လယ်ယာကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျှော်မှန်းချက် ပြည့်မီလွှမ်းခြုံနိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှု မူဝါဒကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြင်ဆင်ရေးဆွဲနေ


Ministry of Information/ ​နေပြည်တော် / July 25, 2019
image_latest


ပြည်သူက တစ်ခဲနက်ရွေးချယ်တင်မြှောက်ခဲ့သော ပြည်သူ့အစိုးရ၏ သက်တမ်းမှာ သုံးနှစ်ပြည့်မြောက် ခဲ့ပြီဖြစ်သည်။ သုံးနှစ်တာကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ် အသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ကာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သည့် ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင် ရွက်မှုများမှာ အားလုံးကောင်းမွန်အောင်မြင်ပါသည်ဟူ၍ မဆိုနိုင်သေးသည့်တိုင် သိသာထင်ရှားစွာ မြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ရုန်းကန်နေရ ဆဲလုပ်ငန်း စဉ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ တတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများ အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များအလိုက် မှတ်တမ်းပြုတင်ပြအပ်ပါကြောင်း။

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်လျက်ရှိပြီး အဓိကစီးပွားရေး လုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်၍ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျှော်မှန်းချက် ပြည့်မီလွှမ်းခြုံနိုင်မည့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှု မူဝါဒကို ပြင်ဆင်ရေးဆွဲခဲ့သည်။

လယ်ယာကဏ္ဍ ဖွံ့ ဖြိုးတိုးတက်မှု ၂ ဒသမ ၄ ရာခိုင်နှုန်း ရည်မှန်းချက်ပြည့်မီရန်အတွက် တတိယ (၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူကို ယခုကဲ့သို့ တွေ့ဆုံမေးမြန်းခဲ့သည် -

မေး ။ ။မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာ ဗျူဟာနဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို သိချင်ပါတယ် ခင်ဗျာ။

ဖြေ ။ ။မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ် (၂၀၁၈ - ၂၀၁၉ မှ ၂၀၂၂ - ၂၀၂၃ အထိ) ရေးဆွဲ ခဲ့ပါတယ်။ ဒီမဟာဗျူဟာနဲ့ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို အာရှဖွံ့ ဖြိုးရေးဘဏ် (ADB) ၊ ကုလသမဂ္ဂစားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (FAO)၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကဏ္ဍဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့တို့ရဲ့ နည်းပညာအကူအညီနဲ့ ပြုစုရေး ဆွဲခဲ့ခြင်း ဖြစ်ပါတယ်။

ယခုလိုရေးဆွဲရာမှာ ဒုတိယကာလတို ၅ နှစ် လယ်ယာကဏ္ဍ မူဝါဒနဲ့ လုပ်ငန်းစဉ်များ (၂၀၁၆ ခုနှစ်)၊ အမျိုးသားစီးပွားရေးမူဝါဒ(၂၀၁၆ ခုနှစ်)၊ စီးပွားရေးပြုပြင်ပြောင်းလဲရေးမူဘောင်၊ အမျိုးသားအဆင့် ဘက်စုံဖွံ့ ဖြိုးရေး အနာဂတ်လားရာ မျှော်မှန်းချက်၊ အမျိုးသားအဆင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ အမျိုးသားပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာစတဲ့ မူဘောင်တွေအတွင်းက ရေးဆွဲထားတာ ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။

မေး ။ ။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနရဲ့ လုပ်ဆောင်ချက် တွေကို သိချင်ပါတယ်။

ဖြေ ။ ။ဦးစီးဌာနအနေနဲ့ စားနပ်ရိက္ခာ ဖူလုံရေး၊ အစားအစာ ဘေးကင်းလုံခြုံရေး၊ တောင်သူတွေရဲ့ ဝင်ငွေတိုးတက်ရရှိရေး၊ အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းပြည်ပ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အမယ်စုံသီးနှံတွေနဲ့ စက်မှုကုန်ကြမ်းသီးနှံတွေ တိုးချဲ့စိုက်ပျိုးရေးကို မျှော်မှန်းပြီးအားထုတ် ဆောင်ရွက်လျက်ရှိ ပါတယ်။

တိုးမြှင့်လုပ်ဆောင်

ယခုနှစ်မှာ ဆန်စပါးမျိုးစေ့ထုတ် ဧကပေါင်း ၇၁၃၇ ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး တင်းပေါင်း ၅၈၀၅၆၂၀ ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေ (GAP) နဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့နှစ်က သီးနှံ ၁၅ မျိုး ကြေညာနိုင်ခဲ့ရာက ယခုနှစ်အတွင်းမှာ သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးပြီး ဈေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားကို တိုးမြှင့်ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ GAP စံပြကွက်တွေအဖြစ် မိုးမြေပဲ ၁၅၅၈ ဧက၊ မိုးနှမ်း ၃၂၅ ဧက၊ ဆောင်းမြေပဲ ၃၂၅ ဧက၊ ဆောင်းနှမ်း ၆၅ ဧကနဲ့ ဆောင်းနေကြာ ၈၃ ဧက စိုက်ပျိုးပြသပေးနိုင်ခဲ့ပါတယ်။

