ကျွန်တော်ရေးခဲ့သော မြန်မာ့ရုပ်ရှင်စိန်ရတုလိုဂို ဇာတ်ကြောင်း
ကျွန်တော်ရေးခဲ့သော မြန်မာ့ရုပ်ရှင်စိန်ရတုလိုဂို ဇာတ်ကြောင်း
Ministry of Information/ နေပြည်တော် / October 01, 2019

လှထွဋ်ဦး
မြန်မာ့ မြန်မာ့ ရုပ်ရှင်....
လူမျိုးဂုဏ်အင်....
တိုးတက်မှုအစဉ်.. အရာရာနှိုင်းယှဉ်...။
သီချင်းသံလေးက လေထဲမှာ စည်းချက်ညီညီ ငြိမ့်ညောင်းစွာ ပျံ့လွင့် လာသည်။ သီချင်းသံကို ကြားမိတိုင်း ရုပ်ရှင်နှင့်ပတ်သက်သော အတွေး နွေးနွေးလေးက မနေ့တစ်နေ့ကလို တသိမ့်သိမ့်ထိရှလာ စမြဲဖြစ်သည်။ ရုံတင်၍ရင်တုန်ခဲ့ရသော ရုပ်ရှင်ဇာတ်ကားကြောင့် လည်းမဟုတ်၊ အကယ်ဒမီရွှေစင်ရုပ်ကို မျှော်လင့် ရင်ခုန်ခြင်းမျိုးလည်းမမည်၊ ကျွန်တော့်ရင်ကို နွေးထွေးစွာ လှုပ်ခတ်ခဲ့သည်က ၁၉၉၅ ခုနှစ် မြန်မာ့ရုပ်ရှင်စိန်ရတုအထိမ်းအမှတ်လိုဂိုလေးကြောင့်ပင် ဖြစ်ပါ၏။
▲ သမိုင်းတွင်ကျန်ရစ်စေသော အဖြစ်အပျက် ▲
လိုဂိုဒီဇိုင်း ပေါင်း ၁၀၀၀ ကျော်ထဲမှ ပြိုင်ပွဲဝင်အနုပညာရှင်တို့၏ တွေးချက်အသွယ်သွယ်၊ ရေးချက်အဖုံဖုံ၊ အဓိပ္ပာယ်အဖြာဖြာတို့ကို အဆင့်ဆင့် ရွေးချယ်အကဲဖြတ်ပြီးမှ နိုင်ငံတော်အကြီးအကဲတစ်ဦး ကိုယ်တိုင် နောက်ဆုံး ဆန်ခါတင်လိုဂိုများကို အကဲဖြတ်ကာ အတည်ပြု ရွေးချယ်ခဲ့သော မြန်မာ့ ရုပ်ရှင် စိန်ရတုအထိမ်းအမှတ် လိုဂို၏ဖြစ်စဉ် နှင့်အတူ သူ၏ဇာတ်ကြောင်းက ကျွန်တော်နှင့်အတူရှိခဲ့လေသည်။ နောက်ဆုံးအဆင့်ရွေးချယ်သည့်နေ့က သက်ဆိုင်ရာဌာန အကြီးအကဲ များအပါအဝင် ကျွန်တော်ပါရှိနေသည်။ နိုင်ငံတော်အကြီးအကဲက ဘုတ်ပြားပေါ်တွင် ခင်းကျင်းပြသထားသည့် ဆန်ခါတင်ပုံများကို ကြည့်ရှုအကဲဖြတ်ပြီး လိုဂိုတစ်ခုကို အတည်ပြုရွေးချယ် လိုက်သည်။ ထိုလိုဂိုက ကျွန်တော်ပြိုင်ပွဲဝင်ရေးဆွဲပေးပို့ခဲ့သည့်လိုဂိုဖြစ်နေခြင်းက ကျွန်တော့် ဘဝတွင် သမိုင်းတင်ကျန်ရစ်စေသော အဖြစ်အပျက်တစ်ခု ပင်ဖြစ်လေသည်။
၁၉၉၅ ခုနှစ်က (၇၅) နှစ်ပြည့်မြောက်တဲ့ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် အထိမ်းအမှတ်အတွက် ကျင်းပရေးကော်မတီက လိုဂိုပြိုင်ပွဲဖိတ်ခေါ် ခဲ့သည်။
