ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားကျင်းပ
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားကျင်းပ
Ministry of Information/ နေပြည်တော် / August 04, 2019

နေပြည်တော် ဩဂုတ် ၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း(နေပြည်တော်) တို့ ပူးပေါင်း၍ ကလေးမိဘများ၊ ပြုစုစောင့်ရှောက်သူ များအား ကလေးသူငယ် ကာကွယ်စောင့် ရှောက်ရေးနှင့် အမျိုးသမီးများ အကြမ်းဖက်မှုတား ဆီးကာကွယ်ရေး အသိပညာပေး အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ သုခစိုးဟိုတယ်၌ ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ဆွေးနွေးသည်။
အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကလေးသူငယ်များ၏ မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့် ကလေးသူ ငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေတို့ဖြင့် ကလေးသူငယ်၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်သော အသက်ရှင်သန်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကာကွယ်စောင့်ရှောက်မှုရရှိရေးနှင့် လူမှုအဖွဲ့ အစည်းတွင် ပါဝင်ဆောင် ရွက်ခွင့်ရရှိရေးတို့ကို ဆောင်ရွက်လျက် ရှိကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း ဥပဒေကို အပြည့်အဝအကောင်အထည်ဖေါ်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရပြီး အထူးသဖြင့် မိဘများ၊ မိသားစုဝင်များ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း။
လူမှုဝန်ထမ်းဦးစီးဌာနက ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုး ရေးဆိုင်ရာသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါကြောင်း၊ ပရဟိတဂေဟာ/ သင်တန်းကျောင်း များ၌ ပြုစုစောင့်ရှောက်ရန် အနိမ့်ဆုံး ရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို ဂေဟာများတွင် လက်တွေ့ ဆောင်ရွက် နေကြသူများပါဝင်၍ ပညာရှင်များနှင့်အတူ ရေးဆွဲချမှတ်ထားပါကြောင်း၊ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေး သူငယ်များသည် မွေးဖွားခြင်း မှတ်ပုံတင်ခွင့်ရရှိသော်လည်း နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကိုတည်ဆဲ ဥပဒေနှင့် ညီမှသာရရှိမည်ဖြစ်ကြောင်း။
ဥပဒေအသစ်တွင် ပြစ်မှုနှင့် ပြစ်ဒဏ်များ ပါဝင်ပြီး အမျိုးသမီးထု ဘေးကင်းလုံခြုံမှု ရှိရန် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေး ဥပဒေ(မူကြမ်း)ကို ရေးဆွဲ ပြီးဖြစ်ကြောင်း၊ ပဋိပက္ခအတွင်း အမျိုးသမီးများအား လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဆိုင်ရာ ပူးတွဲကြေညာချက်၌ လက်မှတ်ရေးထိုးဆောင်ရွက်လျက် ရှိကြောင်း၊ ကလေး သူငယ်များနှင့် အမျိုးသမီးများအား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက် မှုပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တရားဥပဒေစိုးမိုးမှုရရှိအောင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှတာဝန်ရှိ ဝန်ထမ်းများနှင့်အတူ ပြည်သူများ၊ အစိုးရမဟုတ် သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီနယ်မြေ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်ကြည်ကြည်ညွှန့်က အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲ များအကြောင်းနှင့် မလိုချင်သော ကိုယ်ဝန်ရခြင်းမှ အရေးပေါ်သားဆက်ခြားနည်းဖြင့် ကာကွယ်ခြင်း ဆိုင်ရာ ပညာပေး ဟောပြောခြင်း၊ ကလေးသူငယ်ကာကွယ်စောင့် ရှောက်ရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဒုရဲမှူး သူဇာလွင်က သက်ငယ် မုဒိမ်းနှင့် လူကုန်ကူးမှုကာကွယ်ရေးအကြောင်း ဟောပြောခြင်း၊ နေပြည်တော်ကောင်စီနယ်မြေ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်နွေမိုးအေး က အမျိုးသမီးနှင့် မိန်းကလေးငယ် များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုတားဆီးရေး အကြောင်း ဟောပြောခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က အကြမ်းဖက်ခြင်းဖြစ်ပေါ်လာပါက တုန့်ပြန်ဆောင်ရွက်ရေး တို့ကို ဆွေးနွေးဟောပြောကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဥတ္တရသီရိမြို့နယ် သဲကျွန်းကျေးရွာရှိ ဥယျာဉ်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၌ ပြုစုစောင့်ရှောက်ရန် အနိမ့်ဆုံးရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများကို အသိပညာပေး ဆွေးနွေးခြင်းနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးငယ်များ ခံစားရရှိရမည့် အကောင်းဆုံးအကျိုးစီးပွား နှင့်စပ်လျဉ်း၍ အသိပညာပေးပြောကြားပြီး ကလေးငယ်များကို ကျောင်းသုံးစာအုပ်၊ အာဟာရမုန့်များနှင့် ကစားစရာအရုပ်များကို ပေးဝေကြသည်။
(သတင်းစဉ်)