ဝက်တွေနဲ့ပတ်သက်ပြီး ဖြစ်ပွားတတ်တဲ့ရောဂါတွေက ဝက်ဝမ်းသွားတာ၊ ဝက်အအေးမိတာ၊ ကိုယ်ခံအားကျဆင်းတာ ဒါမျိုးတွေနဲ့ သေဆုံးတာမျိုး ရှိတယ်။ ရောဂါလက္ခဏာတွေက ဆင်တူတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးမှ ဟုတ်၊ မဟုတ်ဆိုတာ သိရှိရမှာဖြစ်ပါတယ်။
ဝက်တွေနဲ့ပတ်သက်ပြီး ဖြစ်ပွားတတ်တဲ့ရောဂါတွေက ဝက်ဝမ်းသွားတာ၊ ဝက်အအေးမိတာ၊ ကိုယ်ခံအားကျဆင်းတာ ဒါမျိုးတွေနဲ့ သေဆုံးတာမျိုး ရှိတယ်။ ရောဂါလက္ခဏာတွေက ဆင်တူတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးမှ ဟုတ်၊ မဟုတ်ဆိုတာ သိရှိရမှာဖြစ်ပါတယ်။
Ministry of Information/ နေပြည်တော် / August 07, 2019
ရှမ်းပြည်နယ် တာချီလိတ်ခရိုင်အတွင်းနှင့် မိုင်းလားအထူးဒေသများတွင် ဝက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ပြီး ထိုသို့သေဆုံးမှုများ အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။
မေး ။ ။ တာချီလိတ်ခရိုင်အတွင်းနဲ့ မိုင်းလားအထူးဒေသတွေမှာ ဝက်တွေ သေဆုံးမှုဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘာတွေဆောင်ရွက် နေတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ မိုင်းလားအထူးဒေသမှာ ဝက်တွေ ရောဂါဖြစ်နေတယ်လို့ သတင်းရပါတယ်။ ကျွန်တော်တို့ ဌာနက မိုင်းလားဒေသမှာ ရုံးခွဲရှိပါတယ်။ ဒီလိုရောဂါဖြစ်တယ်လို့သတင်းရတော့ အာဖရိကဝက်အပြင်းဖျားရောဂါ လားဆိုတာကို စိစစ်ဖို့အတွက် မိုင်းလားအထူးဒေသက တာဝန်ရှိသူတွေ ကလည်း စာထွက်ထားတာရှိတယ်လို့ သိရှိရပါတယ်။ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို မတင်သွင်းဖို့၊ မရောင်းချဖို့ ညွှန်ကြားချက် ထွက်ထားတယ်လို့သိရပါတယ်။ သေဆုံးမှုရှိခဲ့ရင်လည်း စနစ်တကျဖျက်ဆီးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒီလိုတွေ သိရှိရတဲ့အတွက် စစ်ဆေးဖို့အတွက် ကျွန်တော်တို့ဌာနကနေ အထူးအဖွဲ့တစ်ဖွဲ့ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စေလွှတ်ထားပြီးပါပြီ။ ဒီအဖွဲ့က မိုင်းလားဒေသထဲက ဝက်ခြံတွေမှာ နမူနာတွေ ရယူစစ်ဆေး နိုင်ဖို့ လုပ်ဆောင်နေကြပါပြီ။ အခု လောလောဆယ်တော့ နမူနာတွေ ကျွန်တော်တို့ဆီကို မရောက်လာသေးပါဘူး။ ရောက်လာပြီး နမူနာတွေ စစ်ဆေးပြီးရင် အာဖရိကဝက်အပြင်းဖျားရောဂါ ဟုတ်၊ မဟုတ်ကို ဓာတ်ခွဲခန်းမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ စစ်ဆေးပြီး အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွားတယ်ဆိုရင် ပြည်သူတွေသိအောင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီမနက်မှာလည်း ပညာရှင်အဖွဲ့တစ်ဖွဲ့ကို မိုင်းလားဒေသကို ထပ်ပြီးလွှတ်လိုက်ပါပြီ။ မိုင်းလားဒေသက ဝက်တွေရဲ့ အခြေအနေကို မြေပြင်ကွင်းဆင်းပြီး အချက်အလက်တွေ ကောက်ယူတာ၊ နမူနာတွေ ရယူတာတွေ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။
ဘာဖြစ်လို့လဲဆိုရင် ဒီရောဂါ ဖြစ်၊ မဖြစ်ကို ဓာတ်ခွဲခန်း မှာသာ စစ်ဆေးပြီးမှ သိရှိနိုင်မှာဖြစ်ပါတယ်။ အထူးဒေသ (၂) နဲ့ အထူးဒေသ (၄) မှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒီဒေသတွေကို ပညာရှင်တွေ လွှတ်ပြီး စိစစ်စစ်ဆေးမှုတွေ ဆောင်ရွက်ဖို့ ညှိနှိုင်းပြီးတော့ အထူးဒေသ (၄) နဲ့ အထူးဒေသ (၂) ကို ပညာရှင်တွေ လွှတ်လိုက်ပါပြီ။
တာချီလိတ်ခရိုင်အတွင်းမှာလည်း ဝက်တွေ နေမကောင်း တာတွေဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဒါကြောင့် စနေနေ့က ရှမ်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးဆောင်ပြီး ဖြစ်ပွားတယ်လို့ သံသယရှိတဲ့နေရာတွေ စိစစ်စစ်ဆေးနေပါတယ်။
ဒါနဲ့ပတ်သက်ပြီး သတင်းတွေ ဖော်ပြတာရှိပါတယ်။ သတင်းတွေထဲမှာ ဝက်တွေ ၁၀၀၀ လောက်သေတယ်၊ ၂၀၀၀ လောက် သေတယ်ဆိုပြီး ဖော်ပြကြတာရှိပါတယ်။ ဓာတ်ပုံတွေလည်း ဖော်ပြကြတာရှိပါတယ်။ သတင်းကတော့ ကြားတဲ့ သတင်းကို ရေးကြတာဖြစ်ပါတယ်။ ဓာတ်ပုံတွေနဲ့ပတ်သက်ပြီး စုံစမ်းစိစစ်ကြည့်တဲ့အခါ တရုတ်နိုင်ငံက ဖြစ်ပွားတဲ့ ဓာတ်ပုံကို သတင်းနဲ့ တွဲပြီးထည့်လိုက်တယ်လို့ သိရပါတယ်။ ပြီးတော့ တာချီလိတ်က သတင်းမှာလည်း လာအိုနိုင်ငံက ဖြစ်ပွားတဲ့ ဓာတ်ပုံကို ထည့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
ကျွန်တော်တို့အဖွဲ့တွေ အနေနဲ့ကတော့ ဖြစ်ပွားတဲ့ဒေသတွေကို သွားရောက်ကွင်းဆင်းနေကြပါပြီ။ ပြီးခဲ့တဲ့ နှစ်လ လောက်ကတည်းက ကွင်းဆင်းတဲ့အခါ ဝက်တွေ နေမကောင်းဖြစ်တာ ဟိုရွာနည်းနည်း၊ ဒီရွာနည်းနည်းနဲ့ ဝက်အကောင်ရေ ၁၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ လတ်တလောမှာ နေမကောင်းဖြစ်တဲ့ဝက်ကို တိုက်ရိုက်မတွေ့သေးဘူး။ ဒီလို နေမကောင်းဖြစ်တဲ့ ဝက်ဆီကနေ နမူနာယူပြီး စစ်ဆေးပြီးတော့ အတည်ပြုချက်နဲ့ ရောဂါအခြေအနေကို ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။
