နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြား
Ministry of Information/ နေပြည်တော် / September 25, 2019
နေပြည်တော် စက်တင်ဘာ ၂၅
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာ ပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်မှုနှင့် အတူ လူထုအခြေပြု ဗဟိုဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်၊ ဦးမင်းသူ၊ သူရ ဦးအောင်ကို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်း ပြည်ပမှ အလှူရှင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် ပထမဆုံးပြောရမယ်ဆိုရင် ရွေ့လျားစာကြည့်တိုက်ဟာ ကျွန်မတို့ဖောင်ဒေးရှင်း ပထမဦးဆုံး အကောင်အထည်ဖော်လိုက်တဲ့ စီမံကိန်း ဖြစ်ပါတယ်။ ဖောင်ဒေးရှင်းစပြီး ကတည်းက ရွေ့လျားစာကြည့်တိုက် လုပ်ဖို့ဆိုပြီး ရည်ရွယ်ချက်ရှိပါတယ်။ ပထမဦးဆုံး ကျေးဇူးတင်ရမယ့် မိတ်ဆွေကြီးက ဒေါက်တာဥမ္မာမိုးမြင့် ဖြစ်ပါတယ်။ ကျွန်မက ရွေ့လျား စာကြည့်တိုက်လုပ်မယ်လို့ ပြောတဲ့အခါ ဥမ္မာက ချက်ချင်းပဲ လုပ်လို့မရဘူး။ ဒီနိုင်ငံမှာ ရှိလည်းမရှိဘူးဆိုလို့ မရှိဘူးဆိုလည်း ရှိအောင်လုပ်ရမယ်၊ ဘာဖြစ်လို့လဲဆို တော့ ကျွန်မတို့နိုင်ငံမှာ စာကြည့်တိုက်တွေ အများကြီးလိုနေတယ်။ စာအုပ်တွေ အများကြီး ကျွန်မတို့ပြည်သူတွေ ဖတ်ဖို့လိုနေတယ်။ ဒါပေမယ့် စာကြည့်တိုက်တွေ မြို့တိုင်း မြို့တိုင်းမှာ ဆောက်ဖို့ဆိုတာဟာ အချိန်လည်း ကြာမယ်။ တကယ်လက်တွေ့ မကျဘူး။ ကျွန်မတို့ ရွေ့လျား စာကြည့်တိုက်တွေ စမယ်ဆိုတော့ ငြင်းခုန်ပြီး နောက်တော့ ဥမ္မာက ငြင်းလို့မရတော့ သဘောတူလိုက်တယ်။ ဥမ္မာက အင်မတန်ချစ်စရာ ကောင်းတာက သူတကယ်လုပ်ပြီဆိုရင် အင်တိုက်အားတိုက် လုပ်ပါတယ်။ အရင်တုန်းက သဘောမတူခဲ့လို့ဆိုပြီးတော့ မလုပ်ချင်သလို လုပ်ချင်သလိုလို လုပ်တာတို့ လုံး၀ မရှိဘူး။ အင်တိုက်အားတိုက် ရွေ့လျားစာကြည့်တိုက်စီမံကိန်းကို အောင်မြင်ရေး အတွက် လုပ်သွားပါတယ်။ အဲဒီမှာ ကျွန်မတို့ကို ကူညီတဲ့အထဲမှာဆိုရင် ဂျပန်နိုင်ငံ ၊ ထိုင်ဝမ်၊ နိုင်ငံတကာက မိတ်ဆွေတွေ အားလုံးက ရွေ့လျားစာကြည့်တိုက်မှာ စိတ်ပါတဲ့ သူများက ကူညီခဲ့ပါတယ်။
ရွေ့လျားစာကြည့်တိုက်ကို အောင်မြင်မှာ မဟုတ်ဘူး၊ လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဥမ္မာက ထင်ခဲ့ပေမယ့် ပထမဦးဆုံးဖွင့်တဲ့နေ့မှာ ၂ နာရီအတွင်းကို စာအုပ်တွေ အားလုံး လိုလိုဟာ တစ်ခါတည်းကုန်သွားတယ်။ ကုန်သွားတယ်ဆိုတာ လာပြီးငှားကြတာပါ။ တန်းစီပြီးကလေးတွေက လာငှားကြတဲ့အတွက် အဲဒီအချိန်မှာ အင်မတန်မှ အားတက် ရပါတယ်။ ဒါဟာ တကယ့်ကို အလားအလာရှိတဲ့ စီမံကိန်းပဲဆိုတာ အဲဒီကတည်းက သိခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ တစ်နိုင်ငံလုံးကို ပြန့်နှံ့သွားအောင်လို့ ရွေ့လျား စာကြည့် တိုက်စီမံကိန်းကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
