ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ကို ဘားအံမြို့ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပမည်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2019

ဘားအံ သြဂုတ် ၉
၀ါခေါင်လရောက်တိုင်း ကရင်ပြည်နယ်အတွင်းရှိ နေရာဒေသအနှံအပြား၌သာမက ကရင်တိုင်းရင်းသား လူမျိုးများပျံနှံ့နေထိုင်ရာ ပြည်တွင်း၊ ပြည်ပနေရာဒေသများတွင် ကရင့်ရိုးရာခြည်ဖြူဖွဲ့မင်္ဂလာကို စည်ကားစွာ ကျင်းပ လေ့ရှိကြရာ ယခုနှစ် သြဂုတ်လ ၁၁ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ (၄၂)ကြိမ်မြောက် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ကို ကရင်ရိုးရာထုံးတမ်းစဉ်လာများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ (လာခုဂ်ခါင်.စူး)ကို ကရင်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များမပျောက်ပျက်စေရန်၊ ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအကြောင်းကို သိရှိနားလည်လာ စေရန်၊ ကရင့်ရိုးရာဓလေ့များကို ထိန်းသိမ်းမြတ်နိုးတက်လာစေရန်နှင့် ပွဲတော်တွင်ပူးပေါင်းပါဝင်ဆင်နွဲလာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု သိရှိရပြီး နှစ်စဉ်နှစ်တိုင်း ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို ကျင်းပလာခဲ့ သည်မှာ နှစ်ကာလအားဖြင့် ကြာမြှင့်ခဲ့ပြီဖြစ်သည်။
ရှေးကရင်လူကြီးများက ၀ါခေါင်လစုပေါင်းလက်ချည်ရာတွင် လယ်ယာစိုက်ပျိုးပြီးချိန်ဖြစ်၍ ကွဲကွာနေသော မိသားစုဝင်များ ပြန်လည်ဆုံတွေ့ရခြင်း၊ လူကြီးမိဘများ၏ ဆုံးမသြဝါဒများကို ခံယူရခြင်း၊ လူမှုရေးကိစ္စရပ်များညှိနှိုင်း တိုင်ပင်ဆွေးနွေးကြခြင်းနှင့် (လာခုဂ်ခါင်.စူး)သို့ တက်ရောက်လာသူများအချင်းချင်း ချစ်ကြည်သွေးစည်း ညီညွှတ်မှုကို ရရှိစေခြင်း တို့ကိုလည်း ရည်ရွယ်သည်။
ကရင်လူမျိုးများသည် ရှေးဘိုးဘွားဘီဘင်များ၏ ယူဆချက်အရ ၀ါခေါင်လတွင် အများအားဖြင့် ရေကြီးလေ့ရှိပြီး ဆန်ရေစပါးများ တဖြည်းဖြည်းလျော့နည်းလာကာ စားသောက်ရာတွင်လည်း ပုံမှန်ထက်ပိုမို၍ ကုန်သည်ဟု ထင်မြင်ပြီး မကောင်းဆိုးဝါးများ လူတွင်ဝင်ရောက်ပူးကပ်သည်ဟု ယူဆသည့်အတွက် ကိုယ့်လိပ်ပြာလွင့်မသွားအောင် ၀ိဉာဏ် လိပ်ပြာကို ခေါ်လေ့ခေါ်ထရှိကြောင်း၊ လိပ်ပြာမလွင့်အောင် ချည်ဖြူဖြင့် လက်တွင်ချည်နှောင်ထားပြီး ဆံဖြူခါးကုန်း သည်အထိ လိပ်ပြာဝိဉာဏ်ကို ကိုယ်နှင့်မကွာနေထိုင်နိုင်စေရန် ဆုတောင်းမေတ္တာပြုခြင်းသည် ကရင်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာ၏ အနှစ်သာရပင် ဖြစ်သည်။