၁၀၀၀ လောက်သေတယ်ဆိုတာ အတိအကျမဟုတ်ပါဘူး။ ကျွန်တော်တို့ဌာနကနေ ဒီဒေသတွေကို ကွင်းဆင်းတဲ့အခါ နှစ်လ၊ သုံးလအတွင်းမှာ သေတာ ၁၀၀ လောက်ရှိတယ်လို့ သိရတယ်။
မေး ။ ။ ရောဂါလက္ခဏာတွေကိုလည်း ပြောပြပေးပါဦး။
ဖြေ ။ ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ရှင်းပြချင်တာ ရှိပါတယ်။ ယေဘုယျအားဖြင့် ဝက်တွေက ဘာရောဂါဖြစ်ဖြစ် ဒီလောက်တော့ သေဆုံးမှုရှိပါတယ်။ ဝက်တွေနဲ့ပတ်သက်ပြီး ဖြစ်ပွားတတ်တဲ့ ရောဂါတွေက ဝက်ဝမ်းသွားတာ၊ ဝက်အအေးမိတာ၊ ကိုယ်ခံအား ကျဆင်းတာ ဒါမျိုးတွေနဲ့ သေဆုံးတာမျိုးရှိတယ်။ ရောဂါလက္ခဏာတွေက ဆင်တူတယ်။ ဒါကြောင့် ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီးမှ ဟုတ်၊ မဟုတ် ဆိုတာ သိရှိရမှာဖြစ်ပါတယ်။ ဒီအတွက်ကိုလည်း အမြန်ဆုံး ဆောင်ရွက်နေ ပါတယ်။
ရောဂါလက္ခဏာက တခြားရောဂါတွေနဲ့ ဆင်တူနေတယ်။ ဝက်တွေမှာ အနီကွက်ထွက်တာမျိုး၊ ဝမ်းသွားတာမျိုး၊ အန်တာမျိုး၊ တုန်ရီနေတာ မျိုးတွေ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေက ဝက်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ တခြား ရောဂါလက္ခဏာနဲ့ ဆင်တူတယ်။
တာချီလိတ်နဲ့ မိုင်းလားဒေသကို စုစုပေါင်း အဖွဲ့သုံးဖွဲ့ စေလွှတ်ထား ပါတယ်။ ပညာရှင်အဖွဲ့နှစ်ဖွဲ့နဲ့ ဒေသကျွမ်းကျင်သူ တစ်ဖွဲ့ပါ။ ထပ်ပြီးတော့လည်း လွှတ်ဖို့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဒေသတွေက နယ်စပ်ဒေသတွေဖြစ်ပြီး တရုတ်၊ လာအိုတို့နဲ့ နီးတဲ့အတွက် ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနိုင်ခြေ များတဲ့အတွက်လည်း ဖြစ်ပါတယ်။ ‘ဒါပေမယ့် ဖြစ်ပွားမှု ရှိ၊ မရှိကတော့ သေတဲ့အကောင်ဆီ ကနေ နမူနာယူပြီး စမ်းသပ်လို့မရပါဘူး။ သေတဲ့အကောင်မှာက အခြားရောဂါတွေ အများကြီး ဝင်ရောက်နေနိုင်တဲ့အတွက် တိကျတဲ့ အဖြေကို မရနိုင်ပါဘူး။ ရှင်တဲ့အကောင်ဆီက နမူနာယူပြီး စမ်းသပ်မှသာ သိရှိရမှာပါ။
လူကိုမကူးစက်နိုင်ပေမယ့် ရောဂါဖြစ်တဲ့အသားကတော့ မစားသင့်ပါဘူး။ လူမှာ အန္တရာယ်မရှိနိုင်ပေမယ့် တကယ်လို့ စားခဲ့ရင် စားပြီးလွှင့်ပစ်တဲ့ အကြွင်းအကျန်တွေကနေ ကူးစက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မွေးမြူရေး စနစ်မှာက စားကြွင်းစားကျန်တွေကို ကျွေးတာများပါတယ်။ ဒီကနေ ကူးစက်တာများပါတယ်။ ဒါကြောင့် မွေးမြူရေးစနစ်မှာ အကြွင်းအကျန်တွေကို မကျွေးသင့်ဘူးဆိုတာကို ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ တကယ်လို့ မဖြစ်မနေ ကျွေးမယ်ဆိုရင် ပိုးသေအောင် ကျိုချက်ပြီးကျွေးသင့်ပါတယ်။