အဲဒါဟာ ဘာပြတာလဲဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ စာဖတ်ချင်တဲ့စိတ်ရှိတယ်၊ စာအုပ် မရှိတာပါ။ ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်ကို စပြီးတော့ ထူထောင်ကတည်းက စာအုပ်တွေဟာ ကလေးများ ဖတ်ချင်တဲ့ပုံစံဖြစ်ရမယ်။ အခု ကျွန်မတို့ နိုင်ငံမှာဆိုရင် မြို့တွေ တော်တော်များများမှာ စာကြည့်တိုက်ဆိုပြီးဖွင့်ထားတွေ ရှိပါတယ်။ ဒါပေမယ့် စာကြည့်တိုက်တွေထဲမှာ ရှိတဲ့စာအုပ်တွေက ကလေးတွေမပြောနဲ့ လူကြီးတွေတောင် သိပ်ဖတ်ချင်စရာကောင်းတဲ့ စာအုပ်မျိုးမဟုတ်ပါဘူး။ ဥပမာဆိုရင် တချို့တွေက သူတို့အိမ်မှာ မထားချင်တော့တဲ့ ဂျာနယ်ဟောင်းတွေ၊ အရင်တုန်းက ကျောင်းသုံးစာအုပ်အဟောင်းတွေ၊ မလိုချင်တဲ့စာအုပ်တွေကို စာကြည့်တိုက်ကို လှူလိုက်မယ်ဆိုပြီး လှူလိုက်တဲ့အခါကျတော့ စာအုပ်တွေက ကြည့်ကတည်းကကို ဆွဲဆောင်မှုမရှိဘူး။ နောက်ပြီးတော့ ဖတ်ချင်စရာလည်း သိပ်မရှိဘူး။ မဖတ်ချင်လို့ ပေးတဲ့ စာအုပ်တွေဆိုတော့ တခြားလူကလည်း သိပ်ပြီး ဖတ်ချင်ဖို့ဆိုတာက အလားအလာ သိပ်မရှိပါဘူး။
ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်မှာ ထည့်ထားတဲ့ စာအုပ်တွေက တကယ့်ကို ကလေးတွေက ကြည့်တာနဲ့ ဖတ်ချင်တဲ့ စာအုပ်များ ဖြစ်အောင် ပုံလေးတွေ အများကြီး ရှိရမယ်၊ အရောင်ကလည်း တောက်တောက်ပပ ရှိရမယ်၊ ပုံလေးတွေကလည်း လွယ်လွယ်ကူကူ နားလည်လွယ်ရမယ်။ အဲဒီလို လုပ်လိုက်တဲ့အခါကျတော့ ကလေးတွေတင်မကဘူး လူကြီးတွေကလည်း စိတ်ဝင်စားလာတယ် ဆိုတာကို ကျွန်မတို့ သတိပြုမိတယ်။
ရွာတွေကိုသွားပြီး စာအုပ်ငှားတဲ့အခါကျတော့ ကလေးတွေတင်မကဘူး လူကြီးတွေက ပါလာပြီးတော့ စာအုပ်ငှားကြတယ်၊ ဖတ်ကြတယ်၊ စိတ်ဝင်စားကြတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့စာကြည့်တိုက်ဟာ ဒီလောက်တောင်မှ မြန်မြန်ဆန်ဆန်ပြန့်သွားတာ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုအချိန်မှာ လွှဲပြောင်းမယ့် ပစ္စည်းတွေထဲမှာပါတာက ရွေ့လျားစာကြည့်တိုက်ယာဉ် ၁၇ စီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ၃၄၆ စုံ၊ စာအုပ်စာစောင် ၁ သိန်း ၁ သောင်းကျော်နဲ့ ကျွမ်းကျင်ဝန်ထမ်း ၂၈ ဦး ဖြစ်ပါတယ်။
MBL Project စတင်တဲ့နေ့မှ လွှဲပြောင်းတဲ့နေ့အထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း က ရင်းနှီးမြှုပ်နှံခဲ့တဲ့ ငွေပမာဏ စုစုပေါင်း ကျပ်သန်း ၁၀၀၀ ကျော် ဖြစ်ပါတယ်။ ဆက်လက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေနဲ့ ပတ်သက်လို့ နားလည်မှုစာချွန်လွှာ သက်တမ်းတိုးပြီးတော့ လက်မှတ်ထိုးရမှာဖြစ်ပါတယ်။ ရွေ့လျား စာကြည့်တိုက် စီမံကိန်းကြီးက အင်မတန်ကြီးကျယ်လာတဲ့အခါကျတော့ ရိုးရိုးသားသားပြောရရင် ကျွန်မတို့ ဖောင်ဒေးရှင်းတစ်ခုတည်းနဲ့ မနိုင်တော့ပါဘူး။ ကျွန်မတို့ ဖောင်ဒေးရှင်းတစ်ခုတည်းက ဦးစီးသင့်တဲ့စီမံကိန်း မဟုတ်တော့ဘူး။ ဒါဟာ နိုင်ငံတော်ကနေ ဦးဆောင်ပြီးလုပ်ရမယ့် စီမံကိန်း ဖြစ်သွားပါပြီ။ ကျွန်မတို့နိုင်ငံမှာ ရွေ့လျားစာကြည့်တိုက်တွေဟာ ပြန့်ပွားနိုင်တယ်၊ သုံးတဲ့သူတွေလည်း သိပ်များတယ်၊ ဒါကို အောင်အောင်မြင်မြင် လုပ်နိုင်တယ်ဆိုတာ ပြပြီးပြီးဆိုတော့ ဒါဟာ နိုင်ငံတော်က ဆက်ပြီးတော့ လုပ်ဖို့သင့်တော်တယ်လို့ ကျွန်မတို့ယူဆလို့ လွှဲပြောင်းလိုက်တာ ဖြစ်ပါတယ်။
