စူပရင်းသွေးလှူရှင်များမိသားစု၊ သွေးလှူရှင်အသင်းများနှင့် ပြည်သူများ စုပေါင်းသွေးလှူဒါန်း


Ministry of Information/ ​နေပြည်တော် / July 05, 2019
image_latest


နေပြည်တော် ဇူလိုင် ၄

စူပရင်းသွေးလှူရှင်များအသင်းက ဦးစီး၍ သွေးလှူရှင်အသင်းများ၊ ပြည်သူများ ပူးပေါင်းကာ (၁၄)ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပသည်။

အခမ်းအနားတွင် တာဝန်ရှိသူများ ကအမှာစကားပြောကြားခြင်း၊ သွေးလှူဒါန်းမှု ရည်ရွယ်ချက်များ ရှင်းလင်း တင်ပြခြင်း၊ သွေးလှူဒါန်းခြင်းနှင့် သက်ဆိုင်သည့် အသိပညာများ မျှဝေခြင်း၊ အလှူငွေ များပေးအပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ကြပြီး အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သွေးအလှူရှင် များ တက်ရောက်ကြသည်။

(၁၄) ကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲတွင် ရဟန်းသံဃာများ၊ စူပရင်း မိသားစုသွေးလှူရှင် အသင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များ နှင့်ကျေးရွာများမှ သွေးလှူရှင် အသင်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ တစ်ဦး ချင်းသွေးလှူဒါန်းသူများ၊ ဌာနဆိုင်ရာများမှ သွေး အလှူရှင်များ စုစုပေါင်း လူဦးရေ ၁၀၀၀ ကျော် ပါဝင်လှူဒါန်းကြသည်။

“စူပရင်းသွေးလှူရှင်များမိသားစု အနေနဲ့ ယခင်ရန်ကုန်မြို့မှာပဲ သွေးလှူ ပွဲတွေ ကျင်းပခဲ့တာဖြစ်ပြီး နေပြည်တော် အနီးတစ်ဝိုက် သွေးလိုအပ်တဲ့အခါ သွေးလှူရှင် ရှာဖွေရာမှာ ခက်ခဲမှုတွေရှိ တယ်လို့ ကြားရတဲ့အတွက် နေပြည်တော်က သွေးလှူရှင်တွေနဲ့ ပူးပေါင်းပြီး လာရောက်လှူဒါန်းဖြစ်တာပါ။ ခုလို လှူဒါန်းတဲ့အတွက် သွေးလှူရှင် ပရဟိတ အသင်းတွေ ကွန်ရက်ချိတ်ဆက်မှု ရရှိစေပြီး လိုအပ်တဲ့အခါမှာ လွယ်ကူ အဆင်ပြေစွာနဲ့ အသက်ကယ်လုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်” ဟု စူပရင်းသွေးလှူရှင် များမိသားစု၏ ပူးတွဲဥက္ကဋ္ဌ ဒေါ်မြတ်သန္တာ က ပြောသည်။

ယခု သွေးလှူဒါန်းပွဲကို ဇူလိုင်၅ ရက်အထိ နှစ်ရက်ပြုလုပ်သွားမည်ဖြစ်ပြီး သွေးပုလင်းပေါင်း ၁၀၀၀ ခန့် ရရှိရန် မျှော်မှန်းထားကာ စူပရင်းသွေးလှူရှင် များမိသားစုက ပါဝင်လှူဒါန်းကြသည့် သွေးလှူရှင်များကို ငွေကျပ် သိန်း ၁၃ဝတန်ဖိုးရှိ အာဟာရဖြည့် အစားအစာများနှင့် ထောက်ပံ့ ပစ္စည်းများ၊ ဂုဏ်ပြုဆု တံဆိပ်များကို ပေးအပ်သွားမည်ဖြစ် ကြောင်း သိရသည်။

သတင်းစဉ်