ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် အမျိုးသား အဆင့် ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကျင်းပ
ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါ ကူးစက်ဖြစ်ပွားမှု၊ ရောဂါကာကွယ်နှိမ်နင်းရေးနှင့် အမျိုးသား အဆင့် ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကျင်းပ
Ministry of Information/ ရန်ကုန် / June 29, 2019
ရန်ကုန်၊ ဇွန် ၂၉
ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါကာကွယ် နှိမ်နင်းရေးနှင့် အမျိုးသားအဆင့် ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာ လေ့လာ ဆန်းစစ်မှု တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် Melia Hotel၊ ရန်ကုန်မြို့၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုင်းဒေသကြီး/ ပြည်နယ်(၅)ခု တို့တွင် ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါကာကွယ် နှိမ်နင်းရေးနှင့် အမျိုးသားအဆင့် ခုခံအားကျဆင်းမှု ရောဂါတိုက်ဖျက်ရေး စီမံချက်လုပ်ငန်းဆိုင်ရာ ကွင်းဆင်း စစ်တမ်းကောက်ယူမှုနှင့် လေ့လာသုံးသပ်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံတွင် ခုခံအားကျဆင်းမှု(HIV/AIDS) ရောဂါဖြစ်ပွား ကူးစက်မှု မြေပြင်အခြေအနေများကို တိုက်ရိုက်ထင်ဟပ် ပြသနိုင်သည့် မှန်ကန်တိကျသော နောက်ခံအချက်အလက် များကိုရရှိနိုင်မည်ဖြစ်ပါကြောင်း။
“ခုခံအားကျဆင်းမှုရောဂါကူးစက်ပြန့်ပွားမှုများ (၂၀၃၀) ခုနှစ်တွင် အဆုံးသတ်ရပ်တန့် စေရေး” ရည်မှန်းချက်ကို ရရှိအောင်မြင်စေရန်အတွက် ကျန်းမာရေးစီမံခန့်ခွဲမှု အထောက်အကူပြု သတင်းအချက်အလက်စနစ်မှ အချက်အလက်များနှင့် ယခုကွင်းဆင်းစစ်တမ်း ကောက်ယူ လေ့လာရာတွင် တွေ့ရှိချက်များကို အခြေခံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အလိုက် နေထိုင်မှုအလေ့အထ၊ ယဉ်ကျေးမှုထုံးတမ်းများ၊ လူမှုစီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုစသည့် နောက်ခံ အချက်အလက်များနှင့် ကိုက်ညီဆီလျော်မှုရှိသည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လုပ်ငန်းဆောင်ရွက်မှု၊ အကျိုးထိရောက်မှုနှင့် အောင်မြင်မှု အခြေအနေများကို အမြဲမပြတ်ကြည့်ရှု ဆန်းစစ်သည့်စနစ်ကိုပါ တစ်ပါတည်း ထည့်သွင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ခုခံကျ/ ကာလသားရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားသူများ၏ ခံယူချက် သဘောထားများကို ဆန်းစစ်၍ ၎င်းတို့၏ ရှုထောင့်မှနေ၍ ဘက်စုံစဉ်းစားကာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က တင်ပြဆွေးနွေးပွဲနှင့် ပတ်သက်၍ မိတ်ဆက်စကားပြောကြားသည်။
ဆက်လက်၍ လေ့လာဆန်းစစ်မှု တွေ့ရှိချက်များကို အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် Dr. David Jacka၊ AIDS Project Management Group Director Mr. Dave Mark Burrowsနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာရှင် Dr. Nathan Shaffer တို့က ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေး အကြံပြုမှုများ ဆောင်ရွက် ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ခုခံအားကျဆင်းမှု (HIV/AIDS) ရောဂါအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၂၅) ရေးဆွဲရာတွင် လက်တွေ့မြေပြင်၌ လုပ်ငန်းဆောင်ရွက်နေသည့် အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများကို လည်း ပါဝင်လုပ်ဆောင်စေရမည် ဖြစ်ပါကြောင်း၊ ခုခံကျရောဂါပိုးရှိသဖြင့် ကုသမှုခံယူသူများ ART ဆေးဝါးစွဲမြဲစွာ သောက်သုံးစေရန်နှင့် အခြားသူများထံသို့ ရောဂါကူးစက် ပြန့်ပွားစေမည့် အပြုအမူ များကို ရှောင်ကြဉ်ရန်အတွက် နှစ်သိမ့်ဆွေးနွေးသူများ၏ အရည်အချင်းနှင့် အခန်းကဏ္ဍ လွန်စွာ အရေးကြီးပါကြောင်း၊ စစ်တမ်းလေ့လာတွေ့ ရှိချက်များတွင် ခုခံကျရောဂါကုသသည့် ART ဆေးဝါးကို စွဲမြဲစွာမသောက်ခြင်း၊ အန္တရာယ်ရှိသော လိင်ဆက်ဆံမှုပြုလုပ်ခြင်းနှင့် ကွန်ဒုံးအသုံးပြုမှု (၆၀) ရာခိုင်နှုန်းထက် လျော့နည်း နေခြင်းစသည့် အချက်များကိုတွေ့ရှိရသဖြင့် အဆိုပါ အချက်များကို ဖြစ်ပွားစေသည့် ဇစ်မြစ်အကြောင်းအရင်းများကို ရှာဖွေဖော်ထုတ်၍ အဖြေရှာ ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ ခုခံကျ/ကာလသားရောဂါ ကာကွယ်တိုက်ဖျက်ရေး ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်း လုပ်ငန်းများ ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လေ့လာသုံးသပ်မှုမှ တွေ့ရှိချက်များကို အခြေခံ၍ ပြည်သူ့တစ်ရပ်လုံး၏ အကျိုးစီးပွားကို ရည်မျှော်ကာ ဝန်ကြီးဌာနအနေဖြင့် ခုခံအားကျဆင်းမှုရောဂါ တိုက်ဖျက်ရေးရောဂါများ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းပြောကြားသည်။
(သတင်းစဉ်)