ကျွန်မတို့အနေနဲ့ ဒီအတိုင်းအတာအထိ လုပ်နိုင်တာကို အင်မတန်မှ ကျေနပ်ပါတယ်။ ကျွန်မတို့ကို ကူညီပေးခဲ့တဲ့ မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း အတွင်းက ဖောင်ဒေးရှင်းလူကြီးတွေရော၊ လူငယ်တွေရော အားလုံးက တက်တက်ကြွကြွနဲ့ လုပ်ခဲ့တဲ့အတွက် အင်မတန်မှ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျွန်မအနေနဲ့ စာဖတ်ခြင်းဟာ အင်မတန်မှ အရေးကြီးတယ်ဆိုတာကို ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံသားထဲကို ဝင်ကြည့်လို့ရတဲ့ အခွင့်အရေးရှိပါတယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက်တွေနဲ့မတူဘူး ဆိုတာကို စာဖတ်လိုက်တဲ့ အခါမှာ သဘောပေါက်သွားတယ်။
ဒါကြောင့်မို့ ကျွန်မတစ်ခါက ပြောဖူးပါတယ်။ တက္ကသိုလ်ကျောင်းသားအချို့နဲ့ စာအုပ်စာပေ ဆွေးနွေးပွဲ တစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုမှာ သူမကြိုက်ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘဝနဲ့ ဆက်စပ်မှု မရှိလို့ဆိုတော့ ကျွန်မကအဲဒါကို သဘော မတူဘူးလို့ ပြောဖူးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ဘဝနဲ့ ဆက်စပ်မှုမရှိတဲ့ အကြောင်းတွေကို သိဖို့က ကိုယ့်ဘဝနဲ့ ဆက်စပ်မှုရှိတဲ့ အကြောင်းတွေ့ကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီးပါတယ်။
ဘာလို့လဲဆိုရင် ကိုယ့်ဘဝရဲ့ ကျဉ်းမြောင်းတဲ့ဘ၀လေး အတိုင်းအထွာနဲ့ပဲ တစ်ကမ္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ဘဝအပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ ကမ္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံဘူး။ စတာက ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ စရမယ်။ ကိုယ့်ရဲ့ဘဝကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘဝကို နားလည်ဖို့အတွက် တခြားသူရဲ့ဘဝကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း ခံစားရတာတွေဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး။ တခြားသူတွေလည်း ဒီလိုခံစားရတယ်။ တခြားသူတွေလည်း ဒီလို၊ ဒါမှမဟုတ် ကိုယ့်ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ်ပြီးတော့လည်း ကြည့်လို့ ရတယ်။
နောက်ပြီးတော့ နမူနာအနေနဲ့ ကြည့်ပြီးတော့ ဘာရှာရမယ်၊ ဘာဆောင်ရမယ် ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထု လူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ်တယ် ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မတို့ရဲ့ လူငယ်တွေကို အားပေးချင်တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာတော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာလောက်တော့ ရအောင်ဖတ်မယ် ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။
ကျွန်မတို့စာကြည့်တိုက်ကို စတင်လုပ်တော့ ကော့မှူးမှာ စတာ ဖြစ်ပါတယ်။ ကော့မှူးမှာစပြီး လုပ်ကတည်းက ကျွန်မတို့သဘောပေါက်တယ်။ ရွေ့လျား စာကြည့်တိုက်တွေအတွက် အခြေခံကျတဲ့ နေရာ ဌာနတစ်ခုရှိဖို့ လိုပါတယ်။ ရိုးရိုး ပြောရမယ်ဆိုရင် ကားတွေကို ဘယ်မှာထားမှာလဲ၊ စာအုပ်တွေကို ဘယ်မှာထားမှာလဲ၊ ရုံးအလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို ဘယ်မှာထားမှာလဲ၊ အဲဒါတွေကို ကျွန်မတို့ လေ့လာရင်းနဲ့ နောက်ကျတော့ ပြန်ကြားရေးဝန်ကြီးနဲ့ ညှိနှိုင်းပြီး အခု Community Centre တွေ ဖြစ်လာတဲ့ အဆောက်အဦတွေမှာ ရွေ့လျားစာကြည့်တိုက်တွေကို အခြေခံတာ ဖြစ်ပါတယ်။