GAP သင်တန်းပေါင်း ၁၅၃၈ ကြိမ်၊ မျိုးစေ့ထုတ် နည်းပညာပေးသင်တန်း ၁၃၈၃ ကြိမ်နဲ့ သီးနှံကာကွယ်ရေး နည်းပညာပေးသင်တန်း ၁၀၇၅ ကြိမ်၊ အခြားနည်းပညာပေးသင်တန်း ၁၃၈၃ ကြိမ်နဲ့ တောင်သူဆွေးနွေးပွဲ အကြိမ် ၂၆၂၈၀ ဆောင်ရွက်နိုင်ခဲ့ပါတယ်။

တိုးချဲ့ဆောင်ရွက်

ဖေဖော်ဝါရီလအထိ GAP အသိအမှတ်ပြု လက်မှတ် ၂၅၃ စောင် ထုတ်ပေးခဲ့ပြီး ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာတွေကို တစ်မြို့နယ်ကိုတစ်ရွာ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဟင်းသီးဟင်း ရွက်နှင့် သစ်သီးဝလံ သုတေသနဗဟိုဌာနအနေနဲ့ ၂၀၁၉ ခုနစ် ဇန်နဝါရီလ ၂၆ ရက်မှာ မြန်မာ့အော်ဂဲနစ် စံချိန် စံညွှန်းများကို အသိပေးကြေညာခြင်းနဲ့ ဟင်းသီးဟင်းရွက်သီးနှံပြပွဲကို ကျင်းပပေးခဲ့ပါတယ်။ မြေဩဇာကော်မတီအနေနဲ့ မှတ်ပုံတင်လက်မှတ် ၁၁၉၇ ခုကို ထုတ်ပေးခဲ့ပါတယ်။

မှတ်ပုံတင်နိုင်

ဇီဝနည်းပညာ ဓာတ်ခွဲခန်းကို ကြံသီးနှံ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ (ပျဉ်းမနား) မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး ရောဂါအမျိုးအစားတွေကို ခွဲခြားပေးနိုင်ခဲ့ပါတယ်။ ကြံမျိုးသစ် (၂)မျိုး အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီး ရာသီကော်ဖီဌာနခွဲအနေနဲ့ နိုင်ငံပိုင်ခြံနဲ့ ပုဂ္ဂလိကခြံ ရှစ်ခုတို့ကို GAP အသိအမှတ်ပြု လက်မှတ်ထုတ်ပေး၍ ကော်ဖီမျိုးကောင်းမျိုးသန့် ၁၂ မျိုးကို မှတ်ပုံတင်နိုင်ခဲ့ပါတယ်။

လေ့ကျင့်ပညာပေး

ချည်မျှင်ရှည်ဝါအနေနဲ့ မျိုးကောင်းမျိုးသန့် ၄၃၄၆၂ ဒသမ ၅ ပိဿာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ပိုးချည်ထုတ်လုပ်ရေးအတွက် F1 မျိုးပိုးဥ ၂၈၈ ကတ် ဖြန့်ဖြူးပေးခဲ့သလို တောင်သူ ၅၂၂ ဦးကို ပညာပေးသင်တန်းအကြိမ် ၂၀ ၊ ToT အနေနဲ့ ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာနမှာ စိုက်ပျိုးပညာပေးသင်တန်း ၃၃ ကြိမ် ကျင်းပခဲ့ပြီး ဝန်ထမ်းပေါင်း ၁၅၁၄ ဦးကို လေ့ကျင့် ပညာပေးနိုင်ခဲ့ပါတယ်။ ပြည်တွင်း၊ ပြည်ပအဖွဲ့ အစည်းများနဲ့ ပူးပေါင်းပြီး တောင်သူ ၂၅၁ ဦး အတွက် တောင်သူပညာပေးသင်တန်း ငါးကြိမ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

မေး ။ ။ လယ်ယာမြေပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ ။ ။လက်ရှိအချိန်အထိ တောင်သူ ၆၀၂၈၀၉၀ ကို ဧရိယာ ၂၅၂၀၆၂၇၄ ဧကအတွက် ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၉၃ ဒသမ ၃၅ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခုနှစ်အတွင်း တောင်သူ ၅၉၅၄၈ ဦးအတွက်ဧရိယာ ၂၄၆၃၀၉ ဧကကို ပုံစံ(၇) ထုတ်ပေးနိုင်ခဲ့ပြီး ၃ နှစ်တာကာလအတွင်း တောင်သူ ၂၁၅၁၉၀ အတွက် ပုံစံ(၇) ၉၆၇၁၀၁ ဧကကို ထပ်မံထုတ် ပေးနိုင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ(မူကြမ်း)ကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးပြင်ဆင်တဲ ဥပဒေကို ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၄ နဲ့ ပြင်ဆင်ပြဋ္ဌာန်းပေးခဲ့ပြီး နည်းဥပဒေကို ပြင်ဆင်ရေး ဆွဲလျက်ရှိပါတယ်။

ပင်ရင်းပိုင်ရှင်

ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရဲ့ မြေပေါ် မြေအောက်၊ ရေပေါ်ရေအောက်နဲ့ လေထုအတွင်း မှာရှိတဲ့ သယံဇာတပစ္စည်းတွေရဲ့ ပင်ရင်းပိုင်ရှင် ဖြစ်တဲ့နိုင်ငံတော်အနေနဲ့ မိမိပိုင် သယံဇာတပစ္စည်း တွေကို နိုင်ငံသားတွေ ပစ္စည်းပိုင်ဆိုင်ခွင့်၊ အမွေဆက်ခံခွင့်နဲ့ ကိုယ်ပိုင်လုပ်ကိုင်ခွင့်တွေ ခွင့်ပြုနိုင်ရေးအတွက် အယုတ်အလတ်အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး ဥပဒေနဲ့အညီ နိုင်ငံပိုင်သယံဇာတ တွေကို ထုတ်ယူသုံးစွဲနိုင်ရေးအတွက် လိုအပ်တဲ့ မြေယာဥပဒေတွေကို ပြဋ္ဌာန်းဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။

