အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်း ဓာတ်ပုံများပြပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်း ဓာတ်ပုံများပြပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ
Ministry of Information/ ရန်ကုန် / March 03, 2019
ရန်ကုန် မတ် ၃
အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ ပြပွဲတစ်ရပ်အဖြစ် အိန္ဒိယနိုင်ငံရှိ Chola ဘုရား ကျောင်းများ၏ ဗိသုကာ ဆိုင်ရာမှတ်တမ်းဓာတ်ပုံများပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နေ့လည် ၃ နာရီ တွင်ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ အမျိုးသား ပြတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ အမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူမားနှင့် သံရုံးအဖွဲ့ဒုတိယ အကြီးအကဲ Dr.Sumit Seth တို့ကအခမ်းအနားကို ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးပြီး ဆီမီးထွန်းညှိ၍ အခမ်းအနားကို စတင်ကြသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်) ကူမား က အမှာစကား ပြောကြားသည်။
ဆက်လက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အမှာစကားပြောကြား ရာတွင် အိန္ဒိယနှင့်မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံပြည်သူများအကျိုးအတွက် တူညီသော ဘုံရည်မှန်းချက်များနှင့် ဂုဏ်ယူဖွယ် ရှည်လျားသောသမိုင်းကြောင်းများရှိခဲ့ပြီး ယဉ်ကျေးမှု အပြန်အလှန်ဖလှယ်ရေး တို့ကိုလည်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ပြပွဲသည် အိန္ဒိယနှင့် မြန်မာနိုင်ငံတွင်ရှိကြသည့် ကွဲပြားခြားနားသည့် ယုံကြည်ကိုးကွယ်မှုများအကြား ဘာသာရေး ဆိုင်ရာ သဟဇာတဖြစ်မှုနှင့်ရင်းနှီးချစ်ခင်မှုကို ထိန်းသိမ်းပြီး နှစ်နိုင်ငံပိုမိုနားလည်မှု ရရှိစေရေး ဆောင်ရွက်ရာတွင် အရေးပါသည့်ခြေလှမ်းတစ်ရပ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးယဉ်ကျေးမှု ဌာနမှ ဒါရိုက်တာ Ms. Asawari Bapat က အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာဆော်ရက်(ဘ်) ကူမားနှင့် တာဝန်ရှိသူများသည် ပြခန်းအတွင်း ခင်းကျင်းပြသထားသည့် အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။
ပြပွဲဖွင့်ပွဲအခမ်းအနားသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ယနေ့ ကျင်းပသည့် အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓာတ်ပုံများပြပွဲကို မတ်လ ၅ ရက်မှ ၇ ရက်နေ့ထိ ပြသထားမည်ဖြစ်ပြီး မည်သူမဆို ဝင်ကြေးအခမဲ့ဖြင့် လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
Chola ဘုရားကျောင်းများကို (၈) ရာစုနှစ်မှ (၁၂) ရာစုနှစ်များအတွင်း Chola မင်းဆက်များ ကာလအတွင်း၌ တည် ဆောက်ခဲ့ပြီး အဆိုပါဘုရားကျောင်းများသည် ၁၉၈၇ ခုနှစ်မှစ၍ UNESCO မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပြီး Dravida အမျိုးအစား (ပိရမစ်ပုံစံ) ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာထူးခြားသော အယူအဆများနှင့် တီထွင်မှုများကိုဖော်ပြထားသည်။
ယနေ့ ကျင်းပသည့် “အိန္ဒိယနိုင်ငံရှိ Chola ဘုရားကျောင်းများ၏ ဗိသုကာဆိုင်ရာ မှတ်တမ်းဓါတ်ပုံများ ပြပွဲ”ကို အိန္ဒိယနိုင်ငံသံရုံး(ရန်ကုန်)သည် အိန္ဒိယနိုင်ငံအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထောက်ပံ့မှုနှင့် အတူ Centre for Art & Archaeology၊ American Institute of Indian Studies (AIIS) နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တို့နှင့် ပူးပေါင်းလျက် မြန်မာနိုင်ငံတွင်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-လှမိုး)