ဒီဇိုင်းဆရာတွေ၊ ပန်းချီဆရာတွေ၊ ပိုစတာရေးသူတွေ၊ ဝါသနာရှင်တွေ မည်သူ မဆို သတ်မှတ်စည်းကမ်းချက်အတိုင်း ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း၊ အထိမ်းအမှတ်လိုဂိုတစ်ခုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ ရွေးချယ်ခြင်းခံရ သည့်လိုဂို ဒီဇိုင်းကို နိုင်ငံတော်အဆင့် ထိုက်တန်စွာချီးမြှင့် မည်ဖြစ် ကြောင်းနှင့် ရေးဆွဲသူ၏ အမည်ကို ပြိုင်ပွဲဝင်လိုဂိုတွင် လက်မှတ်ရေးထိုး ခွင့်မပြုဘဲ ပုံ၏နောက်ကျောတွင်သာ ကိုယ်ရေးအကျဉ်းဖြင့်ဖော်ပြရန် စည်းကမ်းချက်များထုတ်ပြန်ခဲ့သည်။
(၇၅)နှစ်မြောက် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်အခမ်းအနား အောင်မြင် စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီတွေဖွဲ့ကြသည်။ ဖျော်ဖြေပွဲတွေ ပါသည်။ စာတမ်းဖတ်ပွဲတွေပါသည်။ ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမရှေ့ မှာ ရုပ်ရှင်နှင့် အနုပညာဆိုင်ရာ မှတ်တမ်းမှတ်ရာတွေ၊ ဓာတ်ပုံတွေပြကြ မည်။ တပ်မတော်ခန်းမမှာ ရုပ်ရှင်အနုပညာရှင်တွေနဲ့ ပြည်သူတွေတွေ့ ဆုံကြမည် စသည် စသည်ဖြင့် သက်ဆိုင်ရာဌာနအကြီးအကဲတွေ၊ ဝန်ကြီးဌာနတွေ၊ လုံခြုံရေးအဖွဲ့တွေပါဝင်တဲ့ ကျင်းပရေးကော်မတီ အဖွဲ့များစွာနဲ့ ဆောင်ရွက်ဖို့ စီမံချက်တွေဆွဲခဲ့ကြသည်။
မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်ပွဲတော်ကျင်းပရာမှာ အထိမ်းအမှတ်လိုဂိုက အဓိကထင်သာမြင်သာဖြင့် သမိုင်းတင်ကျန်ရစ်မည်မို့ ပြပွဲပြိုင်ပွဲ ကျင်းပရေး ကော်မတီက ဖိတ်ခေါ်တဲ့လိုဂိုပြိုင်ပွဲမှာ ပညာရှင်တွေ၊ ဝါသနာရှင်တွေရဲ့ အတွေးစုံ၊ လက်ရာစုံဖြင့် ရေးဆွဲယှဉ်ပြိုင်မှုမှာ ကျွန်တော်လည်း စီးမျောပါဝင်ခဲ့လေသည်။
‘‘ကျွန်တော် နှစ်နိုင်ငံချစ်ကြည်ရေးခရီးစဉ်တစ်ခုမှာ ဂျပန်နိုင်ငံကို ရောက်ခဲ့တယ်။ အဲဒီမှာ အဲဒီနိုင်ငံက အကြီးအကဲတွေက ကုန်တိုက်ကြီး တစ်ခုကို လေ့လာဖို့ ပို့ပေးတယ်။ သူ့မျက်နှာစာအပြင် အဆင်က ရိုးရှင်းတယ်ဗျ။ ကုန်တိုက်အမည်ကို ဂျပန်လိုရေးထားပေမယ့် ထင်ထင်ရှားရှားမြင်ရတာက အဝိုင်းကြီး တစ်ဝိုင်းနဲ့အဝိုင်းကို စိတ်ဖြာထားတဲ့ပုံနှစ်ပုံပဲ။ အဲဒါဘာအဓိပ္ပာယ်လဲလို့မေး