ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်း၍ “တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ကျင့်သုံးရေးဆိုင်ရာ ဆွေးနွေးပွဲ” (Seminar on How to Operate Court-led Mediation for Civil Suits in Myanmar) ကျင်းပ


The Supreme Court of the Union/ နေပြည်တော် / November 09, 2018


ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စနစ် ကျင့်သုံးရေးဆိုင်ရာ ဆွေးနွေးပွဲ (Seminar on How to Operate Court-led Mediation for Civil Suits in Myanmar) ကို ယနေ့နံနက် (၀၉:၀၀)နာရီတွင် နေပြည်တော် PARKROYAL ဟိုတယ်တွင် ကျင်းပပြုလုပ်သည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်” ကို မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်းထားရှိပြီး၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၈-၂၀၂၂) တွင် ထည့်သွင်းအကောင်အထည်ဖော်လျက်ရှိသည်။

         

ယင်းအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ “တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးနည်းလမ်း ချမှတ်အကောင်အထည်ဖော်ရေးဆိုင်ရာ လမ်းညွှန်မူဝါဒ” ကို ရေးသားပြုစု ခဲ့ပြီးဖြစ်ပြီး၊ ယင်းမူဝါဒနှင့်အညီ စေ့စပ်ဖြေရှင်းရေးစနစ် စတင်ကျင့်သုံးနိုင်ရေး ရည်ရွယ်လျက် ၅-၁၁-၂၀၁၈ ရက်နေ့မှ ၈-၁၁-၂၀၁၈ ရက်နေ့အထိ ဆွေးနွေးပွဲပထမပိုင်းအဖြစ်လည်းကောင်း၊ ၉-၁၁-၂၀၁၈ ရက်နေ့တွင် ဆွေးနွေးပွဲဒုတိယပိုင်းအဖြစ်လည်းကောင်း ကျင်းပခြင်းဖြစ်သည်။

         

ဆွေးနွေးပွဲ ပထမပိုင်းတွင် စေ့စပ်ဖြေရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းရေးဆွဲခြင်း၊ စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အများပြည်သူ အသိအမြင်တိုးမြှင့်ပေးသည့် အစီအစဉ်များ ဆောင်ရွက်ခြင်း၊ စေ့စပ်ဖြေရှင်းရေးနှင့်သက်ဆိုင်သူများအတွက် လေ့ကျင့်သင်တန်းပေးခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပြီးဖြစ်ပြီး၊ ယနေ့တွင် ဆွေးနွေးပွဲပထမပိုင်း၏ ရလဒ်များအပေါ် အခြေခံ၍ စေ့စပ်ဖြေရှင်းရေးစနစ်ကို တရားရုံးများတွင် စတင်ကျင့်သုံးရန် စမ်းသပ်အစီအစဉ်ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်သည်။

         

ဆွေးနွေးပွဲသို့ ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကျွမ်းကျင်သူနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုတရား စီရင်ရေးကြီးကြပ်မှုရုံး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ကြမည်ဖြစ်ပါသည်။