ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနတွင် ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး


Ministry of Information/ ရန်ကုန် / August 31, 2019
image_latest


ရန်ကုန် သြဂုတ် ၃၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနတွင် ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုသည်။

ရှေးဦးစွာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဌေးဌေးတင်က ပြင်သစ်နိုင်ငံ(AFD) အဖွဲ့အစည်း၏ ချေးငွေ အကူအညီဖြင့် အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)ရှိ သမိုင်းဝင် ဓာတ်ခွဲခန်း အဆောက်အဦပြုပြင် ထိန်းသိမ်းတည်ဆောက်ရန်နှင့် ဇီဝလုံခြုံမှု အဆင့်မြင့်ဓာတ်ခွဲခန်း(Biosafety Level -3) တည်ဆောက်ရန် ဆောင်ရွက်ထားရှိမှု နှင့် အာရှဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် GMS Health Security Project အဖြစ်ဆောင်ရွက်နေသော အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနအား နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ်ရရှိနိုင်စေရေးဆောင်ရွက်နေမှုများကို အသေးစိတ်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းအဖြစ် ဆောင်ရွက် ထားရှိမှုများသည် ကောင်းမွန်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြားဆေးရုံများအတွက် ဓာတ်ခွဲစမ်းသပ်မှုများကိုလည်း တိုးချဲ့လက်ခံစစ်ဆေးပေး နိုင်ရန်စီစဉ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ဓာတ်ခွဲစမ်းသပ်မှုအဖြေများကို သက်ဆိုင်ရာဆေးရုံများထံသို့ ခေတ်မီ အီလက်ထရောနစ်စနစ်ဖြင့် ပေးပို့ အကြောင်းကြား သွားနိုင်ရန် လိုအပ်သည်များ စီစဉ် ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ဗဟိုကျန်းမာရေး ဓာတ်ခွဲခန်းကို စနစ်တကျတိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝ၍ မှန်ကန်သောဓာတ်ခွဲ စမ်းသပ်မှုများကို အကုန်အကျ သက်သာစွာဖြင့် အကျိုးရှိထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း။

ဓာတ်ခွဲ အဖြေများသည် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေးပညာရှင် များ၏ ရောဂါကုသမှုများ ထိရောက်မှုအတွက် များစွာအရေးကြီးသည့် အတွက် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၏ လိုအပ်ချက်များကို ပထမဦးစားပေး အစီအစဉ်ဖြင့် ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ထမ်းများက အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနဘက်စုံပိုမို ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းကိစ္စရပ်များအတွက် တင်ပြဆွေးနွေးမှုများပြုလုပ်ခဲ့ရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များကို ဆွေးနွေးဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနရှိ ဘက်တီးရီးယားဗေဒဌာန၊ ဗိုင်းရပ်စ်ဗေဒဌာန၊ ကပ်ပါးဗေဒ ဌာန၊ သွေးရည်ကြည် ဗေဒဌာန၊ ရောဂါရှာဖွေမှုဌာန၊ ရောဂါပြီးဗေဒဌာနနှင့် မှိုဗေဒဌာန တို့တွင် လုပ်ငန်းဆောင်ရွက် နေမှုများနှင့် ဓာတ်ခွဲကျွမ်းကျင်-အဆင့် (၃) (Laboratory Technician Grade 1) သင်တန်း သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုသည်။

 

(သတင်းစဉ်)