မိုးရွာသွန်းမှုနှင့်အညီ သီးနှံမျိုးစုံ စိုက်ပျိုးရေး
မိုးရွာသွန်းမှုနှင့်အညီ သီးနှံမျိုးစုံ စိုက်ပျိုးရေး
Ministry of Information/ နေပြည်တော် / August 29, 2019

မြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သည်။ စပါးသာမက သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းသည့် ရေမြေရာသီဥတု သဘာ၀ပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားသောနိုင်ငံဖြစ်သည်။ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ သီးနှံ၊ ပြောင်းဖူး၊ အခြားနှံစားသီးနှံနှင့် စက်မှုကုန်ကြမ်းဟင်းသီးဟင်းရွက် နှင့် သစ်သီး၀လံစသည့် သီးနှံမျိုးစုံကိုအောင်မြင်စွာစိုက်ပျိုးနိုင်သည်။ မိုးရွာသွန်းမှုနှင့် ဒေသရေမြေအခြေအနေပေါ် မူတည်ပြီး စတင်စိုက်ပျိုးသည်မှာ စပါးသီးနှံ ဖြစ်ချင်ဖြစ်မည်။ နှမ်းလျင်၊ မြေပဲ၊ ပြောင်း၊ ပဲမျိုးစုံစသည့် ယာ သီးနှံတစ်မျိုးမျိုးဖြစ်ချင်ဖြစ်မည်။ စပါးစိုက်ပျိုးရာတွင်လည်း ရေရှိမှု၊ လုပ်သားလုပ်အား ရရှိနိုင်မှု အပေါ် မူတည်ပြီး တိုက်ရိုက်မျိုးစေ့ချချင်ချမည်၊ ပျိုးထောင်ကောက်စိုက်ချင် စိုက်မည်။ မေလမိုးဦး ကျသည်နှင့် စိုက်ပျိုးရေးလုပ်ငန်းကို စတင်သည်။ ဒေသအလိုက် မိုးရွာသွန်းမှုအပေါ် မူတည်ပါသည်။
မြန်မာနိုင်ငံမှာ မိုးရွာတာက အဓိကအားဖြင့် မုတ်သုံ လေကြောင့်ဟု သိရသည်။ မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းနှင့် အနောက်ပိုင်းဒေသများမှသည်မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း နှင့် အရေှ့မြောက်ပိုင်းဒေသများသို့ တိုက်ခတ်သည်ကို တေွ့ရသည်။ တိုက်ခတ်ရာ လမ်းကြောင်း တစ် လျှောက်၌ သစ်တောသစ်ပင်၊ တောင်ကုန်း တောင်တန်းတည်ရှိမှု သဘာ၀အခြေအနေအရ ပင်လယ် ပြင်မှ သယ်ဆောင်လာသော ရေခိုးရေငေွ့များကို မိုးအဖြစ်ရွာချခြင်း ဖြစ်သည်ဟု သိထားသည်။
မြန်မာနိုင်ငံအလယ်ပိုင်းကဲ့သို့ မြေပြန့်လွင်ပြင်ဒေသများ၌ မိုးနည်းပါးစွာရွာချ၍ မုတ်သုံလေဖြင့် ရေခိုးရေငေွ့များ စတင်သယ်ဆောင်လာရာ ကမ်းရိုးတန်းဒေသများ၊ ဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသ နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများ၌ မိုးများစွာရွာချသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများ သည်သဘာ၀အခြေအနေအရ မိုးကွယ်ရာအရပ်ဖြစ်သဖြင့် သယ်ဆောင်ရာမှကျန်ရှိသည့် ရေခိုး ရေငွေ့ကိုသာ ရွာချရခြင်းဖြစ်၍ မုတ်သုံမိုးကို နည်းပါးစွာ ရရှိရခြင်းဖြစ်သည်။ ဤသို့ငယ်စဉ်က တည်းက နားလည်ခဲ့ရပါသည်။
