မြန်မာနိုင်ငံ၌ ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာတွင် ကံစမ်းမဲရောင်းချခြင်းမျိုးဖြစ်သောကြောင့် လောင်းကစားဆန်နေဟု မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ပြောကြား


Ministry of Information/ ​နေပြည်တော် / September 09, 2019
image_latest


ရန်ကုန် စက်တင်ဘာ ၈

မြန်မာနိုင်ငံ၌ ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာတွင် ထုတ်ကုန်ပစ္စည်း ရောင်းချခြင်းထက် ကံစမ်းမဲရောင်းချခြင်းမျိုးဖြစ်သောကြောင့် လောင်းကစားဆန်နေကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။

''ကြော်ငြာတယ်ဆိုတာ Marketing နဲ့ ဆက်စပ်နေတယ်။ မက်လုံးတွေ၊ ကံစမ်းမဲတွေ အဲဒါတွေ က အခုပေါပေါပဲပဲ လုပ်နေကြတယ်။ ကိုယ်ကရောင်းတာက တစ်ကျပ်တန်ပစ္စည်း ရွှေတစ်ပိဿာ ပေးမယ်ဆိုတော့ သူကပစ္စည်းကို ရောင်းတာမဟုတ်တော့ဘူး။ ကံစမ်းမဲရောင်းတော့ လောင်းကစားနဲ့ တူသွားတယ်။ အဲဒါမျိုးတွေကျတော့ မတရားယှဉ်ပြိုင်တာ၊ ကိုယ်ကတော့ မထိခိုက်ဘူးပေါ့။ အမှန်အကန်ရောင်းနေတဲ့သူမှာ ထိခိုက်တယ်။ အခု ထီလက်မှတ်တွေရောင်းတယ်။ အစိုးရက ဒီလိုသတ်မှတ်ထားတယ်။ သူကဈေးကိုတော့ ပြောင်းလို့မရဘူး။ အဲတော့ သူကဘာလုပ်လဲ၊ သူကို များများဝယ်စေချင်လို့ ကံစမ်းမဲတွေ ဖောက်မယ်။ ကံစမ်းမဲတွေဆိုတာကလည်း တစ်နေ့တစ်ရက်တော့ ဒီကိစ္စတွေ ပေါ်လာလိမ့်မယ်။ ဒါတွေက လောင်းကစားဆန်တယ်။ ကုန်ပစ္စည်းကို ရောင်းတာမဟုတ်ဘဲနဲ့ Incentive ကို ရောင်းတာ''ဟု ဦးသန်းမောင်က ပြောသည်။

ထိုသို့ ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာတွင် ထုတ်ကုန်ပစ္စည်း ရောင်းချခြင်းထက် ကံစမ်းမဲ ရောင်းချခြင်းမျိုးသည် မတရားယှဉ်ပြိုင်မှု မျိုးဖြစ်သဖြင့် မလုပ်ဆောင်သင့်ကြောင်း၊ ယင်းကဲ့သို့ မတရားယှဉ်ပြိုင်မှု မျိုးကို တားဆီးနိုင်ပါက ပြည်သူအားလုံးအတွက် အကျိုးရှိကြောင်း ၎င်းက ဆက်ပြောသည်။

