်းတဲ့အခါ ထပ်ပြီး ဆွေးနွေးရပါတယ်။ ဒီလို ဆွေးနွေးတာအကြိမ် ခြောက်ကြိမ်လောက်ရှိပါတယ်။ ဘာဖြစ်လို့ အကြိမ်များစွာ ဆွေးနွေးကြ သလဲ ဆိုရင် ခေတ်နဲ့ညီတဲ့ ဥပဒေဖြစ်အောင်၊ ကွန်ဗင်းရှင်းပါအချက်တွေ ညီအောင်ပါ။ ကျွန်မတို့ ဆီက အကြံပြုချက်တွေပြီးရင် ဒီဥပဒေကြမ်းကို Cabinet တင်ပြီး အတည်ပြုချက်ယူရပါတယ်။ ဒီလို အတည်ပြု ချက်ယူဖို့အတွက် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ တင်ရပါ တယ်။ ပြီးမှ Cabinet အတည်ပြုပြီး လွှတ်တော်ကို တင်ရပါတယ်။ လွှတ်တော်ရောက်သွားပြီး လွှတ်တော်မှာ ထပ်ပြီး ဆွေးနွေးကြပါတယ်။ တကယ်တော့ ဥပဒေကြမ်းဆိုတာ ခေတ်နဲ့အညီ တည် ဆောက်ရပါတယ်။
▲ သမ္မတထံ ရှေ့နေချုပ်ရုံးက ဒီအကြံပြုချက်တွေကို ပေးပို့ရ ▲
ခုနကမေးတဲ့ ဥပဒေကြမ်းက ဘယ်အဆင့်ရောက်ပြီလဲဆိုရင် ပြည်ထောင်စု အဆင့်က အကုန်အ တည်ပြုပြီးသွားပြီးတော့ နိုင်ငံတော်သမ္မတဆီ တင်ပြ လက်မှတ်ထိုးရမယ့်အဆင့်ပါ။ လက်မှတ်ထိုး မယ့်အဆင့်မှာလည်း သမ္မတထံ ရှေ့နေချုပ်ရုံးက ဒီအကြံပြုချက်တွေကို ပေးပို့ရပါတယ်။ ပြီးရင် လွှတ်တော်ကို ပြန်ပြီးပို့ပေးပါတယ်။
ဦးကိုကို(စက်မှုတက္ကသိုလ်) ။ ။ အခုအဆင့်က ပြည်ထောင်စုလွှတ်တော်က သမ္မတထံ ပေးပို့ထား တယ်။ မကြာမီ ပြန်လည် ကျင်းပတော့မယ့် လွှတ်တော်မှာ သမ္မတ မှတ်ချက်နဲ့ ပြန်ပြီးဆွေးနွေး အတည်ပြုကြမယ်လို့ ဆွေးနွေးတဲ့အပေါ်ကနေ ခြုံငုံပြီး မြင်ပါတယ်။ နောက်တစ်ခုက ဥပဒေကို လေ့လာကြည့်တဲ့အခါ ကလေးသူငယ်တွေရဲ့ အခွင့်အရေးပိုင်းကို အများကြီးကာကွယ် ပေးထားပြီး တော့ အခန်း ၁ ဖော်ပြချက်မှာ ကလေးသူငယ်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်က ၁၈ နှစ်မပြည့်သေးတဲ့ ကလေးသူငယ်လို့ ဆိုထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေး ပေးစေလိုပါတယ်။
ဒေါက်တာစန်းစန်းအေး ။ ။ ၁၉၉၃ ကလေးသူငယ်ဆိုင်ရာ ဥပဒေမှာ ကလေး သူငယ်ရဲ့ အသက်ကို ၁၆ နှစ်လို့ ပြောခဲ့ပြီးတော့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမှာကျတော့ နိုင်ငံတကာမှာ လေ့လာတယ်၊ ကိုယ်နဲ့ နီးစပ်တဲ့ န်ိုင်ငံတွေကိုပါ လေ့လာတယ်၊ ဒီလိုလေ့လာတဲ့အခါ အသက် ၁၈ နှစ်လို့ သတ်မှတ်တာတွေ့ရတဲ့အတွက် အသက် ၁၆ နှစ်ကနေ အသက် ၁၈ နှစ် ကိုမြှင့်ပေးလိုက် ပါတယ်။ ကလေးသူငယ်ရဲ့အခွင့်အရေး အကောင်းဆုံးဖြစ်အောင်လို့ သတ်မှတ်လိုက်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)