ယခင်က ခွင့်ပြုခဲ့ပြီးဖြစ်တဲ့ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေအနက် ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ခြင်း မရှိတဲ့ မြေ ၁၄၃၆၉၉၅ ဒသမ ၂၂ ဧကကို လက်ရှိအချိန်အထိ ပြန်လည်သိမ်းဆည်း ခဲ့ပြီးဖြစ်ပါတယ်။ ယခုအချိန်မှာ အဲဒီမြေတွေ အပါအဝင် နိုင်ငံတစ်ဝန်းမှာရှိတဲ့ မြေလွတ်မြေလပ်နဲ့ မြေရိုင်းတွေကို တည်ဆဲဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ နိုင်ငံသားတိုင်း လျှောက်ထားရယူပြီး အသုံးပြုနိုင်ရေးကိုသက်ဆိုင်ရာစီမံခန့်ခွဲရေး ကော်မတီတွေက စိစစ်ခွင့်ပြုပေးနိုင်ဖို့ ဆောင်ရွက် လျက်ရှိပါတယ်။

မေး ။ ။တောင်သူတွေ စိုက်ပျိုးရေရရှိရေးအတွက် စီမံဆောင်ရွက်နေမှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ ။ ။စိုက်ပျိုးရေ ပေးဝေမှုနဲ့ ပတ်သက်ပြီး ဆည်မြောင်းနဲ့ ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ၂၀၁၇ - ၂၀၁၈ ခုနှစ်မှာ နွေစပါးနဲ အခြားသီးနှံဧက ၁၃ ဒသမ ၉၂ သိန်းခန့်နဲ့ မိုးစပါး ဧက ၁၂ ဒသမ ၃ သိန်းခန့်ကို ဆည်ရေပေးဝေနိုင်ခဲ့ပြီး ယခုနှစ် နွေရာသီမှာ နွေစပါးနဲ့ အခြားသီးနှံ စိုက်ဧက ၁၄ ဒသမ ၁ သိန်းခန့်အထိ တိုးတက်ပြီး ဆည်ရေပေးဝေနိုင်ခဲ့ပါတယ်။

ယခုနှစ်အတွင်း ပဲခူးတိုင်းအနောက်ခြမ်းရှိ တောင်နဝင်း၊ မြောက်နဝင်း၊ ဝဲကြီးနဲ့ တောင်ညို ဆည်တွေရဲ့ ဆည်ရေသောက်စနစ်တွေနဲ့ တူးမြောင်းတွေကိုယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှာ ဖြစ်တဲ့အတွက် လယ်ဧက ၂၁၆၂၈၅ ဧကက ဒေသခံတောင်သူတွေ စိုက်ပျိုးရေထိရောက် အကျိုးရှိစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ်။

မေး ။ ။ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးလုပ်ငန်း တွေကို သိချင်ပါတယ်။

ဖြေ ။ ။ရေကြီးနစ်မြုပ်မှု ကာကွယ်ရေးလုပ်ငန်းတွေအဖြစ် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် အတွင်းမှာ ချောင်းကော၊ မြောင်းကောနဲ့ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းပေါင်း ၄၉၃ ခုကို ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် လယ်မြေဧက ၃ ဒသမ ၂၉ သိန်းခန့်ကို ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မေး ။ ။စက်မှုလယ်ယာ ဦးစီးဌာနရဲ့အကောင်အထည်ဖော် ဆောင်ရွက်နေမှုတွေကို ပြောပြပေး ပါဦးခင်ဗျာ။

ဖြေ ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်သည် လက်မှုလယ်ယာကနေ စက်မှုလယ်ယာ ကူးပြောင်းနိုင်ရေး အတွက် နည်းပညာ၊ အရင်းအနှီး၊ စက်ပစ္စည်းနဲ့ ကုန်ကြမ်း စတာတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရမယ်လို့ ဖော်ပြထားပြီး စက်မှုလယ်ယာဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။

ဝန်ဆောင်မှု

မြို့နယ်ပေါင်း ၉၄ မြို့နယ်က ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုလုပ်ဆောင်သူ ၂၄၀၇ ဦး ကို စုစည်းပြီး စက်မှုလယ်ယာဝန်ဆောင်မှုအသင်း ၁၁၅ သင်းကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီး ထွန်စက်ကြီး ၁၇၉၅ စီး၊ ရိတ်သိမ်းခြွေလှေ့စက် ၄၉၉ စီးတို့နဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်ပေးနေ ပါတယ်။

လယ်ယာသုံးစက်ကိရိယာတွေ ဝယ်ယူသုံးစွဲလိုသူနဲ့ လယ်ယာဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက် လိုသူတွေ အတွက် စက်တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းကို ပထမအရစ် ပေးသွင်းပြီး စက်ရယူကာ ကျန် ၉၀ ရာခိုင်နှုန်းကို သုံးနှစ်အတွင်း ခြောက်ကြိမ်ခွဲပြီး ပြန်လည်ပေးသွင်းနိုင်အောင်ဌာနနဲ့ ပုဂ္ဂလိက ချိတ်ဆက်ဆောင်ရွက် ပေးခဲ့ပါတယ်။

