မန္တလေးမဟာမုနိဘုရားတွင် ကား၊ ဆိုင်ကယ်အပ်နှံခနှင့် နိုင်ငံခြား သားများထံမှ ဝင်ကြေး ကောက်ခံငွေ တစ်လလျှင် ကျပ်သိန်း တစ်ထောင်ခန့် ရရှိ
မန္တလေးမဟာမုနိဘုရားတွင် ကား၊ ဆိုင်ကယ်အပ်နှံခနှင့် နိုင်ငံခြား သားများထံမှ ဝင်ကြေး ကောက်ခံငွေ တစ်လလျှင် ကျပ်သိန်း တစ်ထောင်ခန့် ရရှိ
Ministry of Information/ နေပြည်တော် / September 23, 2019

မန္တလေး စက်တင်ဘာ ၂၂
မန္တလေးမြို့ရှိ မဟာမုနိဘုရားတွင် ဂေါပက အဖွဲ့က ယခုနှစ်အတွင်း စတင်ပြောင်းလဲ ဆောင်ရွက်သည့် ကား၊ ဆိုင်ကယ် အပ်နှံခ နှင့် နိုင်ငံခြားသားများထံမှ ကောက်ခံရရှိ သည့် ဝင်ကြေးငွေ စုစုပေါင်းမှာ တစ်လ လျှင် ငွေကျပ် သိန်းတစ်ထောင်ခန့် ရရှိကြောင်း မဟာမုနိ ဘုရားဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးသိန်းထွန်းက ပြောသည်။
ယခင်က မဟာမုနိဘုရားသို့ လာရောက်ကြသည့် ဘုရားဖူးပြည်သူများ ၏ ကား၊ ဆိုင်ကယ် ရပ်နားခကို ဘုရားဂေါပကအဖွဲ့မှ လေလံစနစ်ဖြင့် ဆောင်ရွက် ခဲ့ရာ တစ်ရက်လျှင် ငွေကျပ် နှစ်သိန်း ငါးသောင်း နှုန်းသာ ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှစ၍ လေလံစနစ် ကို ဖျက်သိမ်း၍ ကွန်ပျူတာစနစ်သုံး မောင်းတံ ဂိတ်ထားရှိကာ ယာဉ်ရပ်နား စခန်းများ တည်ဆောက်၍ ယာဉ်အပ်နှံခ ကားကြီးငွေကျပ် ၅၀၀ ကျပ်၊ ကားသေး ငွေကျပ် ၃၀၀ ကျပ်နှင့် ဆိုင်ကယ်တစ်စီးလျှင် ငွေကျပ် ၁၀၀ ကျပ် သတ်မှတ်ပြီး ဂေါပကအဖွဲ့ ဝန်ထမ်းများကိုယ်တိုင် စနစ်တကျ ကောက်ခံခဲ့ သဖြင့် တစ်ရက်လျှင် ပျမ်းမျှငွေကျပ် ရှစ်သိန်းဝန်းကျင် ရရှိကြောင်း သိရသည်။
"ဘုရားကြီးဂေါပကအဖွဲ့ရဲ့ စီမံ ဆောင်ရွက်မှုတွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်တွေကြောင့် ဒီလုပ်ငန်းတွေကို လုပ်ဆောင်နိုင် ခဲ့တာပါ။ အရင်က ကား၊ ဆိုင်ကယ် ရပ်နားခတွေကို လေလံပေးပြီး ကောက်ခံတဲ့အတွက် ဘုရားဖူးပြည်သူတွေနဲ့ လေလံရသူတွေ အကြား ပြဿနာတွေ မကြာခဏ ဖြစ်ခဲ့ ကြပေမယ့် ယခုမောင်းတံစနစ်နဲ့ ပြောင်းလဲ ကောက်ခံပေးတဲ့အတွက် ဘုရားဖူးတွေလည်း စိတ်အေး ချမ်းစွာနဲ့ ဘုရားဖူးနိုင်သလို သူတို့ရဲ့ ကား၊ ဆိုင်ကယ် လုံခြုံရေး အတွက်လည်း စိတ်ချသွားရပါတယ်။ ဒါ့အပြင် ဘုရားကြီးဘက်စုံပြုပြင် ရေးအတွက် ရသင့်ရထိုက်တဲ့ အခွန်ငွေ တွေလည်း အပြည့်အဝ ရရှိသွားပါတယ်''ဟု ၎င်းက ပြောသည်။
