ရေကြီးနစ်မြုပ်ဆုံးရှုံးခဲ့သော ငါး၊ ပုဇွန်ကန်များအတွက် ငါးသားပေါက်များထောက်ပံ့ပေးအပ်ပြီး ရေဘုတ်ရေလှောင်တမံအတွင်း ငါးမြစ်ချင်းကောင်ရေ (၁)သိန်း ငါးမျိုးစိုက်ထည့်
ရေကြီးနစ်မြုပ်ဆုံးရှုံးခဲ့သော ငါး၊ ပုဇွန်ကန်များအတွက် ငါးသားပေါက်များထောက်ပံ့ပေးအပ်ပြီး ရေဘုတ်ရေလှောင်တမံအတွင်း ငါးမြစ်ချင်းကောင်ရေ (၁)သိန်း ငါးမျိုးစိုက်ထည့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 24, 2019

လှိုင်းဘွဲ စက်တင်ဘာ ၂၄
ကရင်ပြည်နယ်အတွင်း ဩဂုတ်လဆန်းပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းခြင်းနှင့် မြစ်ရေချောင်းရေများစိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိခြင်းတို့ကြောင့် မွေးမြူထားသော ငါး၊ ပုဇွန်ကန် ၇၀၃ ဒသမ ၆၀၆ ဧကခန့် ရေကြီးနစ်မြုပ်ဆုံးရှုံးခဲ့ရာ စက်တင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီက လှိုင်းဘွဲမြို့နယ် ရေဘုတ် ရေလှောင်တမံတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ရေကြီးနစ်မြုပ်ဆုံးရှုံးခဲ့သော ငါး၊ ပုဇွန်ကန်များအတွက် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ပြီး ရေလှောင်တမံအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ခဲ့ကြသည်။
ရှေ့ဦးစွာ ငါးသားပေါက်များကို ထောက်ပံ့ပေးအပ်ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ငါးသားပေါက် များ ထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမျိုးမင်းနောင်တို့က KNU တပ်ဖွဲ့၊ BGF နယ်ခြားစောင့်တပ်ဖွဲ့၊ ဘားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီမြို့နယ်တို့မှ ငါးမွေး တောင်သူများနှင့် တစ်ပိုင်တစ်နိုင်ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၆၅၂၁၀၀) အား ထောက်ပံ့ပေးအပ် ခဲ့သည်။
ငါးမွေးတောင်သူများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွင် အထောက်အကူဖြစ်စေရန် ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေပေါ်ငါးစာတောင့်အိတ်များ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ရာ ယနေ့ထောက်ပံ့ပေးအပ်မှုသည် တတိယအကြိမ် ထောက်ပံ့ပေးအပ်မှုဖြစ်ပြီး ရေကြီးနစ်မြုပ်ဆုံးရှုံးသော ငါးမွေးတောင်သူ ၁၁၁ ဦး၏ ငါး၊ ပုဇွန်ကန် ၇၀၃ ဒသမ ၆၀၆ ဧကအတွက် တစ်ဧကလျှင် ငါးသားပေါက်ကောင်ရေ ၃၀၀၀ (သုံးထောင်)နှုန်းဖြင့် စက်တင်ဘာလ ၁၆ ရက်နေ့က ကျေးရွာအုပ်စု ၃၂ စုမှ ငါးမွေးတောင်သူ ၅၉ ဦးအား ငါးသားပေါက်ကောင်ရေ ၇၁၃၇၀၀ ကိုလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျေးရွာအုပ်စု ၆ အုပ်စုမှ ငါးမွေးတောင်သူ ၁၅ ဦးအား ငါးသားပေါက်ကောင်ရေ ၁၆၁၂၀၀ ကိုလည်းကောင်း၊ ယနေ့တွင် တတိယအကြိမ်ထောက်ပံ့မှုအနေဖြင့် ကျေးရွာအုပ်စု ၁၇ အုပ်စုမှ ငါးမွေးတောင်သူ ၃၃ ဦးအား ငါးသားပေါက်ကောင်ရေ ၆၅၂၁၀၀ ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ငါးသားပေါက်များ ဆက်လက်ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ငါးမွေးတောင်သူများက ငါးမျိုးများပြန့်ပွားစေရေးအတွက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၁)သိန်းကို ရေဘုတ်ရေလှောင်တမံအတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
