ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်များ အတွက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အသိပေးဆွေးနွေး
ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးအပိုဆောင်း တိုက်ကျွေးထိုးနှံခြင်း အစီအစဉ်များ အတွက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသို့ အသိပေးဆွေးနွေး
Ministry of Information/ နေပြည်တော် / September 24, 2019

နေပြည်တော် စက်တင်ဘာ ၂၃
ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအပိုဆောင်းတိုက်ကျွေး ထိုးနှံခြင်း အစီအစဉ်များ အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းက မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းသို့ အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (ဗဟို) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လာမည့်အောက်တိုဘာ ၂၅ ရက်မှ ၂၉ ရက်အထိ နိုင်ငံအတွင်းရှိ မြို့နယ် ၉၆ မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဒုတိယ အကြိမ် ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးမည်ဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်တွင် ကျန်ရှိသော ၂၃၄ မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းကို ဆောင်ရွက်သွား မည်ဖြစ်သည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်က ပုံမှန်ကာကွယ်ဆေးထိုး ခြင်းနှင့် အစုလိုက်အပိုဆောင်းလုပ်ငန်းများတွင် အသင်းဝင်များ ပါဝင်ကူညီကြရန်ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာအောင်နိုင်ဦးနှင့် ဒေါက်တာအေးမြချမ်းသာ၊ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ဒေါ်ဖြူစင်ဝေ တို့က အစုလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း အစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး / ပြည်နယ်အသီးသီးမှ တက်ရောက်လာသော မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေး အဖွဲ့ဝင်များက သိရှိဆွေးနွေး လိုသည်များကို မေးမြန်းပြောကြားခဲ့ရာ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ တာဝန်ရှိသူများက ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်