ရေခဲပြင်စကိတ်ကစားကွင်းနှင့် Bowling ကစားကွင်းပါရှိသော Royal Sportainment Complex ဖွင့်


Ministry of Information/ ​ရန်ကုန် / April 29, 2019
image_latest


ရန်ကုန် ဧပြီ ၂၈

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရေခဲပြင် စကိတ်ကစားကွင်းပါရှိသည့် Royal Sportainment Complex ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်၊ ၉-မိုင်၊ တော်ဝင်လမ်းရှိ Vertical Wind Tunnel နှင့် ဆက်စပ် လျက် အဆိုပါ အဆောက်အအုံ ပရိဝုဏ်၌ ကျင်းပရာ အခမ်းအနားသို့ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သက်ပုံ၊ ရန်ကုန်မြို့တော်ဝန် ဦးမောင် မောင်စိုး၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း နှင့် Htoo Group of Company မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြ သည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာစီးပွားရေး ကော်ပိုရေးရှင်း ဦးဆောင်ညွှန်ကြား ရေးမှူး ဦးသန့်ဆွေ၊ စီမံကိန်းများ ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး၊ Htoo Group of Company မှ ဒုတိယဥက္ကဋ္ဌ ဦးသီဟနှင့် AGD Bank Managing Director ဦးထူးထက် တေဇတို့က Royal Sportainment Complex အဆောက်အအုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံက အဆောက်အအုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး တိုင်းမှူးဗိုလ်ချုပ် သက်ပုံနှင့် တာဝန်ရှိသူများက Royal Sportainment Complex အဆောက်အအုံအတွင်းရှိ ရေခဲပြင် စကိတ် ကစားကွင်းအားလည်းကောင်း၊ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက Bowling ကစားကွင်းအားလည်း ကောင်း စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ယနေ့ ဖွင့်လှစ်ပေးခဲ့သည့် တာဝန်ရှိသူများက Royal Sportainment Complex အဆောက်အအုံကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ၌ စတင်ဆောက်လုပ်ခဲ့ပြီး ပြည်သူ့ ကျန်းမာရေးနှင့် အားကစားကဏ္ဍ တွင် မျိုးဆက်သစ်လူငယ်များနှင့် မိသားစုအလိုက် ပျော်ရွှင်စွာကစား နိုင်ရန်နှင့် အပျော်တမ်းလေ့ကျင့်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာစံချိန်မီ ရေခဲပြင်စကိတ်ကွင်းနှင့် Bowling ကစားကွင်းများကို ထည့်သွင်း တည်ဆောက်ထားကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံ၏ မြေညီထပ်ရှိ ရေခဲပြင်စကိတ်ကစားကွင်း မှာ ၆၇၅ စတုရန်းမီတာကျယ်ဝန်း၍ ၈၈ မီလီမီတာထုရှိသော ရေခဲပြင်မျက်နှာပြင် ဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ပထမ ထပ်ရှိ Bowling ကစားကွင်းတွင်Bowling လိုင်း ၁၁ လိုင်းပါရှိသော Bowling ကစားကွင်း ပါရှိကာ မြေညီထပ်နှင့် ပထမထပ်တို့တွင် လူဦးရေ ၄၀၀ ဆံ့ ပွဲကြည့်စင်များ ပါရှိသည်။

အဆိုပါ Royal Sportainment Complex အား နေ့စဉ် နံနက် ၁၀ နာရီမ ည ၁၀ နာရီအထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်းနှင့် မည်သူမဆို လွတ်လပ်စွာ လာရောက် ကစားနိုင်ကြောင်း သိရ သည်။

သတင်းစဉ်