ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် တတိယတန်း(Grade-3) သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်း/ဆွေးနွေးပွဲ ဆရာ/မများနှင့်တွေ့ဆုံ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 20, 2019


ဘားအံ မေ ၂၀
 မြန်မာနိုင်ငံ၏ပညာရေးစနစ်ကို အာဆီယံနိုင်ငံများ၏ စံနှုန်းများနှင့်အညီ လိုက်လျောညီထွေမှုရှိစေရန် ပညာရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် စတင်သင်ကြားမည့် တတိယတန်း Grade-3 သင်ရိုးသစ် မြို့နယ်အဆင့်သင်တန်း/ဆွေးနွေးပွဲ တက်ရောက်နေကြသည့် ဆရာ/မများအား ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် မေလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြသံလွင်ခန်းမတွင် သွားရောက်တွေ့ဆုံခဲ့သည်။
 ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ရင်သွေးငယ်များ ယဉ်ကျေးလိမ္မာစေရန် မူလတန်းအဆင့်တွင် သွန်သင်ဆုံးမ ပုံသွင်း၍ လွယ်ကူကြောင်း၊ တက္ကသိုလ်အဆင့်တွင်မူ ထိုသို့ဆောင်ရွက်ရန် မလွယ်ကူကြောင်း၊ ထို့ကြောင့် မူလတန်းဆရာ/မများသည် လွန်စွာမှ အရေးကြီးပါကြောင်း၊ မူလတန်းဆရာ/မများကို ကလေးများ ရိုသေလေးစားသည့် ဆရာ/မများကောင်းများ ဖြစ်စေချင်ကြောင်း၊ ကလေးများကို စာများများဖတ်စေချင်ကြောင်း၊ ကလေးများကို မိမိတို့မြို့ရွာ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့်ပတ်သက်ပြီး အမှိုက်ကောက်သည့် အလေ့အကျင့်ကောင်းများရှိစေချင်ကြောင်း၊ ဆရာ/မများကို အားလုံးအတွက် စံပြဖြစ်စေချင်ကြောင်း၊ ကလေးငယ်များ၏ အနာဂတ် မြန်မာနိုင်ငံ၏အနာဂတ် ကရင်ပြည်နယ်၏အနာဂတ် အားလုံးသောအနာဂတ်သည် ဆရာ/မများတွင် ရှိနေကြောင်း၊ ဆရာ/မများ၏ အတွေးအခေါ်မှန်လျှင်မှန်သည့်အလျောက် ကလေးများတိုးတက်မှုရှိလာမည် ဖြစ်ကြောင်း၊ အင်မတန်မှ အရေးကြီးသည့်နေရာတွင် ဆရာ/မများ ရပ်တည်နေပါကြောင်း၊ ဆရာ/မများ၏ တန်ဖိုးကို မမေ့လျော့သင့်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားခဲ့သည်။
 ကရင်ပြည်နယ်၊ ဘားအံမြို့ အထက(၁)၊ အထက(၂)၊ အထက(၄)တို့တွင် ကျောင်းအုပ်စုအလိုက် မူလတန်း Grade-3 တတိယတန်း သင်ရိုးသစ် သင်တန်း/ဆွေးနွေးပွဲကို သင်တန်းသား၊ နည်းပြ၊ ကြီးကြပ် ဆရာ/မ ဦးရေ (၂၆၆၉) ဦးဖြင့် မေလ ၁၀ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဆောင်ရွက်လျက်ရှိပြီး အလယ်တန်း Grade-6 သင်ရိုးသစ် သင်တန်း/ ဆွေးနွေးပွဲကို အထက(၃)၊ ထ(ခွဲ)-၃၊ အထက(၅)၊ ထခွဲ-၂ နှင့် ကော့လှိုက်ကျောင်းတို့တွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း တစ်ပြိုင်နက်တည်းတွင် ကော့ကရိတ်ခရိုင်တွင်လည်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
 အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်း Grade-3 တတိယတန်း သင်ရိုးသစ် သင်တန်း/ဆွေးနွေးပွဲ တက်ရောက်နေကြ သည့် ဆရာ/မများနှင့်တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။