ကျွန်မနားလည်သလောက်ကတော့ Community Centre တွေမှာ ဆိုရင် ပြည်သူတွေ တွေ့ဆုံပြီး ဆွေးနွေးတာတွေရှိတယ်။ စာဖတ်၊ စာကြည့်တာတွေရှိတယ်။ ကျွန်မတို့ တချို့ဌာနတွေမှာ ကွန်ပျူတာ သင်တန်းတွေလည်း ကျင်းပတယ်။ ကော့မှူးမှာ ဆိုရင် စောစောကတည်းက ရွေ့လျားစာကြည့်တိုက် ဖွင့်တာနဲ့အတူ ကွန်ပျူတာသင်တန်းတွေပေးပါတယ်။ အခုလည်း Community Centre အသီးသီးမှာတော့ ပုံစံအမျိုးမျိုး နဲ့ လှုပ်ရှားနေတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ကလည်း ပိုပြီးတော့ ပြည်သူလူထုက Community Centre တွေကို သုံးဖို့ ဆန္ဒရှိပါတယ်။ သုံးလည်း သုံးစေချင်ပါတယ်။ ကျွန်မအနေနဲ့လည်း ဒီကနေ ဆော်ဩပါရစေ။ သုံးပါ။ ဒါဟာပြည်သူ လူထုအတွက် ထူထောင်ထားတဲ့ဌာနတွေ ဖြစ်ပါတယ်။ ပြည်သူလူထု သုံးမှလည်း ကျွန်မတို့ ထူထောင် ရကျိုးနပ်မှာပါ။ အားလုံးက တတ်နိုင်သမျှ လေ့လာဆည်းပူးရုံမက တစ်ဦးနဲ့ တစ်ဦးအမြင် ဖလှယ်ဖို့ နေရာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ အခုဆိုရင် Community Centre ထဲမှာ ပြတိုက်ငယ်အဖြစ် ခင်းကျင်းပြသထားတယ် ဆိုပြီးတော့လည်း သိရပါတယ်။ လူရွယ်လူငယ်တွေအနေနဲ့ ယဉ်ကျေးမှုပစ္စည်းတွေကို တန်ဖိုးထားတတ်စေဖို့ဆိုပြီးတော့၊ စုစည်းထိန်းသိမ်းတတ်တဲ့ အလေ့အထကောင်း ဖြစ်လာဖို့ဆိုပြီးတော့၊ ဒီလိုပြတိုက်ငယ်လေးတွေ လုပ်နေတယ်ဆိုတာကိုလည်း ကြားရလို့ အင်မတန်မှ ဝမ်းသာပါတယ်။
ကျွန်မတို့မှာက စာကြည့်တိုက်ယဉ်ကျေးမှုဆိုတာ အခုမှစတယ်လို့ ကျွန်မပြောရင် မမှားဘူးလို့ ထင်ပါတယ်။ ယဉ်ကျေးမှုဆိုတာဟာ တစ်နေရာ၊ နှစ်နေရာမှာ ရှိနေရုံနဲ့ ယဉ်ကျေးမှုလို့ ခေါ်ရုံနဲ့ မရပါဘူး။ အခုထိဆိုရင် စာကြည့်တိုက်တွေ အင်မတန်ကို နည်းပါတယ်။ အခုကျတော့ ရွေ့လျားစာကြည့်တိုက်တွေ များလာပြီဆိုတော့ စာကြည့်တိုက်ယဉ်ကျေးမှု အတွက်ကတော့ အခြေခိုင်လာပြီလို့ ယူဆပါတယ်။
ပြတိုက်ယဉ်ကျေးမှု ဆိုတာက ပြတိုက်တွေရဲ့တန်ဖိုးကို နားလည်ဖို့ ၊ ပြတိုက် တွေကို သွားတတ်ဖို့၊ ပြတိုက်တွေဆိုတာ ဘာအတွက်ဆိုတာကို နားလည်ဖို့ အဲဒီယဉ်ကျေးမှုအတွက် ကျွန်မတို့ ထူထောင်ချင်ပါတယ်။ ပြတိုက်တွေကလည်း တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် စာအုပ်တွေ ဖတ်သလိုပါပဲ။ ပြတိုက်မှာ ပြထားတဲ့ပစ္စည်းတွေကို ဖတ်တတ်၊ သုံးတတ်လာပြီဆိုရင် စာအုပ်တွေ ဖတ်သလိုပဲ ကျွန်မတို့ယဉ်ကျေးမှု အကြောင်း၊ တခြားယဉ်ကျေးမှုတွေအကြောင်း၊ ကမ္ဘာကြီးရဲ့ သမိုင်းအကြောင်း၊ ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းအကြောင်း အများကြီးနားလည်နိုင်ပါတယ်။ နောက်ဆုံးကျတော့ ယဉ်ကျေးမှုပညာဆိုတာက တစ်ယောက်နဲ့တစ်ယောက်ပိုပြီးတော့ နားလည်မှုရှိရှိနဲ့ အဖြေရှာနိုင်ဖို့အတွက် ဖြစ်ပါတယ်။