အိမ်ထောင်စုတစ်ခုတွင် အိမ်သားတစ်ဦးတစ်ယောက် မကျန်းမမာဖြစ်၍သော်လည်းကောင်း၊ တစ်စုံတစ်ရာထိတ် လန့်မှုကြောင့် ကယောင်ချောက်ခြားဖြစ်နေခြင်းကိုလည်းကောင်း၊ ချည်ဖြူဖွဲ့ပြီး ရိုးရာကုထုံးဖြင့် ကုသသည့်သဘော ဖြစ်ပြီး ထိပ်လန့်မှုဖြစ်၍ နာမကျန်းဖြစ်နေသောသူကို လိပ်ပြာခေါ်ရန်ရှိလာသည့်အခါ လိပ်ပြာခေါ်ယူသူကို ပင့်ဖိတ်၍ တာဝန်ပေးကြကာ အများအားဖြင့် ဆေးဝါးကုသနေသော သမားတော်များ၊ ကျေးရွာအကြီးအကဲများနှင့် လင်စုံမယားစုံ သက်ကြီးအဖိုးအဖွားများက ဆောင်ရွက်ပေးကြကြကြောင်း သိရသည်။
ကရင်လူမျိုးများ တိဗက်ကုန်းပြင်မြင့်မှ ဆင်းသက်လာရာလမ်းကြောင်းတစ်လျှောက်တွင် ညီအစ်ကိုမောင်နှမ အချင်းချင်း တစ်ဦးနှင့်တစ်ဦးမှတ်မိနိုင်ရန် မိမိတို့၏လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့် ရစ်ပတ်ချည်နှောင် အမှတ်သညာ ပြုခဲ့ကြရာမှ လက်ကောက်ဝတ်တွင် ချည်ဖြူရစ်ပတ် ချည်နှောင်ထားသည်ကိုတွေ့လျှင် ကရင်လူမျိုးဖြစ်ကြောင်း သိနိုင်ပြီး ထိုမှစ၍ ချည်ဖြူဖွဲ့မင်္ဂလာပေါ်ပေါက်လာသည်ဟု အဆိုရှိကြောင်း မှတ်သားရပါသည်။
ကရင်လူမျိုးများတွင် ချည်ဖြူနှင့်လက်ချည်ခြင်း(၃)မျိုးရှိပြီး ၄င်းတို့မှာ
(၁) မင်္ဂလာဆောင်သည့်အခါ လက်ချည်ခြင်း
(၂) ဘိုးဘွားမိဘနှင့်ဆွေမျိုးမောင်နှမသားချင်းများထဲမှ တစ်ဦးဦး သေဆုံးသည့်အခါ လိပ်ပြာခေါ်လက်ချည်ခြင်း
(၃) မကောင်းဆိုးဝါးဝင်ပူးသည်ကို ကြောက်လန့်မှုဖြင့် တွေ့ဆုံလွန်ကဲပြီး ဖျားနာ မကျန်းမမာဖြစ်သည့်အခါ
လိပ်ပြာခေါ်လက်ချည်ဖြင်းတို့ ဖြစ်ကြသည်။
ထိုလက်ချည်ခြင်း(၃)မျိုးကို ပြုလုပ်ရာတွင် အချိန််အခါမတူညီကြသော်လည်း ၀ါခေါင်လလက်ချည်ပွဲသည် ၀ါခေါင်လအတွင်းတွင်သာ စုပေါင်း၍ပြုလုပ်ခြင်း၊ ကျေးရွာဘုန်းကြီးကျောင်းများတွင် စုပေါင်းပြုလုပ်ခြင်း၊ မိသားစုတစ်စု ခြင်းအလိုက် ပြုလုပ်ခြင်းတို့ကို ကရင်တိုင်းရင်းသားများ နှစ်စဉ်ကျင်းပကြကြောင်း သိရသည်။
လက်ချည်ခြင်းသည် သာမာန်အားဖြင့် သမရိုးကျဟုထင်မြင်ယူဆရပါသော်လည်း အမှန်တကယ်လေ့လာကြည့် ရာတွင် လက်ချည်သည့်အခါ အသုံးပြုသည့် ပစ္စည်းပစ္စယများတွင် တစ်ခုချင်းစီတိုင်း၌ လေးနက်သည့်အဓိပ္ပယ်များ ရှိနေသည်ကို သိရှိရသည်။
ချည်ဖြူဖွဲ့ရာတွင် ပစ္စည်း(၇)မျိုးပါဝင်ပြီး
၁။ ငှက်ပျော်သီး - ကရင်လူမျိုးများသည် ငှက်ပျောသီးကဲ့သို့ တစ်ဖီးတည်းတစ်ခိုင်တည်း စုစုစည်းစည်း ညီညီ
ညာညာဖြင့် ဥမကွဲသိုက်မပျက် နေထိုင်ကြသည့်သဘော