မိုးရေချိန်နှင့်သီးနှံပင်အောင်မြင်မှု
မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် တစ်လလျှင် မိုးရေချိန်အနည်းဆုံး ၈ လက်မ ရွာသွန်းသော် လည်း အလယ်ပိုင်းဒေသများမှာမူ တစ်လလျှင် မိုးရေချိန် ၄ လက်မ ပြည့်အောင် ၄ လ ဆက်တိုက် ရွာသွန်းခြင်းမရှိသဖြင့် ဆည်ရေသွင်းရေသာမရရှိပါက မိုးစပါးအောင်မြင်ရန်ကိုပင် လုံလောက်သော မိုးရေချိန်မရသည့်ဒေသများ ရှိလာနေသည် ကို တွေ့ရပါသည်။
ဤသို့ မြန်မာနိုင်ငံ တစ်နံတစ်လျား မတူညီသော မိုးရွာသွန်းမှု အခြေအနေများရှိသည်ဖြစ်ရာ စိုက် ပျိုးသည့် သီးနှံ အမျိုးအစားသည် မိုးရွာသွန်းမှုနှင့် ကိုက်ညီဖို့ လိုပါသည်။ ရွေးချယ်သည့် မျိုး၊ စိုက်ပျိုးသည့်အချိန်၊ စိုက်ပျိုးသည့် နည်း စနစ်၊ ပြုစုစောင့်ရှောက်မှု တို့သည် မိုးရွာသွန်းမှုနှင့် လိုက် လျောညီသင့်ပါသည်။ ဥပမာအားဖြင့် မိုးရွာသွန်းမှုနည်းပါး ပါက ယာသီးနှံများမှ မိုးခေါင်ခံမျိုးကို မိုးခေါင်ခံနည်းစနစ်ဖြင့် စိုက်ပျိုးခြင်း၊ မိုးများပါက ယာသီးနှံများမှ စိုစွတ်မှုဒဏ် ခံနိုင်သည့်မျိုးကို စိုက်ပျိုးခြင်း၊ ပေါင်စနစ်ဖြင့် စိုက်ပျိုးခြင်း စသည်တို့ကို ဆောင်ရွက်ရန်လိုပါသည်။
သီးနှံစိုက်ပျိုး အောင်မြင်ဖြစ်ထွန်း သီးပွင့်နိုင်ရန် ရေမရှိ ၍မဖြစ်၊ အမှန်ပင် ရေလိုသည်။ သို့သော် သီးနှံပင်သက်တမ်း တစ်လျှောက် ရေလိုအပ်မှုသည် သီးနှံအမျိုးအစားပေါ် မူတည်သည်။ စပါးသီးနှံ သည် ၇၀၀ မှ ၁၄၀၀ မီလီမီတာ ရေလိုအပ် သည်။ ပြောင်းဖူးသည် ၅၀၀ မှ ၉၀၀ မီလီမီတာ၊ နှမ်း သည် ၃၅၀ မှ ၆၀၀ မီလီမီတာ၊ မြေပဲသည် ၃၅၀ မှ ၆၀၀ မီလီမီတာ၊ ပဲမျိုးစုံသည် ၃၀၀ မှ ၅၀၀ မီလီမီတာ စသည်ဖြင့် သီးနှံပေါ် မူတည်၍ ရေလိုအပ်ချက်ကွဲပြားခြားနားသည်ဟု သိရပါ သည်။
စပါးသီးနှံသည် ရေလိုအပ်ချက် ၇၀၀ မှ ၁၄၀၀ မီလီမီ တာ ဖြစ်သော်လည်း စိုက်နည်းစနစ်အပေါ် မူတည်သည်။ တိုက်ရိုက် မျိုးစေ့ချစနစ်သည် ရေလိုအပ်ချက်နည်းသည်။ တိုက်ရိုက်မျိုးစေ့ချ စနစ်တွင်လည်း အစိုတမန်းပြင် မျိုးစေ့ချ စနစ်နှင့် အခြောက်ထယ်ရေး မျိုးစေ့ချစနစ်တို့သည် ခြားနား သည်။ အခြောက်ထယ်ရေး မျိုးစေ့ချစနစ်သည် ရေလိုအပ်ချက်အနည်းဆုံးဖြစ်သည်ဟု ဆိုပါသည်။
သီးနှံအလိုက် အပင်သက်တမ်းတစ်လျှောက် ရေလိုအပ် ချက် အမျိုးမျိုးအဖုံဖုံ ဖြစ်နေသော်လည်း ပြောင်းဖူး၊ နှမ်း၊ မြေပဲ၊ ပဲမျိုးစုံ စသည့်ယာသီးနှံများအတွက် ရေလိုအပ်ချက်သည် စပါး သီးနှံထက် ထက်ဝက်ခန့်နည်းကြောင်း သိရသည်။ သို့သော်လယ်မြေဖြစ်ပါက စပါးသီးနှံကိုသာ စိုက်ပျိုးသင့် သည်။ မိုးရာသီ ဖြစ်၍ စပါးအစား အခြားသီးနှံကို အစားထိုးစိုက်ပျိုးခြင်း မပြု သင့်ပါ။ ယာသီးနှံကို ပြောင်းလဲစိုက်ပျိုးပါက အပင်အခြေ ရေဝပ် မခံနိုင်သဖြင့် ဆုံးရှုံးနိုင်ပါသည်။
