မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့်ဆွေးနွေးပွဲ အကျဉ်းချုပ်အစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်း ကောက်ယူခြင်းဆိုင်ရာ နည်းလမ်းများ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / September 05, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၅

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြန်လည်ထူ ထောင်ရေး ဦးစီးဌာနနှင့် Voluntary Service Overseas (VSO)တို့ပူးပေါင်းပြီး မသန်စွမ်းသူများ တရားမျှတမှုရရှိ ပိုင်ခွင့်ဆွေးနွေးပွဲ အကျဉ်းချုပ်အစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်း ကောက်ယူခြင်းဆိုင်ရာ နည်းလမ်းများ ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူ များတရားမျှတမှု ရရှိပိုင်ခွင့်နှင့်ပတ်သက်၍ တစ်ကမ္ဘာလုံးမှ စိတ်ဝင်စား အလေးထားဆောင် ရွက်နေပါကြောင်း၊ မသန်စွမ်းသူများ တရားမျှတမှု ရရှိပိုင်ခွင့်အတွက် ဆောင်ရွက်ပြီးလုပ်ငန်း များရှိသကဲ့သို့ ရှေ့လုပ်ငန်း စဉ်များကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းသည် အရေးကြီးသောကဏ္ဍဖြစ်၍ မသန်စွမ်းမှုစစ်တမ်းများ ကောက်ယူ ခြင်းဖြစ် ပါကြောင်း၊ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းသည် မသန်စွမ်းများကို ခွဲခြားဆက်ဆံခြင်း မဟုတ်ပါ ကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ပေးခြင်းဖြင့် မသန်စွမ်းသူများ ပိုမိုဖွံ့ဖြိုးတိုး တက်လာစေရန် အထောက်အကူဖြစ်ပါကြောင်း၊ မသန်စွမ်း သူများ၏အခွင့် အရေးကို ဖော်ဆောင်ပေးနေခြင်းသည် မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့်ပတ်သက်၍ အစဉ်အမြဲ အလေးထားဆောင်ရွက် ခြင်းကို ပြသနေခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် Voluntary Service Overseas (VSO)မှ Ms. Amy Hamerton က မသန်စွမ်းသူများ တရားမျှတမှုရရှိပိုင်ခွင့် အလုပ်ရုံဆွေးနွေးပွဲအစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်းကောက်ယူခြင်း နည်းလမ်းများကို တင်ပြရာ တင်ရောက် လာကြသူများက အကြံပြု ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် စကားပြောကြားသည်။

(သတင်းစဉ်)