စာအုပ်ဖတ်တယ်ဆိုကလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ဖြစ်ပါတယ်။ သုတေသနပညာရှင် တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတကာ့ တော်လှန်ရေးထဲမှာ စာရေးတတ်သွားတဲ့ တော်လှန်ရေးဟာ အကြီးအကျယ်ဆုံးပါပဲ။ လူသားတွေက စာရေးတတ်သွားတယ်၊ စာဖတ်တတ်သွားတဲ့ အခါကျတော့ သူတို့ရဲ့ဘ၀တွေ လုံး၀ပြောင်းသွားတယ်။ အရင်တုန်းက ဆိုရင် မျိုးဆက်တစ်ဆက်ဟာ သူသိတဲ့ပညာပဲ မျှဝေရတယ်။ နောက်မျိုးဆက်တွေအတွက် ချန်ခဲ့လို့မရဘူး။ အဲဒီတော့ လူသားတွေရဲ့ တိုးတက်မှုက အင်မတန်မှ ကျဉ်းမြောင်းသွားတယ်။ မျိုးဆက်တစ်ခုနဲ့ တစ်ခုက ဒီဟာဒီဟာပဲ။ ဒီဟာကနေ ရှေ့မတိုးဘူးဖြစ်သွားတယ်။ စာဖတ်တတ်တယ်၊ စာရေးတတ်တယ်အဆင့်ကို ရောက်သွားတယ်။ စာပေတော်လှန်ရေးကြီးဖြစ်ဖူးတဲ့ အခါကျတော့ ကျွန်မတို့သိသမျှ ဗဟုသုတတွေကို မျှဝေလို့ရတယ်။ ကျွန်မတို့ ဘေးပတ်ဝန်းကျင်နဲ့တင် မဟုတ်ဘူး။ နောင်လာမယ့် မျိုးဆက်တွေလည်း မျှဝေလို့ ရတယ်။
ကျွန်မတို့လူသားတွေရဲ့သမိုင်း၊ လူသားတွေရဲ့ ယဉ်ကျေးမှုအဆောက်အဦကြီးကို ခိုင်ခိုင်မာမာဖြစ်အောင် တွန်းလှန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခု စာအုပ်စာပေ၊ စာကြည့်တိုက်စာပေ၊ ပြတိုက်စာပေ၊ ယဉ်ကျေးမှု၊ လူသားတွေရဲ့သမိုင်း၊ လူသား တွေရဲ့တိုးတက်မှုနဲ့ အင်မတန်မှသက်ဆိုင်တဲ့လုပ်ငန်းတွေကို ကျွန်မတို့ရဲ့ ပြန်ကြားရေး ဝန်ကြီးဌာန ဦးဆောင်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ရွေ့လျားစာကြည့်တိုက်များကို ထိန်းသိမ်းစောင့်ရှောက်ပြီး လုပ်ဆောင်သွားမယ်ဆိုတာသိရလို့ အင်မတန်မှလည်း ဝမ်းသာပါတယ်။ ဒီဟာလည်း အထူးကို အောင်မြင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ် ဟု ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူထုအခြေပြုဗဟိုဌာန (Community Centre) များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး စာကြည့်တိုက်များသည် အတိုင်းအတာ တစ်ခုဖြင့် အလုပ်လုပ်နေရခြင်း ဖြစ်ပါကြောင်း၊ ထိုအနေအထားမှ ကော့မှူးမြို့နယ်တွင် ရွေ့လျား စာကြည့်တိုက်၊ Mobile Library မော်တော်ယာဉ်နှင့် စာအုပ်များ ငှားရမ်းပါကြောင်း၊ စာအုပ်များကလည်း အသစ်များ ဖြစ်ပါကြောင်း၊ နယ်လှည့်ပြီး စာအုပ်ငှားသည့် အလုပ်ကို တွဲဖက်ပြီး ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ တခြားလူငယ်များအတွက် အရည်အချင်းမြှင့်သည့် သင်တန်း စသဖြင့် တွဲပြီး လုပ်သည့်အခါ မိမိတို့အဖို့ စိတ်ဝင် စားစရာ ကောင်းလာပါကြောင်း။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး စာကြည့်တိုက်များသည် ငြိမ်သက်နေသည့် ပြည်သူ့စာကြည့်တိုက်များ ဖြစ်နေရာမှ အခု Community Centre ဆိုသည့် အနေအထားမျိုးဖြစ်အောင် ပြောင်းလဲနိုင်လျှင် ယင်းစာကြည့်တိုက်များသည် ပိုပြီး အသက်ဝင်လာမည်၊ လှုပ်ရှားလာမည်၊ ထိုစာကြည့်တိုက်တွင် တာဝန်ထမ်းဆောင်နေရသူများကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုရှိလာမည်၊ တန်ဖိုးလည်းပိုရှိလာမည်၊ ထို့ပြင် ထိုနေရာများသည် ရပ်ရွာအတွက်လည်း ပိုပြီးအသုံးဝင်သည့် နေရာများ ဖြစ်လာမည်ဟု မိမိတို့ မြင်ပါကြောင်း။
