အာဆီယံဘက်စုံ ဘေးကင်းလုံခြုံသော စာသင်ကျောင်းလုပ်ငန်းတိုးတက်မှု အစီရင်ခံခြင်းဆိုင်ရာ လမ်းညွှန်အား မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / July 23, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၃

အာဆီယံဘက်စုံ ဘေးကင်းလုံခြုံသော စာသင်ကျောင်းလုပ်ငန်းတိုးတက်မှု အစီရင်ခံခြင်းဆိုင်ရာ လမ်းညွှန်အား မိတ်ဆက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီတွင် နေပြည်တော် သင်္ဂဟဟိုတယ်၌ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ Regional ASEAN Safe School Initiative အစီအစဉ်မှတာဝန်ရှိသူများ၊ Plan International Myanmar မှ တာဝန်ရှိသူများ၊ Disaster Preparedness and Response in Educationနှင့် Disaster Risk Reduction Working Group မှ က်ိုယ်စားလှယ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများသည် နှစ်စဉ်သဘာ၀ ဘေးအန္တရာယ်ကြောင့် ပညာရေးနှင့် ပတ်သက်သည့် အခြေခံအဆောက်အဦများ ပျက်စီးဆုံးရှုံးခြင်း၊ ထိခိုက်ပျက်စီးမှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်း၊ ပညာရေးလုပ်ငန်းများ နှောင့်နှေး ကြန့်ကြာခြင်း၊ ပညာရေးဘတ်ဂျက်များ ပိုမိုကျခံသုံးစွဲရခြင်းစသည်တို့ကို ရင်ဆိုင်ကြုံတွေ့ နေရပါ ကြောင်း၊ ၂၀၀၈ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမုန်တိုင်းနာဂစ်ကြောင့် စာသင်ကျောင်း ပေါင်း ၂၄၀၀ကျော် ထိခိုက်ပျက်စီးခဲ့ရပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရေကြီးရေနှစ်မြုပ်မှု များကြောင့် မြန်မာတစ်နိုင်ငံလုံးတွင် စာသင်ကျောင်း(၄၀၀၀)ကျော် ထိခိုက်ခဲ့ပြီး စာသင်ကျောင်း(၆၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊၂၀၀၈ ခုနှစ် နှစ်လယ်မှစ၍ သဘာ၀ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများကို ပညာရေးကဏ္ဍအတွင်း ပေါင်းစည်းထည့်သွင်းခြင်းကို စတင်လုပ်ဆောင်ခဲ့ပြီး နိုင်ငံ တော် အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက်(၂၀၁၇)အား အပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်လျော့ချရေး မူဘောင်ဖြစ်သည့် ဆန်ဒိုင်းမူဘောင်(Sendai Framework for Action)နှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ် တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူညီချက်(AADMER) တို့နှင့်အညီ ပြုစုခဲ့ပါကြောင်း၊ ဘက်စုံဘေး ကင်းလုံခြုံသော စာသင်ကျောင်းလုပ်ငန်းစဉ်များသည် ASEAN Education Work Plan 2016-2020 ၏ ဦးစားပေးလုပ်ငန်းတစ်ခုဖြစ်သည့်အပြင် မြန်မာနိုင်ငံသဘာ၀ဘေးအန္တရာယ်လျော့ ပါးရေးလုပ်ငန်း စီမံချက် ၂၀၁၇ ၏ ဦးစားပေး လုပ်ငန်းစဉ်လည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ပြီး စာသင်ကျောင်း ဘေးကင်းလုံခြုံရေး လုပ်ငန်းများအား အာဆီယံနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၏ နည်းပညာနှင့် ရန်ပုံငွေပံ့ပိုးမှုများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း။

ယခု အလုပ်ရုံဆွေးနွေးပွဲမှ ရှေ့ဆက်လုပ်ငန်းစဉ်များ ဖော်ထုတ်ရာတွင်လည်း လက်တွေ့ကျသော လုပ်ငန်းစဉ်များအား ဆွေးနွေးဖော်ထုတ်ကြရန် လိုပါကြောင်း၊ မြန်မာနိုင်ငံသည် ရာသီဥတု ပြောင်းလဲ မှုများကြောင့် သဘာ၀ဘေးအန္တရာယ်များကို နှစ်စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့ နေရပါကြောင်း၊ ထိုဘေးအန္တရာယ်များသည် နိုင်ငံ၏ပညာရေ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးစေပါကြောင်း၊ ဘက်စုံဘေးကင်းလုံခြုံသော စာသင်ကျောင်းများ ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများ၊ လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းတင်သာမကဘဲ အခြားသောဝန်ကြီးဌာနများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများအပြင် ပြည်သူ တစ်ရပ်လုံးက မိမိတို့ တတ်စွမ်းသည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြမှသာ ဘေးအန္တရာယ်များကို ကြံ့ကြံ့ ခံရင်ဆိုင်နိုင်သည့် ပြီးပြည့်စုံသော ပညာရေးစနစ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းနှင့် Plan International Myanmar မှ တာဝန်ရှိသူတစ်ဦးက အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်သည့်ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြကြသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်အထိ (၂)ရက်ကြာ ကျင်းပခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)