ဖြန့်ဖြူးပေးနိုင်

ယခုနှစ်အတွင်း ထွန်စက်ကြီး ၃၈၁ စီးနဲ့ ရိတ်သိမ်းခြွေလှေ့စက် ၆၀ အပါအဝင် ၃ နှစ်တာ ကာလအတွင်း ထွန်စက်ကြီး ၁၈၇၃ စီးနဲ့ ရိတ်သိမ်း ခြွေလှေ့စက် ၁၃၃ စီးအထိ ရောင်းချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဌာနရန်ပုံငွေအစီအစဉ်နဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ ယခုအချိန်ထိ လက်တွန်းထွန်စက် ၅၈၄၇ စီး၊ ထွန်စက်ကြီး ၁၁၇ စီးနဲ့ ရိတ်သိမ်းခြွေလှေ့ စက် ၇၇ စီး ဖြန့်ဖြူးပေးနိုင်ခဲ့တဲ့အတွက် (၃)နှစ် တာ ကာလအတွင်း လက်တွန်းထွန်စက် ၂၁၈၄၁ စီး၊ ထွန်စက်ကြီး ၄၉၆ စီးနဲ့ ရိတ်သိမ်းခြွေလှေ့စက် ၁၄၇ စီးတို့ကို လက်ငင်း ငွေချေစနစ်၊ ၂ နှစ် ၃ ရစ် ဆပ်စနစ်တွေနဲ့ ဖြန့်ဖြူးပေးနိုင်ခဲ့ပါတယ်။

တိုးတက်များပြားလာတဲ့ စက်တွေကို ပြင်ဆင် ထိန်းသိမ်းနိုင်ဖို့ စက်မှုလယ်ယာစခန်း ၄၉ ခုမှာ ပြင်ဆင်ရေး အလုပ်ရုံတွေအဆင့်မြှင့် တင်တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွင်း စက်ပေါင်း ၉၂၁ ခုကို ပြင်ဆင်ပေးနိုင်ခဲ့ပါတယ်။

နိုင်ငံတစ်ဝန်း ထွန်ယက်ရေးသရုပ်ပြပွဲ၊ ကောက်စိုက်စက်သရုပ်ပြပွဲ၊ ရိတ်သိမ်းခြွေလှေ့စက် နဲ့ ကောက်ရိုးထုံးစက်သရုပ်ပြပွဲတွေကို ယခု ခုနှစ် အတွင်း ၉၇ ကြိမ် ဆောင်ရွက်ခဲ့ပြီး ၃ နှစ်တာ ကာလအတွင်း ၅၈၉ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

လေ့ကျင့်သင်ကြား

လယ်ယာသုံးစက်ကိရိယာတွေ စနစ်တကျ မောင်းနှင်ထိန်းသိမ်းခြင်းနဲ့ ပြင်ဆင်ခြင်းလုပ်ငန်း တွေကို လုပ်ငန်းခွင်မှာ တောင်သူတွေ ကိုယ်တိုင် ကိုယ်ကျ ဆောင်ရွက်နိုင်ဖို့ စက်မှုလယ်ယာစခန်း တွေမှာ သင်တန်း ၉၄ ကြိမ် ဖွင့်လှစ်ပြီး တောင်သူ ၃၁၄၁ ဦးကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ ၃ နှစ်တာကာလအတွင်း သင်တန်း ၃၅၂ ကြိမ်နဲ့ တောင်သူ ၁၁၆၇၃ ဦးကို လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း ပညာရပ် တွေကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ လယ်ယာမြေ အဆင့်မြှင့်တင်နေမှုတွေကို သိပါရစေ ခင်ဗျာ။

ဖြေ ။ ။ စက်မှုလယ်ယာစနစ် ကျင့်သုံးနိုင်တ လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းနဲ့ ကုန်းမြင့်လယ်ယာ ဖော်ထုတ်ခြင်းတို့ကို ယခုနှစ် အတွင်း အဆင့်မြှင့်တင်ခြင်း ဧက ၁၂၄၀ နဲ့ ကုန်းမြင့် လယ်ယာ ၃၈၈ ဧက ဖော်ထုတ်ပေးခဲ့ပြီး ၃ နှစ်တာကာလအတွင်း လယ်ယာမြေ အဆင့်မြှင့် တင်ခြင်း ၁၇၀၀၆ ဧကနဲ့ ကုန်းမြင့်လယ်ယာ ၃၄၂၆ ဧကကို ဖော်ထုတ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။

ယခုနှစ်အတွင်း မိုးရာသီ ရေကြီးရေလျှံမှုကြောင့် မကွေး၊ စစ်ကိုင်း၊ ပဲခူး၊ တနင်္သာရီတိုင်း ဒေသကြီးနဲ့ ကရင်ပြည်နယ်ရှိ ပျက်စီးလယ်ယာ မြေတွေမှာ သီးနှံတွေ အချိန်မီစိုက်ပျိုးနိုင်ရေး အတွက် ဧက ၅၁၀၂၀ ကို ထွန်ယက်ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ မျိုးကာင်းမျိုးသန့် ရှိဖို့အတွက် ဆောင်ရွက်နေမှုတွေကို ပြောပြပေးပါဦး ခင်ဗျာ။

