မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အစီရင်ခံစာ(၂၀၁၆-၂၀၁၇)ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ရှင်းလင်းဆွေးနွေး


Ministry of Information/ ​နေပြည်တော် / August 07, 2019
image_latest


နေပြည်တော်၊ ဩဂုတ် ၇

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiative - MEITI)၏ စတုတ္ထအကြိမ် အစီရင်ခံစာ(၂၀၁၆ - ၂၀၁၇) ပါအကြောင်းအရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညိှနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ပြည်ထောင်စုအစိုးရဌာန/ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ် များ၊ အရပ်ဖက်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ တက်ရောက်ခဲ့ကြသည်။

ရှင်းလင်းဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဉီးအောင်ကြည်က အဖွင့်အမှာစကား ပြောကြားရာ တွင် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်၊ အာဂျင်ဒါ ၂၀၃၀ တွင် ဖော်ပြခဲ့သည့်အတိုင်း လူ့အဖွဲ့အစည်းတစ်ရပ်၏ လူမှု၊ စီးပွားရေး ဘဝရေရှည်ဖွွံ့ဖြိုးတိုးတက်ရေး သည် မိမိတို့နှင့်သက်ဆိုင်သည့် သဘာဝသယံဇာတများကို ရေရှည်တည်တံ့ခိုင်မြဲသော နည်းလမ်းဖြင့် စီမံခန့်ခွဲနိုင်မှု အပေါ်မူတည်ပါကြောင်း၊ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်ခိုင်မြဲစွာ ကျင့်သုံးနိုင်ခြင်းရှိမှလည်း သယံဇာတများကို တစ်နိုင်ငံလုံးနှင့် ဆိုင်သော အမျိုးသားပိုင်ဆိုင်မှု အနှစ်သာရ အစစ်အမှန် အဖြစ်ပေါ်ထွန်းလာစေမည်ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် MEITI ၏ လုပ်ငန်းရည်ရွယ်ချက်များကို တန်ဖိုးထားပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြား ချက်များဖြင့် ပြဋ္ဌာန်းထားချက်များသည် လက်တွေ့အမှန်တကယ် လိုက်နာကျင့်သုံး ဖော်ဆောင်မှုများနှင့် ကွာဟချက်ကျယ်ပြန့်စွာ ရှိနေသည်ကို MEITI မှ နှစ်စဉ် ထောက်ပြလာခဲ့သည်မှာ ယခုအခါ ၂၀၁၆ - ၂၀၁၇ ကာလအထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ ယခုလို ကွာဟချက်များ ဖြစ်ပေါ်လာရခြင်းသည် အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည် အကန့်အသတ် ရှိနေခြင်းကြောင့် ဖြစ်နိုင်သလို အဂတိလိုက်စားမှုများကို ကောင်းစွာထိန်းချုပ် နိုင်ခြင်းမရှိသည့် အတွက်ကြောင့်လည်း ဖြစ်နိုင်သည်ကို တာဝန်ရှိသူများက အလေးအနက်ထား နိုင်မှသာ အများပြည်သူ အကျိုးစီးပွားအတွက် မှန်ကန်ကောင်းမွန်သော ကိုင်တွယ်ဖြေရှင်းနည်း အစစ်အမှန်တစ်ရပ်ကို မိမိတို့ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် လုပ်ငန်းစဉ်များနှင့် စတုတ္ထအကြိမ်အစီရင်ခံစာ အကျဉ်းချုပ်တို့ကို မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူးရုံးမှ နည်းပညာကျွမ်းကျင်သူ ဦးထွန်းပေါ်ဦးကလည်းကောင်း၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းမှ ကျွမ်းကျင်သူ ဦးသန်းဌေးအောင်က လည်းကောင်း၊ ကျောက်မျက်၊ ကျောက်စိမ်းကဏ္ဍနှင့် စပ်လျဉ်း၍ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးမင်းသူက လည်း ကောင်း၊ သတ္တုကဏ္ဍနှင့်စပ်လျဉ်း၍ သတ္တုတွင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က လည်းကောင်း၊ ပုလဲကဏ္ဍ နှင့်စပ်လျဉ်း၍ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ လက်ထောက်အထွေ ထွေမန်နေဂျာဦးတင်ဝင်းကိုက လည်းကောင်း၊ စာရင်းဇယားများဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။

(MEITI) လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ EITI သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ ကိုယ်စားလှယ်များ ဖြစ်ကြသည့် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မူမူစော၊ မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဒုတိယဉက္ကဋ္ဌ ဦးဇော်ဘိုခန့်၊ Total E&P Myanmar မှ Head of Contractual & Commercial Support ဦးဝင်းတင်၊ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ Executive Director ဦးဝင်းမျိုးသူနှင့် မြန်မာနိုင်ငံ EITI ညှိနှိုင်း ရေးမှူး ဦးစိုးဝင်းတို့က ဖြည့်စွက်ရှင်းလင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်းမှုအပေါ် တာဝန်ရှိ သူများကပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး(MEITI) လုပ်ငန်းစဉ်အား ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၄ခုနှစ်၊ ဇူလိုင်လတွင် EITI အဖွဲ့ဝင်လောင်းနိုင်ငံ (EITI Candidate Country) အဆင့်သို့ ရောက်ရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ၏ စတုတ္ထအကြိမ် EITI အစီရင်ခံစာ (၂၀၁၆ - ၂၀၁၇) ကို မတ် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)