စပါးစိုက်ပျိုးမှု
မိုးစပါးသည် ပြည်တွင်းစားသုံးမှုဖူလုံရေးနှင့် ပိုလျှံသည်ကို ပြည်ပသို့ တင်ပို့ရောင်းချရေးအတွက် အရေးပါသော သီးနှံဖြစ်သည်။ ဆန်စားသုံးသည့် နိုင်ငံဖြစ်ပေရာ ဝမ်းစာအတွက်လည်း အရေးကြီး ပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စပါးမစိုက်သည့် ဒေသဟူ၍ မရှိပေ။ မိုးစပါး စိုက်ပျိုးရေးအတွက် ရေလိုသည်။ ပျိုးထောင်ရာတွင် ရေမရှိ၍ မဖြစ်သကဲ့သို့ စိုက်ခင်း ပြုပြင် ကောက်စိုက်ရာတွင်လည်း ရေမရှိ၍ မဖြစ်ချေ။ သို့သော် မိုးရွာသွန်းမှုနည်းပါးပါက ရေလိုအပ်မှု နည်းပါးသော တိုက်ရိုက် မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးသင့်က စိုက်ပျိုးရန် ဖြစ်ပါသည်။
ရှေးယခင်က မြန်မာတောင်သူလယ်သမားများသည် လယ်မြေတွင် စပါးတစ်သီးသာ စိုက်သည်။ ယခု အခါ စပါးတစ်သီးသာမက သီးထပ်အဖြစ် အခြားယာသီးနှံများကိုပါ တစ်သီးပြီး တစ်သီး စိုက်ပျိုး လျက်ရှိပြီ။ နွေအခါ ရေရရှိနိုင်သည့် အခြေအနေရှိပါက နွေစပါးကိုပါ စိုက်ပျိုးလျက်ရှိသည်။ ဤကဲ့သို့ စပါးတစ်သီးကို ပင်မသီးနှံအဖြစ် အခြေခံပြီး စပါးသာမက ယာသီးနှံများကို သီးနှံပုံစံချမှတ်ဆောင် ရွက်သည့်အခါ မိုးရေကိုသာ အားကိုးစိုက်ပျိုးရသည့် ဒေသများ၌ မိုးရွာသွန်းမှုပမာဏနှင့် မိုးရွာ သွန်းမှုပုံစံကို ဦးစွာဆန်းစစ်သင့်သည်။ မိုးရွာသွန်းရရှိသည့် ပမာဏနှင့် ကိုက်ညီသည့်သီးနှံ သို့မဟုတ် သီးနှံပုံစံကိုသာ ချမှတ်ဆောင်ရွက်သင့်ပါသည်။
သီးနှံပင်သက်တမ်းတစ်လျှောက် ရရှိနိုင်မည့် မိုးရေချိန် ပမာဏသာမက လစဉ်မိုးရွာသွန်းနိုင်မှုသည် ဒေသတစ်ခုတွင် သီးနှံရွေးချယ်စိုက်ပျိုးရေး ထည့်သွင်းစဉ်းစားရာ၌ ပို၍ အရေးကြီး သည်။ သီးနှံ ပင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးအတွက် သီးနှံအလိုက် သက်တမ်းတစ်လျှောက်လုံး ရေလိုအပ် ချက်ကိုလအလိုက် ခွဲခြားကာ တွက်ချက်ကြည့်ပါက ပြောင်းဖူး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံကဲ့သို့ ယာသီးနှံများသည် ယေဘုယျအားဖြင့် လစဉ်ပျမ်းမျှမိုးရေချိန် ၄ လက်မခန့် ရွာသွန်းလျှင် အောင်မြင်အောင် စိုက်ပျိုးနိုင်သည်ဟု သိရပါသည်။