မြင်သည့်အတွက်ကြောင့် မိမိတို့၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးနှင့် စာကြည့်တိုက်များကို Community Centre များအဖြစ်သို့ ပြောင်းလဲဆောင်ရွက် နေပါကြောင်း၊ ထိုအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းက ဤလုပ်ငန်းကို စတင်ပြီး မိမိတို့ကို စိတ်ကူးစိတ်သန်းများ ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။
ထိုသို့ ဖွင့်လှစ်သည့်အခါ မိမိတို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးသည် များသောအားဖြင့် မြို့၊ ခရိုင်များတွင် မြို့လယ်နေရာများတွင် ရှိပါကြောင်း၊ ရှိသော်လည်း မိမိတို့ စာကြည့်တိုက်ထဲမှ စာအုပ်များ ဟောင်းနွမ်းနေသလို စာကြည့်တိုက် အဆောက်အအုံများကလည်း တော်တော်လေး ဟောင်းနွမ်းနေပါ ကြောင်း၊ မိမိတို့နေရာများသည် သပ်သပ်ရပ်ရပ် သားသားနားနား မရှိပါကြောင်း၊ ဥပဓိရုပ် သိပ်ပြီး မကောင်းပါကြောင်း၊ သို့သော် ဥပဓိရုပ် ကောင်းအောင် ပြင်ဆင်ရန် ကုန်ကျမည့် စရိတ်များကလည်း ရှိပါကြောင်း၊ သို့ဖြစ်၍ တစ်ဖက်က ဖြစ်နိုင်အောင် မိမိတို့ကြိုးစားရပါကြောင်း၊ စိတ်ပါဝင်စား သူများထံမှလည်း အကူအညီတောင်းပါကြောင်း၊ တစ်ချိန်တည်းမှာ အဆောက်အအုံများ၏ ဥပဓိရုပ်ကို မပြင်နိုင်သေးသော်လည်း ထိုအဆောက်အအုံထဲမှာ Community Centre ၏ လုပ်ငန်းများကို လုပ်နိုင်သလောက်၊ လုပ်၍ရသလောက် လုပ်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ပါကြောင်း။
မိမိတို့ ခရိုင်ရုံးများမှ လာရောက်သူများအား ၎င်းတို့နေရာကို ရပ်ရွာတွင် မရှိမဖြစ်သည့်နေရာမျိုး တစ်ခုဖြစ်လာအောင် အမြဲတမ်းတိုက်တွန်းပါကြောင်း၊ မိမိတို့နေရာကို မိတ်ဆွေတစ်ယောက်နှင့် တစ်ယောက် ချိန်းချက် တွေ့ဆုံသည့် နေရာမျိုးပဲဖြစ်ဖြစ် ဒါမှမဟုတ် စာအုပ်တစ်အုပ် နှင့် လာထိုင်နေပါက သို့မဟုတ် လေး၊ ငါးယောက်လောက် တွေ့ပြီး စကားဝိုင်းဖွဲ့သည် ဆိုလျှင်လည်း မိမိတို့ဆီမှာ လွတ်နေသည့် နေရာလေးများရှိကြောင်း စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် လူတွေလာအောင် လုပ်ပါ၊ တဖြည်းဖြည်း ရပ်ရွာမှ အခြားကိစ္စ ဆွေးနွေးရန် ၊ တိုင်ပင် နှီးနှောရန် ဖိတ်ခေါ်ပါ၊ လာဟု ကြိုဆိုပါ၊ အဲဒီလိုလုပ်ခြင်းအားဖြင့် တစ်နေ့သောအခါ ဒီနေရာသည် မရှိမဖြစ် နေရာဖြစ်လာမည်၊ သူများအရပ်ဒေသများတွင် Community Centre ဆိုတာ ရပ်ရွာမှန်ရင် Community Centre တစ်ခုတော့ ရှိရမည်ဆိုသည့် အနေအထားမျိုး ရောက်အောင် လုပ်ပါ၊ ထိုသို့ဖြစ်လာလျှင် မိမိတို့၏ နေရာသည် အဖိုးတန်ပြီး မိမိတို့ ကိုယ်တိုင်သည်လည်း ယခုထက် အများကြီးတန်ဖိုးရှိသည့်သူတွေ ဖြစ်ပါလိမ့်မည်ဆိုသည့် သဘောမျိုး ပြောဆိုထားပါကြောင်း ၊ လူငယ်တစ်ယောက်က အိမ်က ထွက်သွားတယ်၊ ဘယ်သွားမလို့လဲဆိုရင် Community Centre ကိုသွားမည် ဆိုတာမျိုး အလေ့အထမျိုး ရလာအောင် ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်နေပါကြောင်း။