ကြည့်တော့ ဒီကုန်တိုက်မှာ ကုန်ပစ္စည်းတွေကို လက်ကားအဖြစ် လိုချင်သလောက် အပြည့်အဝရနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်တဲ့ အဝိုင်းကိုရေးထားပြီး စိတ်ဖြာ ထားတာက လက်လီတစ်ခုချင်းလည်းရနိုင်တဲ့သင်္ကေတပါလို့ တာဝန်ရှိသူက ရှင်းပြတယ်။ အဲဒါဂျပန်က အဆင့်မြင့် နိုင်ငံတကာ ကုန်တိုက်ကြီးရဲ့လိုဂိုပဲ’’ လို့ ဝန်ကြီးဌာနအစည်းအဝေး တစ်ခုမှာ နိုင်ငံတော်အကြီးအကဲတစ်ဦးက ပြောခဲ့ တာဟာ ကျွန်တော့်အတွက် လိုဂိုရေးဖို့ အထောက်အကူတစ်ခု ဖြစ်စေခဲ့သည်။
▲ စိတ်ကူးရေးခြစ်ပုံဖော် ▲
မြန်မာ့ရုပ်ရှင်စိန်ရတုသဘင် အထိမ်းအမှတ်လိုဂိုပြိုင်ပွဲဝင်ဖို့ ကျွန်တော်ရိုးရှင်းစွာတွေးတောသည်။ အလုပ်တာဝန် တစ်ဖက်နဲ့ ဖျတ်ခနဲဖျတ်ခနဲ ဝင်လာတဲ့ စိတ်ကူးအပိုင်း အစတွေကို ဖမ်းဆုပ်ကာ တစ်ခုပြီးတစ်ခု ပုံကြမ်းရေးမှတ်သည်။ ရုပ်ရှင်ရဲ့အသက်က ဖလင်မို့ ဖလင်ပုံစံကို အမျိုးမျိုးစိတ်ကူးကြည့်သည်။ အကယ်ဒမီ ရွှေစင်ရုပ်မှကြယ် ပွင့်လေးကိုလည်းတွေးမိသည်။ (၇၅) နှစ်မြောက်ကို စာမရေးဘဲ ပေါ်လွင်မယ့်ပုံရိပ်တွေကို စဉ်းစားသည်။ လိုဂိုတစ်ခုရဲ့ အရည်အသွေးက ပုံကြီးချဲ့ချင်သလောက်ချဲ့ အရသာပျက်မသွားသလို တံဆိပ်ခေါင်းနီး ပါးချုံ့ရင် လည်း ကျစ်လျစ်တဲ့သင်္ကေတတွေက ထင်းခနဲပေါ်လွင် ရမည်ဖြစ်သည်။ ပြိုင်ပွဲကို ရေးဆွဲပေးပို့ရမယ့်လိုဂိုအရွယ်က ၆ လက်မ x ၈ လက်မ ဖြစ်သည်။ ကိုယ်ရေးတဲ့ လိုဂိုမှာပါဝင်တဲ့သင်္ကေတတွေ၊ အရောင် သုံးစွဲမှုတွေရဲ့အဓိပ္ပာယ်ကို သီးခြားပေးပို့ရ ပြီး ပြိုင်ပွဲဝင်တစ်ဦးကို အနည်းဆုံး (၃)ပုံအထိ ယှဉ်ပြိုင်ခွင့်ပေးထားသည်။
ကျွန်တော်စိတ်ကူးရေးခြစ်ပုံဖော်ထားသည့် ပုံကြမ်းပေါင်းများစွာထဲက အကြိုက်ဆုံးလိုဂိုသုံးခုကို အချောသပ်ရေးဆွဲပြီး ယှဉ်ပြိုင်ခဲ့သည်။
ပညာရှင်၊ ဝါသနာရှင်တို့၏ ပြိုင်ပွဲဝင်လိုဂိုပေါင်း ၁၀၀၀ ကျော်မို့ ရေးချက်ပေါင်း ၁၀၀၀ ကျော်၊ တွေးချက်ပေါင်း ၁၀၀၀ ကျော်ဟု ဆိုနိုင်သည်။ အဲဒီမှာ အနုပညာရှင်တို့ရဲ့ ကျွမ်းကျင်ရာနယ်ပယ် တွေကလည်းစုံသမို့ ပန်းချီ၊ ပိုစတာ ၊ ပို့စကတ်၊ ဒီဇိုင်း၊ လိုဂိုဆိုတဲ့ စည်းမျဉ်းတွေကို ရောယှက်ကာ ရေးချက်တွေ၊ ဟန်ချက်တွေ ယိုင်သွား သူတွေရှိသလို လိုဂိုရဲ့စည်းကမ်းကို ရေးချက်အံဝင်ခွင်ကျစွာ ထိမိရေးခြစ် သွားသူ တွေလည်းရှိသည်။ ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ ပညာရှင်တွေအဆင့်ဆင့်အကဲဖြတ်ပြီး နိုင်ငံတော်အကြီး အကဲပါဝင်တဲ့ အကဲဖြတ်အဖွဲ့ကိုတင်ပြတော့ ပြိုင်ပွဲဝင်လိုဂို (၈) ပုံသာ ဆန်ခါတင်ကျန်ရစ်သည်။ ထိုအထဲတွင် ကျွန်တော်ယှဉ်ပြိုင်ခဲ့သောလိုဂို (၃)ပုံစလုံးပါဝင်ခဲ့ခြင်းက ကျွန်တော်၏ တည်ငြိမ်နေသောစိတ်ကို လှုပ်ခါသွားစေတော့သည်။ တိတ်ဆိတ်နေသော အစည်းအဝေး ခန်းမ အတွင်း ကျွန်တော့်ရင်ခုန်သံက ကျယ်လောင်နေသည်ဟု ခံစားမိသည်။
▲ အပေါ်လွင်ဆုံးလိုဂို ▲
တာဝန်ရှိပုဂ္ဂိုလ်တွေ လိုဂိုတစ်ခုချင်းစီကို အသေးစိတ်ကြည့်ရှုစစ်ဆေး သည်။ နောက်ဆုံးပြိုင်ပွဲဝင်လိုဂို အမှတ်စဉ် (၈) ကို (၇၅)နှစ်မြောက် မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်အတွက် ပွင့်လင်းမြင်သာသည့်အဓိပ္ပာယ် အပေါ်လွင်ဆုံးလိုဂို အဖြစ် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် သတ်မှတ် အတည်ပြု ရွေးချယ်လိုက်သည်။ လိုဂို၌ဖော်ပြထားသော ဖလင်အရောင် ကို အပြာရောင်အစား အမှောင်ခန်းတွင်မြင်တွေ့ရသည့် ရုပ်ရှင်ဖလင်ရိုင် အရောင် ပန်းခရမ်းဖျော့ဖျော့ သုံးရန်လည်း လမ်းညွှန်အကြံပြုခဲ့သည်။ (၇၅) နှစ်မြောက် မြန်မာ့ရုပ်ရှင်စိန်ရတု အထိမ်းအမှတ်လိုဂို နောက်ဆုံး ရွေးချယ်သည့်နေ့မှာ လိုဂိုပြိုင်ပွဲဝင်ခဲ့သူ ကျွန်တော်ကိုယ်တိုင်ရှိနေခြင်းက ရင်ခုန်စိတ်လှုပ်ရှားဖွယ် အမှတ်တရနေ့လေး ဖြစ်သွားခဲ့လေသည်။
(၁) မြန်မာ့ရုပ်ရှင်စိန်ရတုကိုယ်စားပြုပေါ်လွင်အောင် စိန်ပွင့်လေး တစ်ပွင့်နှင့် အကယ်ဒမီရွှေစင်ရုပ်မှ ရွှေကြယ်ပွင့်ကို လိုဂို၏ထိပ်ဆုံးတွင် နေရာပေးထားသည်။
(၂) ခရမ်းဖျော့ရောင် ရုပ်ရှင်ဖလင်ကို အကွေ့အဝိုက်အနွဲ့အနှောင်းများဖြင့် ‘‘၇၅’’ ဂဏန်းနှစ်လုံးကို ပျော့ပျောင်းစွာရေးဆွဲထားသည်။
(၃) ရုပ်ရှင်ရှေးဟောင်းကင်မရာတစ်လုံးကို ရင့်ရော်မှုသရုပ်ပေါ်လွင်စေရန် အရောင်ရင့်ရင့်ကိုအားပြုပြီး တစ်ဝက်တစ်ပျက် ပုံဖော်ထားသည်မို့ ဖလင်အကွေ့အဝိုက်ကို ရှေ့သို့တွန်းပို့ထားသည်။
