အင်းလေးကန် သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟစနစ်များ မပျက်သုဉ်း စေရန်နှင့် သန့်ရှင်း သာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်


Ministry of Information/ အင်းလေးကန် / September 05, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူ သည် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် အင်းလေးကန် သာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အဓိကရေလမ်းကြောင်း တစ်လျောက် ရေလမ်းအမှတ်အသားများနှင့် နယ်နိမိတ် မှတ်တိုင်များ စိုက်ထူထားရှိမှု၊ စူးစမ်းလေ့လာခြင်းလုပ်ငန်းများ၊ နုန်းဖမ်းတမံနှင့် နုန်းဖမ်းဆည်များ တည်ဆောက်ခြင်းလုပ်ငန်း၊ ကျွန်းမျောရိုင်းများ ဖယ်ရှားရှင်းလင်း နေမှုနှင့် စုစည်းထိန်းချုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက အင်းလေးကန်သည် ဒေသအတွင်း မှီတင်း နေထိုင်ကြသော သက်ရှိများနှင့် ဂေဟစနစ်တို့ အပေါ် အပြန်အလှန် ချိတ်ဆက်လွှမ်းမိုး ထားသော တန်ဘိုးရှိသည့် သဘာဝအရင်းအမြစ် တစ်ခုဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးသွားဒေသတစ်ခု လည်း ဖြစ်သည့် အားလျော်စွာ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်ရမည်ဖြစ် သကဲ့သို့ တိမ်ကော ပျက်စီးမှုကို ဟန့်တားထိန်းချုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဒေသနေပြည်သူများအား အင်းလေးကန်ထိန်းသိမ်းရေး ဆိုင်ရာ အသိပညာ ပေး စည်းရုံးခြင်း၊ ဘဏ္ဍာနှစ်အလိုက် ထိရောက်သော စီမံဆောင်ရွက်မှု များဖြင့် ဦးစားပေး လုပ်ငန်းများအလိုက် အကောင်အထည်ဖော် ဆောင်ရွက် ရန်လိုအပ်ချက်များကို မှာကြားသည်။

အင်းလေးကန်သည် ကန်ဧရိယာ ၆၃စတုရန်းမိုင်၊ ကန်ရေပြင်အကျယ် ဧရိယာ ၂၄ စတုရန်းမိုင်ရှိသည်။ ၁၉၉၂ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ၂၅နှစ် အတွင်း နှစ်စဉ်ပျမ်းမျှ မိုးရေချိန် ၃၆ ဒသမ ၅ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်း၂၉ချောင်းမှရေစီးဝင်လျက် ရှိသည်။

အင်းလေးကန် အစဉ်အမြဲသန့်ရှင်းသာယာ လှပစေပြီး သဘာဝပတ်ဝန်းကျင်နှင့် ဆက်စပ်ဂေဟ စနစ်များ မပျက်သုဉ်းစေရန်နှင့် အင်းလေးကန်၏ သဘာဝ အနေအထားများ အရှည်သဖြင့်တည်တံ့ နေစေရန်တို့ အတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေ အသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ဒေသဆိုင်ရာအာဏာပိုင်များ၊ဆက်စပ် ဌာနများနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိပြီး နှစ်စဉ်သဲနုန်းကျင်းပေါင်း တစ်သိန်းခန့်တူးဖော်ဖယ်ရှားပေး လျက်ရှိသည်။

(သတင်းစဉ်)