(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကင်းထောက်အမျိုးသမီးငယ်များ စခန်းချပွဲ တက်ရောက်ရန် မြန်မာ ကင်းထောက်အမျိုးသမီးအဖွဲ့ ကိုရီးယား နိုင်ငံသို့ ထွက်ခွာ
(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကင်းထောက်အမျိုးသမီးငယ်များ စခန်းချပွဲ တက်ရောက်ရန် မြန်မာ ကင်းထောက်အမျိုးသမီးအဖွဲ့ ကိုရီးယား နိုင်ငံသို့ ထွက်ခွာ
Ministry of Information/ နေပြည်တော် / August 06, 2019

ရန်ကုန် သြဂုတ် ၅
(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကင်းထောက်အမျိုးသမီးငယ်များ စခန်းချပွဲ (17th Girl Scouts & Girl Guide International Camp Korea 2019) သို့ တက်ရောက်ရန် မြန်မာကင်းထောက် အမျိုးသမီးအဖွဲ့သည် သြဂုတ် ၄ ရက် ညပိုင်းက ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံ ကင်းထောက်အမျိုးသမီးအဖွဲ့ ကင်းထောက်ချုပ် ဒေါက်တာ ဒေါ်တင်လှကြည်၊ ဒုတိယ ကင်းထောက်ချုပ် ဒေါ်ခင်စောဥမ္မာနှင့် ကင်းထောက် အမျိုးသမီးကြီးများ၊ မိသားစုများက ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ကြသည်။
(၁၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ကင်းထောက်အမျိုးသမီးငယ်များ စခန်းချပွဲကို အရှေ့ဘက် ပစိဖိတ် ပင်လယ်ကမ်းခြေရှိ ကမ္ဘာ့ကင်းထောက် ဂျမ်ဗူရီ စခန်းချပွဲ ကျင်းပခဲ့သည့် ဂန်ဝန်ဒို (Gangwon-Do) ၌ ကျင်းပ မည်ဖြစ်ရာ အာရှပစိဖိတ် ဒေသဆိုင်ရာ ဖိလစ်ပိုင်၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ မော်လဒိုက်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများမှ ကင်းထောက် အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့ဝင် (၃၀ဝ) ကျော် နှင့်အတူ မြန်မာ ကင်းထောက် အမျိုးသမီးအဖွဲ့မှ ဒေါ်နီလာသန်း ဦးဆောင်သည့် ကင်းထောက် အမျိုးသမီး ဆရာမ (၂)ဦး၊ အခြေခံပညာ ကျောင်းများမှ ကင်းထောက် အမျိုးသမီး (၁၉)ဦး၊ တက္ကသိုလ် ကင်းထောက်အမျိုးသမီး (၃)ဦး ပေါင်း (၂၅)ဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။
စခန်းချပွဲကို သြဂုတ် (၅)ရက်မှ (၉)ရက်အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံတကာ ကင်းထောက် အမျိုးသမီးများ တွေ့ဆုံကာ ကင်းထောက် ပညာရပ်များ လေ့ကျင့် ဆွေးနွေးခြင်း၊ တောတွင်း စခန်းချ အတွေ့ အကြုံများ ဖလှယ်ခြင်းနှင့် နိုင်ငံအလိုက် ပြခန်း ပြသမှုများလည်း ပါဝင်ကာ မြန်မာ ကင်းထောက် အမျိုးသမီး ပြခန်းတွင် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဝတ်အစားများ၊ ရိုးရာ ပန်း (၁၀)မျိုး တို့ကို ပုံစံ နမူနာများ ပြသကာ နိုင်ငံတကာ ည ( International Night ) မီးပုံပွဲတွင် လည်း မြန်မာ့ရိုးရာ တိုင်းရင်းသား ဝတ်စုံများ ဝတ်ဆင်ကာ မြန်မာနိုင်ငံမှ ကင်းထောက် အမျိုးသမီး လေးများက “မင်္ဂလာပါ” မြန်မာသီချင်းဖြင့် သီဆိုဖျော်ဖြေ ကပြရန် စီစဉ်ထားကြောင်း သိရသည်။
(သတင်းစဉ်)