(၄) လိုဂိုမှ ဖလင်အကွေးကို ဗျပ်စောင်းပုံကွေးညွှတ်ပြီး အဖြူရောင် စောင်းကြိုး များတပ်ဆင်ထားခြင်းက မြန်မာ့ယဉ်ကျေးမှုပုံရိပ်ကို ထင်ဟပ်စေသည်။
(၅) လိုဂို၏ ပုံသဏ္ဌာန်ကို အဝိုင်းနှင့်လေးထောင့်၏ မတူညီသော ဖွဲ့စည်းပုံအလွှာနှစ်ခုကို ပေါင်းစပ်ရေးဆွဲထားပြီး အနားသတ်များကို ရွှေရောင်ဖြင့်ထိန်းကွပ်ထားသည်။ စသည် ..စသည် တို့က မြန်မာ့ရုပ်ရှင် စိန်ရတုသဘင်အထိမ်းအမှတ် လိုဂိုမှာပါဝင်သော သင်္ကေတတွေ၊ အရောင်တွေရဲ့ ကျွန်တော့်ကိုယ်ပိုင်အဓိပ္ပာယ် ဖွင့်ဟချက်များဟု ဆိုနိုင်သည်။ လိုဂို၏ ထိပ်ဘက်တွင် ‘‘မြန်မာ့ရုပ်ရှင်စိန်ရတု သဘင်’’ဟူသောစာသားနှင့် လိုဂိုအောက်ဘက်၌ (၁၉၂၀-၁၉၉၅) ဆိုတဲ့စာသားကို အားဖြည့်ရေးသားထားသည်။
▲ မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်အထိမ်းအမှတ် ▲
ဩဇာလွှမ်းမိုးနိုင်သော ပန်းချီအနုပညာရှင်တိုင်းတွင် ကိုယ်ပိုင်နည်းဟန် ရှိကြသည်။ ကျွန်တော့်မူပိုင် တွေးချက်၊ ရေးချက်တွေနဲ့ အားထည့်ဖန်တီး ပုံဖော်ရေးဆွဲခဲ့တဲ့ မြန်မာ့ရုပ်ရှင် စိန်ရတုလိုဂိုက ၁၉၉၅ ခုနှစ်က နိုင်ငံ တကာ စာပို့တံဆိပ်ခေါင်းအဖြစ်လည်း ငှက်ခါးလေးကိုယ်စား လူးလာ တုံ့ခေါက် သက်ဝင်ပျံသန်းခဲ့ဖူးပြီ။ အထိမ်းအမှတ်စာအိတ်တွေ၊ ရင်ထိုး တံဆိပ်တွေ၊ သော့ချိတ်တွေ၊ မှတ်တမ်းစာအုပ်တွေ၊ လက်ဆွဲအိတ်တွေ၊ လှုံ့ဆော်ရေး ပိုစတာတွေစသည့် မြန်မာ့ရုပ်ရှင်စိန်ရတုသဘင်နှင့် ပတ်သက်သမျှ သက်ရှိ သက်မဲ့တို့ထံမှာ လိုဂိုတစ်ခုရဲ့ အရည်အချင်းပြည့်မီ စွာကွင်းခနဲ၊ ကွက်ခနဲ ထင်သာမြင်သာရှိစွာ လွှမ်းမိုးနိုင်ခဲ့သည်။ သမိုင်းတင်ခဲ့သလို သမိုင်းလည်း ဝင်ခဲ့သည်ဟု ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေမိသည်။
၁၉၂၀ ပြည့်နှစ်ကစတင်ခဲ့သော မြန်မာ့ရုပ်ရှင်သည် ၁၉၉၅ ခုနှစ်မှာ စိန် ရတုခရီးကျော်လွန်ခဲ့ပြီးဖြစ်သလို လာမည့် ၂၀၂၀ ပြည့်နှစ်မှာ နှစ်ပေါင်း ၁၀၀ ပြည့်ပေတော့မည်။ မည်သို့ပင် ရတုအဆက်ဆက် ခရီးနှင် ခဲ့သည်ဖြစ်စေ ကျွန်တော်ရေးဆွဲခဲ့သော မြန်မာ့ရုပ်ရှင် စိန်ရတုသဘင် အထိမ်းအမှတ်လိုဂိုမှ စိန်ပွင့်ကလေးကတော့ တဖျပ်ဖျပ်တောက်ပ နေဆဲဖြစ်သည်။ ။