ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရအဆိုရှင် ၁၁ ဦး၏ ပြိုင်ပွဲဝင်တေးသီချင်းများ DVD ခွေထုတ်လုပ်ဖြန့်ချိနိုင်ရေး စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ
ငြိမ်းချမ်းရေးဂီတပွဲတော်ဆုရအဆိုရှင် ၁၁ ဦး၏ ပြိုင်ပွဲဝင်တေးသီချင်းများ DVD ခွေထုတ်လုပ်ဖြန့်ချိနိုင်ရေး စာနယ်ဇင်းမိတ်ဆက်ပွဲ ကျင်းပ
Ministry of Information/ yangon / January 18, 2019

ရန်ကုန် ဇန်နဝါရီ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ကြီးမှူးကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရအဆိုရှင် ၁၁ ဦး၏ ပြိုင်ပွဲဝင်တေးသီချင်းများ DVD ခွေထုတ်လုပ်ဖြန့်ချိနိုင်ရေး စာနယ် ဇင်းမိတ်ဆက်ပွဲ ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြားစတူဒီယို (အေ)၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး (ဂီတ) ဦးတိုးကျော်က '' ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လမှာ စတင်ခဲ့ပါတယ်။ မြို့ပေါင်း ၁၁ မြို့မှာ သွားရောက်ပြီး တစ်ပတ်ကို တစ်မြို့နှုန်းနဲ့ ဖျော်ဖြေပွဲပေါင်း ၂၂ ပွဲ ကျင်းပခဲ့တယ်။ နောက်ဆုံးပြိုင်ပွဲကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်က ပြည်သူ့ရင်ပြင်မှာ ကျင်းပ ပြီးစီးခဲ့ပါတယ်။ သီချင်းရွေးချယ်ပြီး ၂ဝ၁၈ ခုနှစ် မတ်လမှာ အသံသွင်းတဲ့ လုပ်ငန်းနဲ့ ရိုက်ကူးရေးလုပ် ငန်းတွေကို စတင်ခဲ့ပါတယ်။ အခွေဖြစ်မြောက်ဖို့ ဆိုတာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အပြင် ပြင်ပက ရိုက်ကူးရေး ပညာရှင်တွေလည်း ပါဝင်ကူညီ ထားတာရှိပါတယ်။ ဒီနေ့မှာတော့ ငြိမ်းချမ်းရေးဂီတပွဲတော် DVD ခွေစတင်ဖြန့်ချိဖို့ အဆင်သင့်ဖြစ်တဲ့ အနေအထားဖြစ်လို့ မိတ်ဆက်တာဖြစ်ပါတယ်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေနဲ့ စီးပွားရေးဆန်တဲ့ကိစ္စ မဟုတ်ဘဲ ရှုံးတာမြတ်တာ ခိုးကူးတာကို အဓိကမထားပါဘူး။ နိုင်ငံတော်က လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ် ဖော်ဆောင်တာကို အထောက်အကူပြု တဲ့အနေနဲ့ သိထား၊ တတ်ထား၊ နားလည် ထားတဲ့ ဂီတသုခုမ အနုပညာနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီ တာဖြစ်ပါတယ်''ဟု ပြောသည်။
တေးရေးဆရာ ဦးမြင့်မိုးအောင်က ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲဝင် တေးသီချင်းများ DVD ခွေမှာပါဝင်သည့် တေးသီချင်းများနှင့် စပ်လျဉ်း၍ လည်း ကောင်း၊ DVD ခွေထုတ်လုပ်ဖြန့်ချိမည့် Excellent Music Distribution မှ ဦးမျိုးဆွေက ဖြန့်ချိမည့်အခြေအနေကို လည်းကောင်း ရှင်းလင်းပြောကြားကြသည်။
ရွေးချယ်ထားသည့် တေးသီချင်း ၁၁ ပုဒ်ထဲမှ တေးရေးဆရာ ရွှေဂျော်ဂျော် ရေးစပ်ပြီး တေးသံရှင် နီနီခင်ဇော်နှင့် ငြိမ်းချမ်းရေးဂီတပွဲတော် ပထမဆုအဆိုရှင် မေသူကျော်တို့ သီဆိုထားကြသည့် ''ငြိမ်းချမ်းရေးဆိုတာ''သီချင်း၊ တေးရေးဆရာ ဦးမြင့်မိုးအောင်ရေးစပ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော် ဆုရအဆိုရှင် မေသဇင် သီဆိုထားသည့် ''ကျွန်မချစ်သော''သီချင်း၊ တေးရေးဆရာ မြတ်လေးရေးစပ်ပြီး ငြိမ်းချမ်းရေးဂီတပွဲတော် ဒုတိယ ဆုရအဆိုရှင် ကြူကြူခိုင်နှင့် တတိယ ဆုရအဆိုရှင် ဖြူလှတို့ သီဆိုထားသည့် ''ပန်းတိုင်းပွင့်ပါစေ''သီချင်း တို့ကို အကြို ခံစားမှုအဖြစ် ပြသသည်။
ငြိမ်းချမ်းရေးဂီတပွဲတော် ပြိုင်ပွဲဝင် တေးသီချင်းများ DVD ခွေကို မြန်မာ့ အသံနှင့်ရုပ်မြင် သံကြားက မူပိုင်အဖြစ် ဇန်နဝါရီ ၂၄ ရက် (ကြာသပတေးနေ့)တွင် DVD က ထုတ်လုပ်ဖြန့်ချိမည်ဖြစ်သည်။ တစ်ဘူးလျှင် DVDတစ်ချပ်နှင့် CD နှစ်ချပ် ပါဝင်မည်ဖြစ်ပြီး Excellent Music Distribution ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (ရန်ကုန်) ရုံးနှင့် နေပြည်တော်တပ်ကုန်းရုံး၊ တိုင်းဒေသကြီး / ပြည်နယ်အသီးသီးတွင် ရှိသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးများတွင် ၃၅ဝဝ ကျပ်နှုန်း ဖြင့် ဝယ်ယူနိုင်ပြီး မြန်မာတစ်နိုင်ငံလုံးကို ဖြန့်ချိမည် ဖြစ်သည်။
DVD ခွေတွင်သီချင်းစုစုပေါင်း ၁၈ ပုဒ်နှင့် CD တစ်ချပ်စီတွင် သီချင်း ကိုးပုဒ်စီပါရှိပြီး သီချင်း ၁၄ ပုဒ်မှာ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ နိုင်ငံတော် ဆိုင်းဝိုင်းကြီး၊ သံစုံတီးဝိုင်းနှင့် ခေတ်ပေါ် တေးဂီတတို့နှင့် ပေါင်းစပ်ပြီး တီးခတ်ထား ကြောင်း၊ ကျန်သီချင်းလေးပုဒ်ကို တေးရေးဆရာ အသီးသီးတို့က၎င်းတို့ မှာရှိသည့် တီးဝိုင်းဖြင့် တီးခတ်ထား ကြောင်း သိရသည်။
သတင်း - ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ - လှမိုး