မမျှတသောယှဉ်ပြိုင်မှု

''လူတွေက ပစ္စည်းရောင်းတာထက် ဆုကြေးကိုရောင်းနေတာ ဖြစ်နေပြီ။ ပစ္စည်းရဲ့တန်ဖိုးကိုလည်း လုံး၀ဂရုမစိုက်တော့ဘူး။ Service ကိုလည်း လုံး၀ဂရုမစိုက်တော့ဘူး။ လတ်တလော ချက်ချင်းလူတွေ လာဝယ်ဖို့ အတွက်ပဲ ဦးစားပေးနေကြတယ်။ အဲဒါသည် မတရား၊ မမျှတသော ယှဉ်ပြိုင်မှုပဲ၊ ဒါကိုပိတ်ပင် တားဆီးနိုင်ရင် အားလုံးအတွက် အကျိုးရှိ တယ်''ဟု ဦးသန်းမောင်က ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အနေဖြင့် စီးပွားရေး လုပ်ငန်းများက ယှဉ်ပြိုင်မှုကို လေးစားလိုက်နာမှု အားကောင်းစေရေး အတွက် စီမံဆောင်ရွက်ပေးရန်လိုအပ်ပြီး စီးပွားရေး လုပ်ငန်းရှင်များ ဘက်ကလည်း ယှဉ်ပြိုင်မှုဥပဒေကို လေးလေးစားစား လိုက်နာဆောင်ရွက်ရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။

''ကြော်ငြာတာ ကြော်ငြာလို့ ရပါတယ်။ မတော်မတရားတော့ မကြော်ငြာပါနဲ့။ အကယ်လို့ ပြောမယ်ဆိုလို့ရှိရင် ပုဒ်မ ၁၈ ပါ ဆက်စပ်နေတယ်။ ပုဒ်မ ၁၈ မှာ ကုန်အမှတ်တံဆိပ်တွေ၊ ကုန်စည် အချက်အလက်တွေအပေါ် အထင်လွဲမှားစေအောင် မပြုလုပ်ရဘူး။ ခုနက ပြောသလို လုပ်တာက တရုတ်လုပ်၊ ကိုရီးယားလုပ်၊ ဂျပန်လုပ်ဆိုပြီး လူအထင်ကြီးအောင် လျှောက်လုပ် တာတွေ အဲဒါမျိုးတွေက မီဒီယာမှာပဲကြော်ငြာ ကြော်ငြာ၊ Youtube မှာပဲ ကြော်ငြာ ကြော်ငြာ၊ Facebook မှာပဲ ကြော်ငြာ ကြော်ငြာ၊ တကယ်အမှန်လုပ်နေတဲ့သူကို အကာအကွယ် ပေးရမှာသည် ဒီဥပဒေ ဖြစ်ပါတယ်။ ကျွန်တော်တို့က အမှန်အကန်လုပ်တဲ့သူပဲ ထိခိုက်မှု တစ်ခုတည်း ကြည့်တာမဟုတ်ဘူး။ ဈေးကွက်ကြီး တစ်ခုလုံး၊ သုံးစွဲသူတစ်ခုလုံးကို ထိခိုက်တာ ဆိုရင် ဒီဥပဒေကို ကျွန်တော်တို့ ကိုင်တွယ်ပြီးတော့ အရေးယူရမှာဖြစ်ပါ တယ်''ဟု ဦးသန်းမောင် က ထပ်မံပြောကြားသည်။

သက်သာသောဈေးနှုန်းဖြင့်ရွေးချယ်နိုင်

ထို့ပြင် ဥပဒေဘောင်အတွင်းမှ ယှဉ်ပြိုင်မှုကို လေးစားလိုက်နာ ဆောင်ရွက်ပါက စီးပွားရေး လုပ်ငန်းများကို စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေခြင်း၊ စားသုံးသူများကို ပိုမိုသက်သာသော ဈေးနှုန်းဖြင့် ရွေးချယ်လာစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း မြန်မာနိုင်ငံ ယှဉ်ပြိုင်မှု ကော်မရှင်ထံမှ သိရသည်။

ထို့ကြောင့် စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ကုန်ပစ္စည်းများ ကြော်ငြာရာတွင် မှန်မှန်ကန်ကန် ကြော်ငြာရန်လိုကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ အဖွဲ့ဝင်တစ်ဦး ဖြစ်သူ စီးပွားရေးပညာရှင် ဦးသုတအောင်က ပြောသည်။

''မသေချာရင် မကြော်ငြာပါနဲ့လို့ စီးပွားရေးလောကက လူတွေကိုတိုက်တွန်းချင်ပါတယ်'' ဟု ဦးသုတအောင်က ပြောသည်။