ထို့ပြင် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက် မှစ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဘုရားကြီး မြောက်ဘက်မုခ် ၄၅ တာတွင် Tourist Information Center တည်ဆောက်ဖွင့်လှစ်ပြီး ဘုရားကြီးသို့ လာရောက် လေ့လာဖူးမြော်ကြသည့် နိုင်ငံခြား ခရီးသည်များအား တစ်ဦးလျှင် ငွေကျပ် ၅၀၀၀ သတ်မှတ်၍ ဝင်ကြေးငွေများ ကောက်ခံခဲ့ရာ ဇူလိုင်လ တွင် ဝင်ကြေး ငွေကျပ် ၈၁၇ သိန်း ၄ သောင်းနှင့် ဩဂုတ်လတွင် ၉၅၁ သိန်း ၂ သောင်း ရရှိ ခဲ့ကြောင်း သိရသည်။
''ဒီလိုဝင်ကြေးငွေကောက်ခံရာမှာ သူတို့အတွက် ဝန်ဆောင်မှုတွေအဖြစ် Tourist Information Center မှာ အနားယူဖို့ ခုံတန်းတွေ၊ စနိုးတာ ဝါတွေ၊ လမ်းညွှန်စာအုပ်တွေ၊ ဖိနပ်ချွတ်စင်တွေ၊ နဲ့ သူတို့ ပါလာတဲ့ ပစ္စည်းတွေ သိမ်းဆည်းဖို့ lock box တွေ စီစဉ်ပေးထားတဲ့အပြင် အဆင့်မြင့် သန့်စင်ခန်းတွေလည်း တည်ဆောက်ထားရှိ ပေးထားပါတယ်။ ဘုရားကြီးကို ဝင်ရောက်လာကြတဲ့ နိုင်ငံခြားသားတွေက အုပ်စုလိုက် လာကြ တာများတဲ့အတွက် စင်တာတစ်ခုတည်းနဲ့ လုံလောက်မှုမ ရှိနိုင်တော့လို့ လက်ရှိ စင်တာရဲ့အနီးမှာ စင်တာနောက်တစ်ခု ကို တိုးချဲ့တည်ဆောက်နေပါတယ်။ ကောက်ခံရရှိတဲ့ ဝင်ကြေးငွေတွေကို ဘုရားဘက်စုံ ပြုပြင်ရေးတွေမှာ စနစ်တကျ အသုံးပြုသွားမယ့်အပြင် ဘုရားဖူးပြည်သူ တွေအတွက်လိုအပ်တဲ့ အဆင့်မြင့်သန့်စင် ခန်းတွေကို လည်း တိုးချဲ့တည်ဆောက် ပေးနေပြီး အခမဲ့အသုံးပြုခွင့် ပေးထားပါ တယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမဟာမုနိဘုရားကြီးသို့ နိုင်ငံခြားခရီးသည် ဝင်ရောက်မှုမှာ လစဉ်တိုးတက်များပြားလျက်ရှိပြီး လက်ရှိ ဝင်ကြေးငွေ ကောက်ခံမှု စာရင်းများအရ နေ့စဉ်ပျမ်းမျှ ၅၀၀ ကျော် ဝင်ရောက် လျက်ရှိရာ ဇူလိုင်လတွင် ၁၆၃၄၈ ဦးနှင့် ဩဂုတ်လတွင် ၁၉၀၂၄ ဦး ဝင်ရောက်ခဲ့ ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)