မိတ္ထီလာဖောင်တော်ဦးဗုဒ္ဓပူဇနိယပွဲတော် လှေပြိုင်ပွဲတွင် ပါဝင်မည့် လှေအသင်းများ လေ့ကျင့်လှော်ခတ်


Ministry of Information/ မိတ္ထီလာ / September 02, 2019
image_latest


မိတ္ထီလာ စက်တင်ဘာ ၁

မိတ္ထီလာမြို့ (၁၃၆)ကြိမ်မြောက် ဖောင်တော်ဦးဗုဒ္ဓပူဇနိယ ဘုရားပွဲတော်တွင် ထည့်သွင်းကျင်းပမည့် လှေပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် လှေအသင်းများ ယခုနှစ်တွင် စတင်အသုံးပြုမည့် ဖိုက်ဘာ လောင်းလှေအသစ်များဖြင့် လှော်ခတ်လေ့ ကျင့်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ်က ဖောင်တော်ဦးဗုဒ္ဓပူဇနိယပွဲ လှေပြိုင်ပွဲမှာ သစ်သား လောင်းလှေတွေအစား ဖိုက်ဘာ လောင်းလှေအသစ်တွေနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဆိုတော့ ပြိုင်ပွဲဝင်လှေအသစ်တွေနဲ့ အသားကျအောင် ကြိုတင်လေ့ကျင့်နေကြတာပါ။ ဒီနေ့နဲ့ဆို ပြိုင်ပွဲဝင်လှေအသင်းတွေ လှေအသစ်တွေနဲ့ လှော်ခတ် လေ့ကျင့်တာ နှစ်ရက်မြောက်နေ့ ဖြစ်ပါတယ်။ လှေအသစ်တွေက ဖိုက်ဘာ လှေတွေဖြစ်လို့ သစ်သားလှေတွေထက်စာရင် ပေါ့ပေါ့ပါးပါးနဲ့ လှော်ခတ်ရတာ သက်သာပေမယ့် စတင်လှော်ခတ်ရမှာ ဖြစ်လို့ အသားကျအောင်တော့ လေ့ကျင့်ဖို့လိုပါတယ်” ဟု ယခင်နှစ်က အကြီးတန်းလှေပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် အုတ်နှဲဘုတ် ကျေးရွာ ပြိုင်ပွဲဝင်အသင်းမှ အသင်းသားတစ်ဦးက ပြောသည်။

မိတ္ထီလာမြို့ ဖောင်တော်ဦးဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၆ ရက်မှ ၁၅ ရက်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ပြီး လှေပြိုင်ပွဲကို အကြီးတန်း၊ အငယ်တန်း ပြိုင်ပွဲများအဖြစ် စက်တင်ဘာ ၉ ရက်မှ ၁၃ ရက် (တော်သလင်းလဆန်း ၁၁ ရက်မှ တော်သလင်းလပြည့်နေ့) အထိ ငါးရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ (မိတ္ထီလာ)