လက်ရှိတွင် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်ခြင်းမရှိသော လုပ်ငန်းရှင်များကို မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် စတင်ဖွဲ့စည်းသည့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ယနေ့အချိန်အထိ တစ်နှစ်အတွင်း ကော်မရှင်ထံသို့ တိုင်ကြားထားသည့်လေးမှုကို လတ်တလော ဖြေရှင်းဆောင်ရွက်ရန် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ကာ စုံစမ်းစစ်ဆေးနေကြောင်း အဆိုပါ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးကိုကိုလေးက ပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန် စီးပွားရေးလုပ်ငန်းရှင် များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါပြီး စီးပွားရေးလုပ်ငန်း များအကြား လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်ရေး သည် စီးပွားရေးလုပ်ငန်းများအတွက် လွန်စွာအရေးကြီးကြောင်း မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်က ပြောသည်။

မတရားဈေးနှုန်းများ သတ်မှတ်

ယှဉ်ပြိုင်မှုဥပဒေတွင် ယှဉ်ပြိုင်မှုကိုဆန့်ကျင်သော သဘောတူညီချက် များဖြစ်သည့် ဈေးနှုန်းညှိနှိုင်းသတ်မှတ်ခြင်း၊ လေလံ/တင်ဒါ ညှိနှိုင်း ရယူခြင်း၊ ထုတ်လုပ်မှုကန့်သတ်ခြင်း၊ ဈေးကွက် ခွဲဝေရယူခြင်း စသည်တို့ ပါဝင်သည့် မတရားညှိနှိုင်း ဆောင်ရွက်မှုများ၊ ပြိုင်ဘက်လုပ်ငန်းများ အကြား ဈေးနှုန်းကဲ့သို့ အရေးကြီးသတင်းအချက် အလက်များအား လျှို့ဝှက်ဖလှယ်ခြင်း၊ ဈေးကွက်လွှမ်းမိုးမှုကို အလွဲသုံးစား ပြုလုပ်ခြင်း၊ အခြားစီးပွားရေးလုပ်ငန်းများကို ခွဲခြား ဆက်ဆံခြင်း၊ အခြားစီးပွားရေး လုပ်ငန်းများကို ကုန်စည်များရောင်းချရန် သို့မဟုတ် ထောက်ပံ့ပေးရန် ငြင်းဆန်ခြင်း၊ မတရားသော ဈေးနှုန်းများ သတ်မှတ်ခြင်း၊ ယှဉ်ပြိုင်မှုကို ဆန့်ကျင်သည့် စီးပွားရေးလုပ်ငန်းများကို ပေါင်းစည်းခြင်း စသည်တို့ကို လုပ်ဆောင်ပါက အရေးယူနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဈေးကွက်အတွင်း တရားမျှတစွာ ယှဉ်ပြိုင်မှုမရှိဘဲ ယှဉ်ပြိုင်မှု ဥပဒေပါ တားမြစ်ချက်များကို ဖောက်ဖျက်ပါကငွေဒဏ် အနိမ့်ဆုံး ကျပ် တစ်သိန်းမှ အမြင့်ဆုံး ကျပ်သိန်း ၁၅၀ အထိ ဖြစ်စေ၊ ထောင်ဒဏ် အနည်းဆုံး သုံးလမှ အများဆုံးသုံးနှစ် အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေတွင် ပါဝင် သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက် မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်ကို ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၁၀၆/ ၂၀၁၈ ဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်က ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ ကော်မရှင်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ အဆင့်မြင့်အရာရှိ ငါးဦး၊ ပြင်ပမှ ဥပဒေပညာရှင်နှင့် စီးပွားရေး ပညာရှင် ငါးဦးတို့ဖြင့် ဖွဲ့စည်းထား ကြောင်း သိရသည်။

ငြိမ်းငြိမ်း