မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအသင်း (ယာယီ) ၏ ဝါကျွတ်အိဒ်ပွဲတော် ဘာသာပေါင်းစုံ ညစာစားပွဲ အခမ်းအနားကျင်းပ


Ministry of Information/ ရန်ကုန် / July 15, 2019
image_latest


ရန်ကုန် ဇူလိုင် ၁၄

မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအသင်း (ယာယီ) ၏ ဝါကျွတ်အိဒ်ပွဲတော် ဘာသာပေါင်းစုံညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ Strand Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအသင်း (ယာယီ) နာယက အငြိမ်းစားသံအမတ်ကြီး ဒေါက်တာ လှမောင်က ကြိုဆိုနှုတ်ခွန်း ဆက်စကား ပြောကြားသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး၊ မလေးရှား သံအမတ်ကြီး၊ အမေရိကန်သံရုံး ယာယီတာဝန်ခံနှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသောင်းထိုက်တို့က အမှာစကားပြောကြားကြသည်။
ယင်းနောက် မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဋ္ဌ ဦးသန်းလွင် က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ညစာဖြင့် တည်ခင်း ဧည့်ခံသည်။
မိတ်ဆုံစားပွဲကို မြန်မာမွတ်စလင်(မ်) စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့က ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တည်ဆောက်လိုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့ရာ ယခုဆိုလျှင် နဝမအကြိမ်မြောက်ဖြစ်ကြောင်း၊ ယခုမိတ်ဆုံစားပွဲ ကျင်းပခြင်းသည် လက်ရှိမြန်မာနိုင်ငံတွင် တည်ဆောက်လျက်ရှိသည့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုနိုင်စေရန် အတွက်ဖြစ်ကြောင်း အငြိမ်းစား သံအမတ်ကြီး ဒေါက်တာ လှမောင် က ပြောသည်။
(သတင်းစဉ်)