နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ပိန္ဒဲကုန်းကျေးရွာအုပ်စု အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက် ဆရာတော် အား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ပိန္ဒဲကုန်းကျေးရွာအုပ်စု အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက် ဆရာတော် အား ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်
Ministry of Information/ နေပြည်တော် / July 18, 2019
ရန်ကုန် ဇူလိုင် ၁၈
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ပိန္ဒဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာ အောင်ဇမ္ဗူ ပရိယတ္တိစာသင်တိုက် ဆရာတော်အား သွားရောက်ဖူးမြော်ပြီး ဝါဆို သင်္ကန်း ဆပ်ကပ်လှူဒါန်းသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ နံနက် ၉ နာရီတွင် ကော့မှူးမြို့နယ် ရှိ အောင်ဇမ္ဗူပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိ ရာ ကော့မှူးမြို့နယ် သံအိုင်ကျေးရွာ ခရစ်ယာန်အသင်းတော် တယောအဖွဲ့မှ လူငယ် များက “ဇာတိမာန်” သီချင်းဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အောင်ဇမ္ဗူပရိယတ္တိ စာသင် တိုက်ဆရာတော် ဘဒ္ဒန္တကေတုမာလာအား ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်း လောင်းအမျှ ပေးဝေသည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရွှေတောင်ဖောင်ဒေးရှင်းက ပိန္ဒဲကုန်းကျေးရွာအုပ်စု ဆင်ခြံကျေးရွာ အောင်ဇမ္ဗူဘုန်းတော်ကြီးသင် ပညာရေး ကျောင်းဝင်းအတွင်း၌ တည်ဆောက်လှူဒါန်းသည့် အောင်ဇမ္ဗူလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း RC နှစ်ထပ်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ တက်ရောက်ချီးမြှင့်သည်။
အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျောင်းဆောင်သစ်ကမ္ဗည်း မော်ကွန်းအား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးပြီး စာသင်ခန်များအတွင်း လိုက်လံ ကြည့်ရှုသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဆရာမများ၊ ကျောင်းသား ကျောင်းသူ များနှင့် လည်းကောင်း၊ ကော့မှူးမြို့နယ် သံအိုင်ကျေးရွာ ခရစ်ယာန် အသင်းတော် တယောအဖွဲ့မှ လူငယ်များ၊ ဘင်ခရာအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ များနှင့် လည်းကောင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပညာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရွှေတောင်ဖောင်ဒေးရှင်းနာယက ဦးအိုက်ထွန်းက ကျောင်းဆောင် သစ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးရဲမြင့် က ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို အောင်ဇမ္ဗူ လူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ ဂေဟာမှူး ဦးမင်းသိန်းထံ လွှဲပြောင်း ပေးအပ်သည်။
ထို့နောက် ပညာရေးလုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေသည့် နေအုပ် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနေအုပ်က ကျောင်းဆောင်သစ် လှူဒါန်းသည့်အတွက် ဝမ်းမြောက် စကားပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးထံ ပြည်တွင်း၊ ပြည်ပ အလှူရှင်များက သန့်စင်ခန်း၊ ကွန်ပျူတာစားပွဲ၊ စာရေးထိုင်ခုံ၊ ကျောင်းအားကစား ကွင်း၊ ရေစင်အဆောက်အဦ၊ ကျောင်းသား၊ ကျောင်းသူများအတွက် ဗလာ စာအုပ်နှင့် ရေသန့်ဘူးများ၊ ကျောင်းသုံးပရိဘောဂများကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက်ရပ်မိ ရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ ကျောင်းဆောင်သစ်မှာ စာသင်ခန်း (၈)ခန်း ပါဝင်သည့် RC နှစ်ထပ် ကျောင်းဆောင်သစ်ဖြစ် ကြောင်းသိရသည်။
ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အောင်ဇမ္ဗူပရိယတ္တိ ကျောင်းတိုက်ဆရာတော်နှင့် သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်လှူဒါန်းသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ သူရဦးအောင်ကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြန်မာ နိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ ရွှေတောင်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံ ပြည်သူများတက်ရောက်ကြသည်။
Ref; Myanmar State Counsellor Office