ဖြေ ။ ။ ဦးစီးဌာနနဲ့ သုတေသနလုပ်ငန်းတွေကို ကဏ္ဍတော်တော်များများမှာ ဆောင်ရွက် လျက်ရှိပါတယ်။ အဲဒီအထဲကဒေသအလိုက် သင့်တော်တဲ့အထွက်ကောင်းမျိုးသစ်မွေးမြူ ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းမှာ စပါးသီးနှံ အတွက် ၈ မျိုးနဲ့ ပြောင်းသီးနှံ၊ နေကြာ၊ မြေပဲ၊ ပဲစင်းငုံ၊ ဂျုံနဲ့ ကြံတို့ကို တစ်မျိုးစီ အပါအဝင် စုစုပေါင်း မျိုးသစ် ၁၄ မျိုးကို ထုတ်လုပ်နိုင်ခဲ့ ပါတယ်။ ယခုလို အထွက်နှုန်းနဲ့ အရည်အသွေးကောင်း သီးနှံမျိုးသစ်တွေကို မွေးမြူထုတ်လုပ် ဖြန့်ဖြူးပေးမယ်ဆိုရင် စိုက်ပျိုးထုတ်လုပ်မှု မြင့်မား လာပြီး တောင်သူဝင်ငွေတိုးခြင်း၊ ပြောင်းလဲလာသော ရာသီဥတုနဲ့အညီ ဒေသနဲ့သင့်လျော်တဲ့ မျိုးသစ်တွေ၊ ပြည်ပပို့ကုန် စံချိန်စံညွှန်းတွေနဲ ကိုက်ညီတဲ့ အရည်အသွေးကောင်းမျိုးတွေ ပေါ်ထွန်းလာ ပါတယ်။ အဓိကရည်မှန်းချက်ဖြစ်တဲ့ တောင်သူဝင်ငွေတိုးရေးကို ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ ယခုနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ဇလုပ်စိုက်ပျိုးရေး သုတေသနခြံကို ဒေသအဆင့်မြင့် သုတေသနခြံအဖြစ် တိုးမြှင့် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

တောင်သူပညာပေးဆွေးနွေးပွဲ၊ နည်းပညာ ပေးသင်တန်း၊ လေ့လာရေးနဲ့ ကွင်းသရုပ်ပြပွဲ တွေကို ၇၆ ကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တောင်သူလယ်သမားရုပ်သံလိုင်းက စိုက်ပျိုးရေး ဆိုင်ရာသတင်း၊ အမေးအဖြေကဏ္ဍ၊ မှတ်တမ်း ရုပ်ရှင်နဲ့ ဇာတ်လမ်းတို ၇၀ ကို ထုတ်လွှင့်ပြသပေးခဲ့ပါတယ်။

မေး ။ ။ သမဝါယမဦးစီးဌာနရဲ့ ထူးခြားချက် တွေကို သိချင်ပါတယ်ခင်ဗျာ။

ဖြေ ။ ။ သမဝါယမလုပ်ငန်းဆိုတာ ပြည်သူကို အခြေပြုတဲ့ စီးပွားရေးလုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ အဖွဲ့ဝင်တိုင်းအနေနဲ့ မိမိတို့ရဲ့ ဘုံစီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်တွေနဲ့ ရည်မှန်းချက်တွေကို ကိုယ်တိုင် သိမြင်ပြီး ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သမဝါယမက ပြည်သူတွေကို‘ဒီမိုကရေစီ နည်းလမ်းတကျ ညီမျှမှုကို ဆောင်ယူပေးမှာ ဖြစ်ပါတယ်။

တန်ဖိုးနဲ့ မောင်းနှင်

အဖွဲ့ဝင်တိုင်းဟာ သမဝါယမအသင်းရဲ့ စားသုံးသူဖြစ်သလို အလုပ်ရှင်လည်း ဖြစ်ပါတယ်။ သမဝါယမဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို အကျိုးအမြတ်နဲ့ မောင်းနှင်တာမဟုတ်ဘဲ တန်ဖိုးနဲ့ မောင်းနှင်ရမှာ ဖြစ်ပါတယ်။ သမဝါယမနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ခံယူထားတဲ့ အခြေခံ စည်းမျဉ်းက “တို့ရဲ့ကမ႓ာကြီးကို ပိုမိုကောင်းမွန် စေဖို့ ပူးပေါင်းဆောင်ရွက်မှုနှင့် တည်ဆောက်စို့” ဖြစ်ပါတယ်။ ‘ဒီအကြောင်းကိုပြောရတာက မိမိတို့ရဲ့ သမဝါယမ အသင်းတွေကို မူလအခြေခံ စည်းမျဉ်းတွေနဲ့အညီဖြစ်ရေး ဆောင်ရွက်နေတယ် ဆိုတာ အသိပေးချင်လို့ ဖြစ်ပါတယ်။

မေး ။ ။ ၃ နှစ်တာ ကာလအတွင်း သမဝါယမ အသင်းတွေရဲ့ လှုပ်ရှားမှုတွေကို သိပါရစေ ခင်ဗျာ။

ဖြေ ။ ။ ယခုဆိုရင် တစ်နိုင်ငံလုံး သမဝါယမ အသင်းပေါင်း ၄၀၅၁၈ ဖွဲ့စည်းထားရှိပြီး ၃ နှစ် တာကာလအတွင်းမှာ အသင်းသစ် ၆၅၄ သင်းကို တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ အရေအတွက်ထက် အရည်အသွေးမြင့်မားတဲ့အသင်းတွေ တိုးတက်ပေါ်ပေါက်ဖို့ အထူးအားထုတ ဆောင်ရွက်လျက်ရှိပါတယ်။ လွယ်ကူတဲ့ကိစ္စ မဟုတ်ပေမယ့် အချိန်ကာလတစ်ခုမှာ ရည်မှန်း ချက်ကို ရောက်ဖို့မျှော်လင့်ပါတယ်။