ယနေ့ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်ပြီး မိမိတို့ကို Community Centre ၏ အသုံးဆောင်ပစ္စည်းများ၊ ဝန်ထမ်းများနှင့် တစ်ကွ လုပ်ငန်းတာဝန်ပါ လွှဲအပ်ပေးသည့် အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့ကို ယုံကြည် စိတ်ချစွာ လွှဲအပ်သည်ဟု ခံယူ သည့်အတွက် ကျေးဇူးလည်းတင်ပါကြောင်း၊ ဂုဏ်လည်းယူပါကြောင်း၊ မိမိတို့ အနေဖြင့် လည်း ယုံကြည် စိတ်ချစွာ လွှဲအပ်ခြင်းနှင့် ထိုက်တန်အောင် ကြိုးစားမည်ဖြစ်ပါကြောင်း၊ Community Centre ၏ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းတွင် ကြီးမှူးသည့် ပုဂ္ဂိုလ်များ၊ ချမှတ် ထားခဲ့သော လုပ်ငန်းယန္တရား ပုံစံများအတိုင်း ဆက်လက်ပြီး လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူးအပြောင်းကာလတွင် လွှဲပြောင်းပြီးစ ကာလ၌ နည်းနည်း စောင့်ကြည့်ပြီး လိုအပ်သည်များ ရှိလျှင် ထောက်ပြပေးပါဟု မေတ္တာရပ်ခံလိုပါကြောင်း။
နောက်တစ်ခုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကူညီခဲ့ကြသည့်၊ အမြဲ လှူဒါန်းခဲ့ကြသည့် နိုင်ငံတကာမှရော၊ ပြည်တွင်းကရော ပုဂ္ဂိုလ်များရှိပါကြောင်း၊ လှူဒါန်းရာတွင် Community Centre အတွက် လှူဒါန်းသည့် အစိတ်အပိုင်း တစ်စိတ်တစ်ဒေသပါမည် ဖြစ်ပါကြောင်း၊ Community Centre နှင့် Mobile စာကြည့်တိုက်များအတွက် လှူဒါန်းနေသည့် ပုဂ္ဂိုလ်များအနေဖြင့် ယခုအခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျား စာကြည့်တိုက် အလုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းလိုက်ပြီ ဖြစ်သည့်အတွက် မိမိတို့ တာဝန်ပြီးဆုံးသွားပြီဟု မခံယူစေလိုပါကြောင်း၊ နဂိုမူလ လုပ်ကိုင် ဆောင်ရွက် နေခဲ့သည့် အလုပ်ကို ဒီထက်မက ပိုပြီးကျယ်ဝန်းအောင်၊ ပိုပြီး နက်ရှိုင်းအောင် ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် လူအင်အား၊ ဝန်ဆောင်မှု အင်အား ရှိသည့်အတွက် မိမိတို့ ဆောင် ရွက်နိုင်ပါကြောင်း၊ ထို့ကြောင့် ဒီ Mobile စာကြည့်တိုက်လုပ်ငန်းကို ဒီထက်မက ကျယ် ပြန့်အောင်အတွက် လှူဒါန်းမည် ဆိုလျှင်လည်း မိမိတို့ ဝမ်းသာစွာဖြင့် ကြိုဆိုမည်ဟု ပြောလိုပါကြောင်း၊ ဆက်လက်လှူဒါန်းအားပေး ကူညီကြပါဟု မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျားစာကြည့်တိုက်များ ဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူထုအခြေပြုဗဟိုဌာနများတွင် အသုံးပြုလျက်ရှိသည့် ရွေ့လျားစာကြည့်တိုက်ယာဉ်များနှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များ လွှဲပြောင်း ပေးအပ်ခြင်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတို့အကြား လူထုအခြေပြုဗဟိုဌာနများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ပြုလုပ်ရာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် တို့၏ ရှေ့မှောက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ သန့်သော်ကောင်းတို့က နားလည်မှု စာချွန်လွှာများတွင် လက်မှတ်ရေးထိုးကြပြီး အပြန်အလှန် လဲလှယ်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ် အမှုဆောင်များနှင့် ဧည့်သည်တော်များ၊ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် တာဝန်ရှိသူများနှင့် လည်းကောင်း၊ နေပြည်တော် ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများသည် သင်္ဂဟဟိုတယ် မျက်နှာစာတွင် ပြသထားသည့် လူထုအခြေပြုဗဟိုဌာနများ ဖွင့်လှစ်ခဲ့မှု၊ လူထုအခြေပြုဗဟိုဌာန