၂။ ကောက်ညှင်းထုပ်- ကောက်ညှင်းသည် စေးကပ်သည့်သဘောရှိပြီး တော်ရုံနှင့်ခွာ၍မရ၊ ထို့အတူ ကရင်လူမျိုးများ
သည်လည်း ကောက်ညှင်းပမာတည်တံ့ခိုင်မာသည့်နှလုံးသားရှိသည့်သဘော
၃။ ထမင်းဆုပ် ကျွန်တော်တို့သည်အင်အားရှိရန်ထမင်းကိုနေ့စဉ်စားသုံးကြပါသည်။ ထမင်းစားရမှအားရှိပါမည်
အားရှိမှအလုပ်လုပ်နိုင်မည်၊ ထို့ကြောင့် ကျွန်တော်တို့ကရင်လူမျိုးများ အချင်းချင်းထမင်းခွံ
ကျွေးကြပါစို့ ဟူသောသဘော
၄။ နတ်ပန်းညို နတ်ပန်းညိုပင်သည် မိမိအပင်ရှင်သန်ကြီးထွားရေးအတွက်အမြစ်သည်ကျယ်ပြန့်ရှည်လျားစွာ
ထိုးဆင်းပြီးအပင်သည်ဆင့်ကဲဆင့်ကဲပေါက်သဖြင့် တော်ရုံနှင့်မသေနိုင်မျိုးမသုန်းပေ၊ ထို့အတူ
ကရင်လူမျိုးများသည် ရောက်လေရာတွင် နတ်ပန်းညိုကိုစံပြု၍ မိမိတို့မျိုးဆက်ကို ထိန်းသိမ်း
ဆောင်ရွက်ကြရန် အဓိပ္ပယ်ကိုဆောင်ပါကြောင်း
၅။ ချည်ဖြူ ချည်ဖြူတစ်မျှင်ကိုပြတ်အောင်ဆွဲဖြတ်နိုင်သော်လည်း ချည်မျှင်များစုစည်း၍ ဖွဲ့ချည်ထုံးနှောင်
သောအခါ ဆွဲဖြတ်၍မပြတ်နိုင်သကဲ့သို့ ကရင်လူမျိုးများအချင်းချင်းသည်လည်းချည်ဖြူပမာ
စုစည်းခိုင်မာရမည့် သဘောကိုဆောင်ပါကြောင်း
၆။ ရေ ရေသည်အေးမြနေသကဲ့သို့ ကရင်လူမျိုးတို့၏ ဘဝခရီးလမ်းသည်လည်း အေးချမ်းသာယာ
စေရန် ရည်ရွယ်သည့် သဘောကိုဆောင်ပါကြောင်း
၇။ ကြံပိုင်း ကြံပင်တို့မည်သည်တစ်ဆစ်ပြီးတစ်ဆစ်၊ တစ်ဆင့်ပြီးတစ်ဆင့်အထက်သို့ထိုးတက်လျက်ရှိရာ
ကြံပင်ကိုပမာပြု၍ ရှေ့ဆက်ဘဝစည်ကားရေးအတွက် ကြိုးစားကြရမည့်သဘောကိုဆောင်
ကြောင်း
ထို့ကြောင့် အဓိပ္ပါယ်များနှင့်ပြီးပြည့်စုံသော ချည်ဖြူဖွဲ့မင်္ဂလာ ရိုးရာဓလေ့ပွဲတော်ကို မပျောက်မပျက် လက်ဆင့်ကမ်းထိန်းသိမ်းမြှင့်တင်ကြရန်၊ မွန်မြတ်သန့်စင်ပြီး ချစ်စရာကောင်းသော ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို လူမျိုးမရွေး၊ ဘာသာမရွေး ပါဝင်ဆင်နွှဲနိုင်ပြီး နှစ်စဉ်ဝါခေါင်လရောက်တိုင်း မိမိတို့၏ လက်ကောက်ဝတ်များတွင် ချည်ဖြူဖွဲ့၍ ကရင်ရိုးရာဓလေ့ကို အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းနိုးဆော်ရင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ သြဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်တွင် စတင်ကျင်းပမည့် ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာ(လာခုဂ်ခါင်.စူး)ကို ပြည်ထောင်စုဖွား တိုင်းရင်းသား ညီကိုမောင်နှမများ အားလုံး အတူတကွ ပူးပေါင်းပါဝင်ဆင်နွဲကြပါရန် ဆန္ဒပြုရေးသားတင်ပြအပ်ပါသည်။