မြို့နယ် ၁၁၉ ခုမှာ လယ်ယာအထောက် အကူပြုဝန်ဆောင်မှုအဖြစ် သမဝါယမအသင်း ၅၄ သင်း အပါအဝင် မြို့နယ်သမဝါယမ အသင်းစုများက ဝန်ဆောင်မှုလုပ်ငန်း ၁၄၀ ကို ဆောင်ရွက်လျက်ရှိပါတယ်။ မျိုးစေ့ထုတ်လုပ် ဖြန့်ဖြူးရေး သမဝါယမအသင်းများ ဖွဲ့စည်းပြီး မြို့နယ်အသင်း ၁၆၆ သင်းက မျိုးစေ့ထုတ်ဧက ၁၂၃၁၃ အတွက် ချေးငွေကျပ်သန်း ၂၆၇၃ ဒသမ ၅၈၅ သန်းကို ထုတ်ချေးနိုင်ခဲ့ပါတယ်။

လယ်ယာမြေ အဆင့်မြှင့်တင်တဲ့လုပ်ငန်း အတွက် မြို့နယ် ၁၆၈ ခုမှာ လယ်ယာမြေ ၈၇၀၀၂ ဒသမ ၈ ဧကအတွက် ချေးငွေကျပ်သန်းပေါင်း ၂၆၆၂၅ ဒသမ ၀၀၁ သန်းကို ထုတ်ချေးပြီး အဆင့် မြှင့်တင်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးခဲ့ပါတယ်။

မေး ။ ။ အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရဲ့ လုပ်ငန်းဆောင်ရွက်မှုကို ပြောပြ ပေးပါဦး။

ဖြေ ။ ။ ဌာနရဲ့ အဓိက လုပ်ငန်းတာဝန်တွေက အသေးစား စက်မှုလုပ်ငန်းတွေ၊ ရက်ကန်းလုပ် ငန်းတွေ၊ ပန်း ၁၀ မျိုး အပါအဝင် ရိုးရာလက်မှုလုပ်ငန်းတွေနဲ့ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့ဖြစ်ပြီး တန်ဖိုးမြှင့်ကုန်ထုတ် လုပ်ငန်းတွေ ပေါ်ပေါက်လာရေးအတွက် နည်းပညာဖြန့်ဝေခြင်းကို အလေးထားဆောင်ရွက်ပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလကနေ ယခုအချိန်ထိ အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်း ၃၆၆ ကြိမ် အပါအဝင် ၃ နှစ်တာကာအတွင်း သင်တန်း ၁၁၄၅ ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် ပြည်သူ လူထုအနေနဲ့ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လာနိုင်ပြီး ဝင်ငွေတိုးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးတက်ခြင်းတို့ကို ဖြစ်စေခဲ့ပါတယ်။

၃ နှစ်တာကာလအတွင်း အသေးစား စက်မှု လက်မှုလုပ်ငန်း ၆၈၈၉ ခုကို မှတ်ပုံတင် ပေးနိုင်ခဲ့သလို ထုတ်ကုန်တွေအတွင်း ဥပဒ်ဖြစ်စေတဲ ဓာတုပစ္စည်းတွေပါဝင်မှု ရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ပေးတဲ့ လုပ်ငန်း ၉၂၅၇ ခုကို ဆောင်ရွက်ပေးခဲ့ ပါတယ်။

ပြပွဲပြိုင်ပွဲတွေအနေနဲ့ အသေးစား စက်မှုလက်မှု ကုန်ထုတ်ပစ္စည်းပြပွဲ၊ မြန်မာ့ယွန်း အနုပညာထုတ်ကုန် ပစ္စည်းပြပွဲ၊ ရိုးရာပန်း ၁၀ မျိုး လက်မှုအနုပညာ ထုတ်ကုန်ပစ္စည်းပြပွဲနဲ့ ဈေးရောင်းပွဲတွေကို တိုင်းဒေသကြီး/ ပြည်နယ် တွေမှာ ၈ ကြိမ်တိုင် ကျင်းပပေးခဲ့သလို အသေးစား ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းကို မြို့နယ် ၈ မြို့နယ်မှာ တိုးချဲ့ဆောင်ရွက်ပေးခဲ့ပါတယ်။

မေး ။ ။ မွေးမြူရေးကဏ္ဍအနေနဲ့ ဆောင်ရွက်မှု တွေကို သိချင်ပါတယ် ခင်ဗျာ။

ဖြေ ။ ။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်းကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်မှာ တိရစ္ဆာန်ကောင်ရေ စာရင်း အတည်ပြု ထုတ်ပြန် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

စီးပွားဖြစ် မွေးမြူရေးခြံတွေနဲ့ တစ်ပိုင်တစ်နိုင် မွေးမြူထားတဲ့ ကျွဲနွားတွေကို ပြည်ပတင်ပို့နိုင်ရေး အတွက် ကျန်းမာရေးထောက်ခံချက်များ ထုတ်ပေးခြင်း၊ ကောင်းမွန်တဲ့ မွေးမြူရေးကျင့်စဉ် တွေ ဆောင်ရွက်ခြင်းတို့နဲ့ ဈေးကွက်ဖော်ထုတ်ခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ တဲ့အတွက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃၉ ဒသမ ၂၆၆ သန်းကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။

ကမ႓ာ႔တိရစ္ဆာန် ကျန်းမာရေးအဖွဲ့နဲ့ပူးပေါင်းပြီး ခွေးရူးရောဂါ ကာကွယ်ဆေးထိုးကို ခွေးကောင်ရေ ၄ ဒသမ ၅ သိန်းကို ထိုးနှံပေးခဲ့ပြီး ပြည်သူလူထု အသိပညာပေး လုပ်ငန်းတွေကိုပါကျွဲကူးရေပါ ဆိုသလို ဆောင်ရွက်ခဲ့ပါတယ်။

တိုင်းရင်းကြက် စံပြကျေးရွာတွေကို နေပြည်တော် အပါအဝင် ကျေးရွာ ၇၄ ရွာမှာ ဆောင်ရွက်ပေးနိုင်ခဲ့သလို မွေးမြူရေးဆိုင်ရာ အလေ့အကျင့်ကောင်းတွေလိုက်နာကျင့်သုံးဖို့ ပညာပေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက် ပေးခဲ့ပါတယ်။ ဒါ့အပြင် နယူးဇီလန်အစိုးရရဲ့ အထောက်အပံ့နဲ့ ခွာနာလျှာနာရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကို မြို့နယ် ၂၄ ခုမှာ ဆောင်ရွက် ပေးနိုင်ခဲ့ပြီး ဂျပန်နိုင်ငံအစိုးရရဲ့ အထောက်အပံ့နဲ့ ခွာနာလျှာနာကာကွယ်ဆေး ၁၀ ဆခန့် တိုးမြှင့် ထုတ်လုပ်ရေးကို JICA နဲ့ ပူးပေါင်းပြီး ဆောင်ရွက် လျက်ရှိပါတယ်။

မေး ။ ။ ငါးလုပ်ငန်းဦးစီးဌာနရဲ့ လှုပ်ရှားဆောင်ရွက်နေမှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ ။ ။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ မြန်မာ့ပင်လယ်ပြင် ငါးသယံဇာတ တည်ရှိမှုနဲ့ သဘာ၀ အခြေအနေတွေကို လေ့လာဖို့ နော်ဝေနိုင်ငံ Dr. Fridjof Nansen သုတေသန ရေယာဉ်နဲ့ ငါးတွေရဲ့ ဥနဲ့ သားလောင်းတွေ ပျံ့နှံ့တည်ရှိမှု၊ အသားတွင်း မိုက်ခရိုပလတ်စတစ် ပါဝင်မှုတို့ကိုသုတေသနပြု ဆောင်ရွက်နိုင်ခဲ့ ပါတယ်။

ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုအနေနဲ့ ၂၀၁၈ ခုနှစ် ဧပြီလကနေ ၂၀၁၉ ခုနစ် ဖေဖော်ဝါရီ လအထိ ငါး၊ ပုစွန်နဲ့ အခြားရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၄၉ ဒသမ ၂၄၅ သန်းကို တင်ပို့ နိုင်ခဲ့ပါတယ်။

ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းတွေ၊ လက်တွေ့ သင်ခန်းစာတွေ ထည့်သွင်းသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ရန်ကုန်တက္ကသိုလ်မှာ ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ ဒါ့အပြင်ရန်ကုန်တိုင်းဒေသကြီး တွံတေး ငါးလုပ်ငန်းစခန်းအတွင်း ငါးလုပ်ငန်း သိပ္ပံ (တွံတေး) ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေကို တည်ဆောက်နေပြီ ဖြစ်ပါတယ်။

မေး ။ ။ ကျေးလက်ဦးစီးဌာနရဲ့ ဆောင်ရွက်ချက် တွေကို သိချင်ပါတယ် ခင်ဗျာ။

ဖြေ ။ ။ ကျေးလက်ဒေသမှာ သန့်ရှင်းတဲ့ သောက်သုံးရေ ဖူလုံစွာရရှိဖို့ UNICEF နဲ့ပူးပေါင်းပြီး ကျေးလက်ရေရရှိရေးနဲ့ ရင်းနှီး မြှုပ်နှံမှုအစီအစဉ် ရေးဆွဲပြီး ရေရရှိရေးလုပ်ငန်း ၁၀၅၁ ခုကို ကျေးရွာ ၉၈၉ ရွာမှာဆောင်ရွက်ခဲ့တဲ့ အတွက် လူဦးရေ ၇ ဒသမ ၀၈ သိန်းကို အကျိုးပြု နိုင်ခဲ့ပါတယ်။ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်မှာ ကျေးလက်ရေရရှိရေးလုပ်ငန်း ၂၂၀၉ ခုကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက် မီးလင်းရေးလုပ်ငန်းတွေကို ကျေးရွာ ၂၄၆၇ ရွာမှာ လူဦးရေ ၆ ဒသမ ၆၉ သိန်းအတွက် အကျိုးပြု ဆောင်ရွက်နိုင်ခဲ့သလို ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်ခြင်းကို ကျေးရွာ ၇၉ ရွာအတွက် အရှည် ၇၅ မိုင်ကျော်ကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာ ကုန်ထုတ်လမ်း ၁၇၁ လမ်းနဲ့ အရှည်မိုင် ၂၂၀ ကျော်ကို ဖောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