ဒီရောဂါရဲ့ထူးခြားချက်က အေးခဲအသားတွေ၊ ဝက်ပေါင် ခြောက်တွေ၊ ဝက်အူချောင်းတွေမှာ အကြာကြီးနေနိုင်ပါတယ်။ ဒီလိုရောဂါပိုးက မပျက်စီးလွယ်ဘဲ အကြာကြီးနေနိုင်တဲ့အတွက် တားဆီးရာမှာ ရင်ဆိုင်ရတဲ့အခက်အခဲတစ်ခုပါ။ ဒါကြောင့် တရုတ်နိုင်ငံက အေးခဲအသားတွေကို မြန်မာနိုင်ငံကို တင်သွင်းခွင့်မပြုတာ ဖြစ်ပါတယ်။ တကယ်လို့ ရောဂါဖြစ်ပွားရင် ဖြစ်ပွားတဲ့ဝက်ကို စနစ်တကျမြေမြှုပ် သင့်ပါတယ်။ ဒီရောဂါက ကူးစက်မှုမမြန်ပေမယ့် ဖြစ်ပွားရင် သေဆုံးနိုင်ခြေမြင့်မားတယ်။ ရောဂါအတွက် ကာကွယ်ဆေးမရှိဘူး။ ကုသဖို့ ဆေးမရှိသေးဘူး။
နယ်စပ်တွေမှာ ဖြစ်ပွားနိုင်မှုမြင့်မားတဲ့အတွက် နယ်စပ်တွေမှာ၊ လေဆိပ်တွေမှာ၊ ရေဆိပ်တွေမှာ တားဆီးတယ်။ ဒါက ကာကွယ်မှု တစ်ခုပါ။ အကယ်၍ ဖြစ်ပွားရင် အလျင်အမြန် ထိန်းနိုင်အောင် ကျွန်တော်တို့အနေနဲ့ လေ့ကျင့်ဆောင်ရွက် ထားရပါတယ်။ ခုနကပြောခဲ့သလို မြို့နယ်အဆင့်အထိ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ထားတယ်။ ဖြစ်ပွားတယ်ဆိုရင် ဘာလုပ်ကြမယ်ဆိုတာနဲ့ လိုအပ်တဲ့ ပိုးသတ်ဆေးတွေကိုလည်း ဖြန့်ဝေထားပါတယ်။
မေး ။ ။ အရင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့မှု ရှိခဲ့ပါသလား။
ဖြေ ။ ။ ရောဂါလက္ခဏာက တခြားရောဂါတွေနဲ့ ဆင်တူနေတယ်။ ဖြစ်၊ မဖြစ်ကိုတော့ ဓာတ်ခွဲစစ်ဆေးမှ သိရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် သံသယရှိတာနဲ့ နီးစပ်ရာ ကျွန်တော်တို့ ဌာနတွေ၊ ဒေသအာဏာပိုင် တွေဆီကို အကြောင်း ကြားပေးပါ။ အကြောင်းကြားတာနဲ့ စိစစ်ပြီး ကာကွယ်တုံ့ပြန်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ ကျန်တဲ့ ဝက်ရောဂါတွေက ကာကွယ်ဆေးရှိပါတယ်။ ဒါကြောင့် ဝက်မွေးမြူရေးမှာ ကာကွယ်ဆေးတွေ ထိုးထားကြတယ်။ ဒီလိုထိုးတာတောင် ရောဂါဖြစ်ပွား ရင် အာဖရိက ဝက်အပြင်းဖျားရောဂါ ဖြစ်ပွား နိုင်ချေများတယ်။ မြန်မာနိုင်ငံမှာက အရင်က ဖြစ်ပွားခဲ့မှု မရှိသေး ပါဘူး။ အခု ဖြစ်ပွားမှု ရှိ၊ မရှိ အတည်မပြုနိုင်သေးပေမယ့် အထူးဂရုစိုက်ရပါမယ်။
မေး ။ ။ အခု ဝက်တုပ်ကွေးလို့လည်း ခေါ်နေကြပါတယ်။ ဘယ်လိုကွာခြားတယ်ဆိုတာ သိပါရစေ။
