အာရှ ယူ-၁၆ ခြေစစ်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့
အာရှ ယူ-၁၆ ခြေစစ်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့
Ministry of Information/ နေပြည်တော် / September 23, 2019

ရန်ကုန် စက်တင်ဘာ ၂၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၁၆ ခြေစစ်ပွဲ အုပ်စု (K) နောက်ဆုံးနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်း ရှုံးပွဲထပ်မံကြုံတွေ့ခဲ့ပြီး တောင်ကို ရီးယားအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စု နောက်ဆုံးပွဲအဖြစ် တရုတ်(တိုင်ပေ) အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ နှစ်သင်းစလုံး ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက် မရှိသော်လည်း ဂုဏ်သိက္ခာပိုင်းအတွက် ယှဉ်ပြိုင်ကစားခဲ့သည်။ မြန်မာအသင်း သည် ခြေအသာဖြင့် ကစားသော်လည်း တိုက်စစ်ကစားပုံ အားနည်း သော ကြောင့် ဂိုးမရဘဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပွဲထွက် လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး ပွဲစကတည်းက တရုတ်(တိုင်ပေ)အသင်းကို ဖိကစားနိုင်ခဲ့သည်။
မြန်မာအသင်းသည် ဖိကစား နိုင်သော်လည်း ထိရောက်သည့် ဂိုးသွင်းခွင့် ဖန်တီးနိုင်ခြင်းမရှိဘဲ တိုက်စစ်ဆင်မှုများမှာ အရာမထင်ဖြစ်ခဲ့သော ကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ဒုတိယပိုင်းတွင် တရုတ်(တိုင်ပေ) အသင်းက တန်ပြန် တိုက်စစ်ဖြင့် ဂိုးရရန်ကြိုးပမ်းလာပြီး ၄၈ မိနစ်တွင် ဟောင်ယန်ချူက အဖွင့်ဂိုး သွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မြန်မာ အသင်း ချေပဂိုးရရန် ကြိုးပမ်းသော်လည်း တိုက်စစ်ကစားပုံ အားနည်း သောကြောင့် ဂိုးသွင်းခွင့်မရသလို ရရှိသည့်အခွင့်အရေးကို အသုံးမချနိုင် သောကြောင့် ချေပဂိုးနှင့် လွဲချော်ခဲ့သည်။ တရုတ်(တိုင်ပေ) အသင်း အတွက် ဒုတိယဂိုးကို ၈၅ မိနစ် တွင် လူဇီအန်က သွင်းယူခဲ့သည်။
ခြေစစ်ပွဲမအောင်
အခြားပွဲတွင် တောင်ကိုရီးယားအသင်းက ထိုင်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အုပ်စု (K) ပွဲစဉ်များ အပြီးတွင် တောင်ကိုရီးယားအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမရကာ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ခြောက်မှတ်ရသည့် ထိုင်းအသင်း သည် အကောင်းဆုံး အုပ်စု ဒုတိယနေရာ ထိပ်ဆုံးလေးသင်း စာရင်းဝင်ရန် အခြား အသင်းများ ၏ ရလဒ်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ သုံးမှတ်ရသည့် တရုတ်(တိုင်ပေ)နှင့် သုံးပွဲစလုံး ရှုံးသည့် မြန်မာအသင်းမှာ ခြေစစ်ပွဲ မအောင်ခဲ့ပေ။
ညီမြတ်သော်တာ