လူထုဗဟိုပြုစီမံကိန်းကို မြို့နယ် ၆၁ မြို့နယ်ရှိ ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်း ၁၄၇၆၉ ခုမှာဆောင်ရွက်နိုင်ခဲ့ပြီး လူဦးရေ ၇ ဒသမ ၁ သန်းကို အကျိုးပြုနိုင်ခဲ့ပါတယ်။ သဘာ၀ဘေး အန္တရာယ်ကြောင့် မြို့နယ် ၂၆ မြို့နယ်က ပျက်စီးမှုတွေကို ပြင်ဆင်ဖို့ ငွေကျပ်ကျပ် ၅၅၈ ဒသမ ၆၆၁ သန်းကို ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုက သိပါရစေခင်ဗျာ။

ဖြေ ။ ။ မြစိမ်းရောင်စီမံကိန်းအနေနဲ့ ကျေးရွာ တစ်ရွာကို အရင်းမပျောက် လည်ပတ် ရန်ပုံငွေကျပ်သိန်း ၃၀ဝနဲ့ ကျေးရွာပေါင်း ၁၀၀၀ အတွက် တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက်ရေး ဆွဲခြင်းစီမံကိန်းကို ကျေးရွာ ၃၁၉၈ ရွာမှာ ဆောင်ရွက်နိုင်ခဲ့ပြီး ကျေးလက်အသက်မွေးဝမ်း ကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေး စီမံကိန်းကို ကျေးရွာ ၂၉၃ ရွာမှာ အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု သင်တန်း အမျိုးအစား ၇ မျိုး အတွက် သင်တန်း ၇၀၃ ကြိမ်အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ရဲ့ ဆောင်ရွက်မှုတွေကို ရှင်းပြပေးပါဦး ခင်ဗျာ။

ဖြေ ။ ။ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်က အဆင့်မြင့် စိုက်ပျိုးရေးပညာတွေကို သင်ကြားပေးနေတဲ့ မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်ပါတယ်။ အရည်အသွေး ပြည့်ဝတဲ့ စိုက်ပျိုးရေးပညာရှင် တွေကို လေ့ကျင့် မွေးထုတ်ပေးလျက်ရှိရာမှာ ယနေ့အထိ စိုက်ပျိုးရေး သိပ္ပံဘွဲ့ကနေ ပါရဂူဘွဲ့အထိ ဘွဲ့ရသူ ၁၃၁၁၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နည်းပညာ တီထွင်ဆန်းသစ်မှုတွေနဲ့ သိပ္ပံနည်းကျ အတတ်ပညာတွေကို နိုင်ငံတစ်ဝှမ်းဖြည့်ဆည်းပေးနိုင်ဖို ဆောင်ရွက်လျက်ရှိပါတယ်။

မေး ။ ။ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ရဲ့ ဆောင်ရွက်မှုတွေကို သိပါရစေ ခင်ဗျာ။

ဖြေ ။ ။ မွေးမြူရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ စီးပွားဖြစ် မွေးမြူထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် တွေမှာ ခေါင်းဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နိုင်တဲ့ အရည်အချင်း ပြည့် တိရစ္ဆာန်ဆေးကု ဆရာဝန်တွေနဲ့ မွေးမြူရေးပညာရှင်တွေ ပေါ်ထွကလာဖို့ လေ့ကျင့်သင်ကြား ပေးရန် ရည်ရွယ်ပြီး တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့အထိ ရိုးရိုးဘွဲ့ကနေ ပါရဂူဘွဲ့အထိ ဘွဲ့ရ ၆၅၃၆ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောကြားချင်တာရှိရင်လည်း ပြောပြပေးပါဦး။

ဖြေ ။ ။ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ် တွေကို ယခုရေးဆွဲခဲ့ပြီးဖြစ်တဲ့ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာမှာပါတဲ့ စီမံအုပ်ချုပ်မှုနဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ထုတ်လုပ်မှုတိုးတက်ပြီး တောင်သူလယ်သမားတွေ ဝင်ငွေတိုးမြှင့်လာခြင်း၊ ယှဉ်ပြိုင်နိုင်မှုစွမ်းအား တိုးမြှင့်လာခြင်းဆိုတဲ့ မျှော်မှန်းချက်တွေနဲ့အညီ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဝန်ထမ်းတွေ အပါအဝင် သက်ဆိုင်သူတွေ အနေနဲ့ တစ်ဦးချင်းစီ ကျရာတာဝန်တွေကို လုံ့လဝီရိယ စိုက်ထုတ်ဆောင်ရွက်ခြင်း၊ အာရုံစူးစိုက်ခြင်း၊ ခွဲခြားသိမြင်ခြင်း၊ စုပေါင်း ဆောင်ရွက်ခြင်း၊ ဆန်းသစ်တီထွင်လုပ်ကိုင်ခြင်းနဲ့ မိမိတို့ အချင်းချင်း ဆက်သွယ်မှုတွေ ဆောင်ရွက်ခြင်းစတဲ့ အရည်အသွေး ကောင်းတွေနဲ့အတူ အဖွဲ့အစည်း တွေအတွင်း ညှိနှိုင်းပြီးပြည်သူတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ။

တွေ့ဆုံမေးမြန်း - သူရဇော်၊ ဓာတ်ပုံ - အေးသန်း