ဖြေ ။ ။ African Swine Fever ကို အာဖရိက ဝက်အပြင်းဖျားရောဂါလို့ ခေါ်ပါတယ်။ ဝက်တုပ်ကွေးလို့ မခေါ်ပါဘူး။ တုပ်ကွေးဆိုတာက ကူးစက်မှုမြန်တဲ့သဘော ဖြစ်ပါတယ်။ ဒီရောဂါကျတော့ တုပ်ကွေးလိုမျိုး မဟုတ်ပါဘူး။ သူက ကူးစက်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ကူးစက်ပြီးရင် ပျက်စီးဖို့ ရာခိုင်နှုန်းများပါတယ်။ ဒီရောဂါက လူကိုလည်း မကူးစက်နိုင်ပါ ဘူး။ ဝက်တွေမှာတော့ ဖြစ်ပွားတယ်ဆိုရင် ပျက်စီးမှုများနိုင်တယ်။ ဒီလိုပျက်စီးမှုတွေရှိရင် ဝက်မွေးမြူရေးလုပ်ငန်း ထိခိုက်မှုများ နိုင်တယ်။ ဒါကြောင့် ဒီရောဂါဖြစ်ပွားမှာ စိုးရိမ်ပါတယ်။
မေး ။ ။ ဒီရောဂါအတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ပါသလား။
ဖြေ ။ ။ ဒီရောဂါက ၂၀၁၈ ခုနှစ်က အာရှဒေသ တရုတ် နိုင်ငံမှာ ဖြစ်ပွားတာရှိတယ်။ တရုတ်နိုင်ငံမှာ ဖြစ်ပွားကတည်းက မြန်မာနိုင်ငံနဲ့နီးတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ခဲ့ ပါတယ်။ သက်ဆိုင်ရာ နယ်စပ်ဂိတ်တွေ၊ ဝင်ပေါက်၊ ထွက်ပေါက် အားလုံးမှာ အသိပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ ပိုစတာတွေ ကပ်တာ၊ လက်ကမ်းစာစောင်တွေ ဖြန့်တာ ဒါတွေကိုလည်း ဆောင်ရွက်ခဲ့တယ်။ ပညာပေးလုပ်ငန်းတွေကို ဒေသဘာသာစကားတွေနဲ့လည်း ဆောင်ရွက်ခဲ့ပါတယ်။ လေဆိပ်၊ ရေဆိပ်တွေ အားလုံးမှာလည်း ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ဌာနက ဝန်ထမ်းတွေက မြို့နယ် ၃၃၀ မှာ ရှိပါတယ်။ ဒီဝန်ထမ်းတွေအားလုံးကို ဒီရောဂါနဲ့ပတ်သက်ပြီး ဖြစ်ပွားမှုရှိလာရင် ဘာတွေလုပ်ဆောင်ပေးရမယ်ဆိုတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို သင်တန်းပေးပြီးသားပါ။ သင်တန်း ပေးရုံတင်မကဘဲ ဖြစ်ပွားမှု သဏ္ဌာန်တူလေ့ကျင့်ခန်းတွေကိုပါ လေ့ကျင့်ဆောင်ရွက်ပြီးသားပါ။
ကျွန်တော်တို့အနေနဲ့ ရောဂါဖြစ်ပွားနိုင်မှု မြင့်မားတဲ့ နေရာဒေသတွေမှာ စူးစမ်းထောက်လှမ်းမှုတွေ လုပ်နေတာ ရှိပါတယ်။ ဒီရောဂါနဲ့ပတ်သက်ပြီး ဥပဒေအရ အရေးကြီး ရောဂါ (ခ) အဆင့်ကနေ (က)အဆင့်ဆိုပြီး ပြောင်းလဲသတ်မှတ်ခဲ့တာလည်း ရှိပါတယ်။ ရောဂါဖြစ်ပွားမှုရှိရင် လုပ်ငန်းစဉ်တွေ ဆောင်ရွက်တဲ့အခါ လွယ်ကူစေဖို့ ဒေသအာဏာပိုင်တွေ၊ လူမှုအဖွဲ့အစည်း တွေကိုပါ လုပ်ငန်းစဉ်ဆောင်ရွက်မှု အဆင့်ဆင့်ကို ရှင်းပြခဲ့ပါတယ်။ ဒီရောဂါ စစ်ဆေးဖို့အတွက် စစ်ဆေးတဲ့ လုပ်ငန်းစဉ် အတွက်လည်း ပြင်ဆင်ထားပြီးသားပါ။ ဒီလို စစ်ဆေးတဲ့နေရာမှာ နိုင်ငံတကာစံနှုန်းနဲ့အညီ စစ်ဆေး အတည်ပြုနိုင်ဖို့အတွက် ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် မှာရှိတဲ့ ဓာတ်ခွဲခန်းတွေက ဝန်ထမ်းတွေကိုလည်း လေ့ကျင့်သင်ကြားပေးပြီး ဖြစ်ပါတယ်။
ဒီရောဂါနဲ့ပတ်သက်ပြီး လေဆိပ်တွေမှာလည်း အထူးသဖြင့် မန္တလေးနဲ့ နေပြည်တော်လေဆိပ်မှာ ဝက်နဲ့ ဝက်ထွက် ပစ္စည်းတွေကို တားမြစ်ထားပါတယ်။ တွေ့ရင် သိမ်းဆည်း ဖျက်ဆီးပါတယ်။ မယူရဘူးဆိုတာကိုလည်း အရင်ကတည်းက အမိန့်ထုတ်ပြီးသားပါ။ တာချီလိတ်နဲ့ မိုင်းလားဒေသမှာ စစ်ဆေးတွေ့ရှိတာတွေကိုလည်း ပြည်သူတွေ သိရှိအောင် ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကပဲ အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပွားရင် ဘယ်လို အလျင်အမြန် ဆောင်ရွက်ရမယ်ဆိုတာ သင်တန်းပေးခဲ့ပါတယ်။ ရောဂါဖြစ်ပွားတယ်လို့ သတင်းရပြီးတော့ ကွင်းဆင်းသွားရောက်တဲ့အခါ ဖြစ်ပွားမှုက မရှိတော့ဘဲ သတင်းပဲကျန်ခဲ့တာမျိုး ရှိပါတယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်း ကွင်းဆင်းနိုင်ဖို့အတွက် တိရ္ဆာန်တွေနဲ့ ပတ်သက်ပြီး ရောဂါဖြစ်ပွားမှုကို ချက်ချင်းသိရှိစေနိုင်ဖို့ သတင်းကွန်ရက်တစ်ခုကို တည်ထောင်သွားမှာပါ။ အခု တာချီလိတ် အတွက်တော့ နည်းနည်း နောက်ကျသွားတယ်၊ သတင်းကြားပေမယ့် လက်တွေ့ကွင်းဆင်းတဲ့အခါ ချက်ချင်း နမူနာ မရခဲ့ပါဘူး။
မေး ။ ။ ပြည်သူတွေသိရှိဖို့ ဖြည့်စွက်ပြောကြားပေးပါ။
ဖြေ ။ ။ အာဖရိက ဝက်အပြင်းဖျားရောဂါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ဖြစ်ပွားတာပါ။ ဒါပေမယ့် သူတို့ဆီမှာက ကျယ်ကျယ်ပြန့်ပြန့် မဖြစ်ပွားဘူး။ အခု အာရှတိုက်ဘက်ကို ကူးစက်လာတယ်။ အာရှတိုက်က မွေးမြူရေး လုပ်ငန်းများတော့ ဖြစ်ပွားမှုများတယ်။ ဒီရောဂါက ကာကွယ်ကုသဆေး မရှိသေးတဲ့အတွက် သတိထားရပါတယ်။ ပြီးတော့ ကျန်တဲ့ရောဂါတွေ ကာကွယ်နိုင်အောင်လည်း ကာကွယ်ဆေးထိုးရမှာ ဖြစ်ပါတယ်။ လူကို မကူးစက်နိုင်ပေမယ့် စားသုံးဖို့ အတွက် ကျွန်တော်တို့ တားမြစ်ပါတယ်။ ‘ဒီရောဂါကို ကာကွယ်နိုင်ဖို့အတွက် သန့်ရှင်းသပ်ရပ်တဲ့ မွေးမြူရေးစနစ်ကို ထူထောင်ဖို့က အရေးကြီးပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရှင်မင်း၊ ဓာတ်ပုံ-ထိန်နန်နော်