များတွင် လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်သူ့ စကားဝိုင်း (Public Talk)များ ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတော်အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ လွှတ်တော်ရန်ပုံငွေနှင့် စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် လူထုအခြေပြုဗဟိုဌာနများတွင် ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများ ကို လည်းကောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လူထုအခြေပြုဗဟိုဌာန နှင့် ရွေ့လျားစာကြည့်တိုက်များတွင် ကြည့်ရှု အားပေးမှု မှတ်တမ်းဓာတ်ပုံများကိုလည်းကောင်း၊ ရွေ့လျားစာကြည့်တိုက် ယာဉ်များ ကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း တို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရုံးနှင့်စာကြည့်တိုက်ကို လူထုအခြေပြု ဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့်အတူ ရွေ့လျား စာကြည့်တိုက်လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ခြင်းကို ၂၀၁၃ ခုနှစ်က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်နှင့် မြို့နယ်ရုံး၊ စာကြည့်တိုက်များကို လူထုအခြေပြု ဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်မှုနှင့် ရွေ့လျား စာကြည့်တိုက်လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှစ၍ (၃) နှစ် သက်တမ်းရှိ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဆောင်ရွက်ခဲ့ရာ ယခုအခါ ကော့မှူး မြို့နယ်ရုံး၊ အင်းစိန်ခရိုင်ရုံး၊ မြောင်းမြခရိုင်ရုံး၊ နတ်မောက်မြို့နယ်ရုံး၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနား မြို့နယ်ရုံး၊ မြစ်ကြီးနားခရိုင်ရုံး၊ မန္တလေးခရိုင်ရုံး၊ ဘားအံခရိုင်ရုံး၊ ထားဝယ်ခရိုင်ရုံး၊ လွိုင်ကော် ခရိုင်ရုံး၊ စစ်ကိုင်းခရိုင်ရုံး၊ မော်လမြိုင်ခရိုင်ရုံး၊ သံတွဲခရိုင်ရုံး၊ ဟားခါးခရိုင်ရုံးနှင့် တောင်ငူ ခရိုင်ရုံး နေရာ(၁၅)ခုတွင် ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် ကလောမြို့၌ သီးခြား ဆောင်ရွက်မှု အပါအဝင် စုစုပေါင်းနေရာ (၁၆)ခုတွင် ဆောင်ရွက်လျက်ရှိသည့် စုစုပေါင်း ငွေကျပ် သန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွေ့လျား စာကြည့်တိုက်ယာဉ် (၁၇)စီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း အစုံ(၃၄၀) ၊ စာအုပ် စာစောင် (၁၁၀၀၀၀) ကျော်နှင့် အတူ ကျွမ်းကျင် ဝန်ထမ်း (၂၈) ဦးတို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။
ထို့ပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ခရိုင်နှင့်မြို့နယ်ရုံး စာကြည့်တိုက်များကို လူထုအခြေပြု ဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်မှုနှင့် ရွေ့လျား စာကြည့်တိုက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကိုလည်း ယနေ့တွင် သက်တမ်းတိုး လက်မှတ်ရေးထိုးပြီး လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက် ဆောင်ရွက်နိုင်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)