အလားတူ ရေသိုလှောင်စိုက်ပျိုးသည့် လယ်စပါးအတွက် လအလိုက် လိုအပ်သည့် မိုးရေချိန်ကို ခန့် မှန်းပါက စိုက်ပျိုးသည့် စပါးမျိုး၏ သက်တမ်းအပေါ်မူတည်ပြီး သက်တမ်းကာလအတွင်း လစဉ် ပျမ်းမျှ မိုးရေချိန် ၈ လက်မခန့် ရွာသွန်းရန်လိုအပ်သည်။ ထို့ကြောင့် သက်တမ်းလေးလခန့်ရှိသည့် စပါးမျိုးကို စိုက်ပျိုးမည် ဆိုပါက တစ်လလျှင် မိုးရွာသွန်းမှုအနည်းဆုံး ၈ လက်မခန့်ဖြင့် လေးလ ဆက်တိုက် မိုးရွာသွန်းရန် လိုအပ်မည်ဖြစ်ပါသည်။
ကမ္ဘာနှင့်အဝန်း ယခုအခါ ရာသီဥတုဖောက်ပြနပြောင်းလဲနေသည်။ မိုးရွာသွန်းမှု ပုံမမှန်ဘဲ အလွန် နည်းချင် နည်းသည်။ တစ်လလုံး မိုးရွာသွန်းမှု နည်းပါးမှုများရှိလာသကဲ့သို့ တစ်နေ့တည်းဖြင့် တစ်လလုံးစာ မိုးရွာသွန်းသည် ကိုလည်း ကြုံတွေ့နေရပြီ။ ယာသီးနှံများကို အောင်မြင်စွာ စိုက်ပျိုး ရန်သော်လည်းကောင်း၊ မိုးစပါးသီးနှံကို စိုက်ပျိုး အောင်မြင်ရန်သော်လည်းကောင်း လိုအပ်သည့် မိုးရေချိန် ပမာဏကို မရရှိသည့် ဒေသများ ရှိလာသည်ကို သတိထားမိသည်။ မည်သို့ဖြစ်စေ လစဉ် မိုးရွာသွန်းမှုကို ယခင့် ယခင်နှစ် များ၏ အခြေအနေကို သုံးသပ်၍ ယခုနှစ်အတွက် ခန့်မှန်းကာ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားရေး လူ့စွမ်းအားဖြင့် ကြိုးစားရမည် သာ ဖြစ်ပါသည်။
သီးနှံမျိုးစုံ စိုက်ပျိုးရေး
သီးနှံအလိုက် ရေလိုအပ်ချက်ကို ပြည့်မီအောင် မိုးရွာ သွန်းခြင်းမရှိသော်လည်း စပါးအပါအဝင် သီးနှံ မျိုးစုံ စိုက်ပျိုးအောင်မြင်ရေးအတွက် မိုးခေါင်ခံစပါး၊ ရေအနည်းလိုစပါး၊ ယာစပါး၊ ရေကြီးရေလွှမ်း ဒဏ်ခံ စပါးမျိုးများကို စိုက်ပျိုးခြင်း၊ ရေငတ်ဒဏ်ခံ ဆီထွက်သီးနှံ၊ ပဲမျိုးစုံမျိုးများကို စိုက်ပျိုးခြင်းတို့ ဖြင့် ရာသီဥတုအခြေအနေနှင့် လိုက်လျောညီအောင် လုပ်ကိုင် ရန်လိုအပ်ပါသည်။
ထို့ပြင် ရေထိန်းသိမ်းနိုင်သည့် ထွန်ယက်မြေ ပြုပြင်နည်း စနစ်၊ ရေချွေတာနိုင်သည့် စိုက်ပျိုးနည်း စနစ်၊ တစ်သီးတည်း စိုက်ပျိုးခြင်းဖြင့် ဆုံးရှုံးမှုဖြစ်ပေါ်နိုင်မှုကို သီးနှံမျိုးစုံ စိုက်ပျိုးခြင်းမှ အကျိုး အမြတ်ဝင်ငွေကောင်းစေသည့် သီးထပ်သီးညှပ် စိုက်စနစ်များကို ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ပါသည်။
ယခုအခါ ကမ္ဘာနှင့်အဝန်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို တားဆီး ကာကွယ်ရေးသာမက ပြောင်းလဲသည့် ရာသီဥတုကို ကျော်လွှားနိုင်ရေးကိုပါ ကြိုးစားလျက်ရှိသည်။ မြန်မာ့ရေမြေသည် စိုက်ပျိုးရေးအတွက် အခြေအနေကောင်းများရှိပြီဖြစ်ရာ ရာသီဥတုပြောင်းလဲမှုကို အန်တုပြီး မိုးရွာ သွန်းမှုနှင့် အညီသင့်တော်သည့်သီးနှံ၊ မျိုးနှင့်နည်းစနစ်တို့ကို ပြောင်းလဲကာသီးနှံမျိုးစုံ စိုက်ပျိုး အောင်မြင်ရေး အစွမ်းကုန် ကြိုးစား ကြရမည်သာ ဖြစ်ပါသည်။ ။
ဆင်းသီဟ