ဘားအံ၌ လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 20, 2019


ဘားအံ စက်တင်ဘာ ၁၉

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကရင်ပြည်နယ်အဆင့် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီခွဲက ဘားအံမြို့ အောင်သံလွင် အားကစားကွင်း၌ ကျင်းပသည်။

 ဖွင့်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဉက္ကဋ္ဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်ကိုယ်စား မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်နှင့် MPT- KSGM Joint Opreations မှ CSR Advisor ဦးခင်မောင်သက်က နှုတ်ခွန်းဆက်စကားများပြောကြားကြသည်။

 ထို့နောက် ၂၀၁၉ ခုနှစ် MPT လူငယ်ဘောလုံးပွဲတော်နှင့် MPT အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကွင်းအတွင်းသို့ ဘောလုံးများကန်သွင်း၍ ဖွင့်လှစ်ပေးခဲ့ပြီး လူငယ်ဘောလုံးပွဲတော်တွင် ပါဝင်ကြမည့် ကလေးငယ်များနှင့် အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲဝင်မည့် အသင်းသားများအား ကွင်းအတွင်းလိုက်လံနှုတ်ဆက်ကြကာ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် အခြေခံပညာကျောင်းများတွင် အသုံးပြုရန် MPT မှ ဘောလုံး (၂၅၀)လုံး၊ Myanmar Care မှ ဘောလုံး (၁၀၀)လုံးတို့အား ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းသည်။

 ယင်းနောက် အခြေခံပညာကျောင်းများမှ အသက်(၆)နှစ်မှ ၁၂ နှစ်အောက် ကျောင်းသား/ ကျောင်းသူ ၂၆၀ ဦးက အခြေခံဘောလုံးနည်းစနစ်များကို သရုပ်ပြကစားခဲ့ကြပြီး ဘားအံဇုန် MPT အသက်(၁၄)နှစ်အောက် လူငယ်ဘောလုံးပြိုင်ပွဲကို ဘောလုံးအသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်းနှင့် စက်တင်ဘာလ ၂၈ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။