ပညာရေးဟာ ပြည်သူတွေအချင်းချင်း နားလည်မှုရှိဖို့နဲ့ အတူတကွ ပူးပေါင်းနေထိုင်နိုင်ဖို့အတွက် အကောင်းမွန်ဆုံးအရာ တစ်ခုဖြစ်ပါတယ် ( မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Kristian Schmidth)


Ministry of Information/ ​နေပြည်တော် / April 08, 2019
image_latest


မတ်လ ၃၁ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာတွင် ဖော်ပြထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Kristian Schmidth အား သီးသန့်တွေ့ဆုံ မေးမြန်းထားသည်များကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

မေး။ ။ သံအမတ်ကြီးတို့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရဲ့ ပညာရေးဘတ်ဂျက် အထောက်အကူပြု အစီအစဉ်ကို ချမှတ်ထားတယ်လို့ သိရပါတယ်။ အဲဒီအစီအစဉ်က ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် အလွန်ပဲ ဝမ်းမြောက်စရာ ကောင်းလှပါတယ်။ အဲဒီအထောက်အကူပြု အစီအစဉ်ရဲ့ အဓိကရည်မှန်းချက်တွေကို သိရှိလိုပါတယ်။

ဖြေ ။ ။ဒီအစီအစဉ်ကတော့ မြန်မာနိုင်ငံနဲ့ မိတ်ဖက်ဖြစ်ရေး လုပ်ဆောင်ရာမှာ ကဏ္ဍသစ်တစ်ခုကို ဖွင့်လှစ်လိုက် တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အမြဲ ထောက်ပံ့ပေးလျက် ရှိပါတယ်။ ယခုပညာရေးအတွက် နောက်ထပ် အထောက်အပံ့ တစ်ခုနဲ့အတူ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ သိသာထင်ရှားလှတဲ့ စီမံကိန်းတစ်ခုတော့ မဟုတ်ပါဘူး။ ပညာရေးဝန်ကြီးဌာနကို တိုက်ရိုက်ပံ့ပိုးလိုက်ခြင်း အားဖြင့် ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံကို ပံ့ပိုးကူညီ သွားမှာပဲဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ဥရောပသမဂ္ဂရဲ့ စည်းလုံးညီညွတ်မှုကို ပြသလိုက်ရုံသာမကဘဲ မြန်မာအစိုးရရဲ့ မူဝါဒရေးရာတွေမှာ အပြည့်အဝ ယုံကြည်ပံ့ပိုးပေးတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။ ဒါဟာ ဥရောပသမဂ္ဂအတွက် မင်္ဂလာ ရှိတဲ့ နေ့တစ်နေ့ပါပဲ။

မေး။ ။ မြန်မာနိုင်ငံ ပညာရေးကဏ္ဍမှာ ပံ့ပိုးလိုက်တဲ့ ဒီအစီ အစဉ်ဟာ ယူရို ၂၂၁ သန်းရှိပြီး ဥရောပသမဂ္ဂရဲ့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။ အင်မတန်မှ ကြီးမားထင်ရှားတဲ့ အထောက်အပံ့ဖြစ်ပါတယ်။ ဒီအစီအစဉ်ရဲ့ ဘတ်ဂျက်ခွဲဝေမှု အစီအစဉ်ကို သိလိုပါတယ်။

ဖြေ ။ ။ မြန်မာနိုင်ငံရဲ့ ပညာရေးက လိုအပ်ချက်ဟာ ရေရှည် ဖြစ်ပြီး အစိုးရကလည်း ၅ နှစ်စီမံကိန်း၊ ၁၀ နှစ် စီမံကိန်းကို ချမှတ်အကောင်အထည်ဖော်လျက် ရှိပါတယ်။ ဒါကြောင့် မိတ်ဖက်ကောင်းတစ်ဦးအနေနဲ့ ဖြစ်ချင်တယ်ဆိုရင် ရေရှည် ကတိကဝတ်နဲ့အညီ ရှိရမှာပဲဖြစ်ပါတယ်။ လာမယ့် ၂ နှစ် ၊ ၃ နှစ်အတွင်း မှာ နိုင်ငံရေးအခြေအနေ ဘယ်လိုပြောင်းလဲ လာမလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သို့သော်လည်း ဥရောပသမဂ္ဂအနေနဲ့ လာမယ့် ၅ နှစ် တာကာလအထိ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကို ပံ့ပိုးသွား မှာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့လိုအပ်ချက်များစွာ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိရှိထားပါ တယ်။ အရင်က ပညာရေးကို ဦးစားပေးမှု နည်းပါးခဲ့ပါတယ်။ ကမ႓ာ႔စီးပွားရေးတောင့်တင်းတဲ့ နိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံဟာ အတတ်ပညာပိုင်းကျွမ်းကျင်မှု အသစ်တွေ လိုအပ်ပါတယ်။ ဒီအခြေအနေကို ကျွန်တော် သိရှိထားပါတယ်။

ကျွန်တော်တို့ဟာ အပြင်လူအနေနဲ့ ဝင်ရောက်အမြတ် ထုတ်တာ မဟုတ်ပါဘူး။ ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုဟာ မြန်မာအစိုးရအပေါ်မှာပဲ မူတည်ပါတယ်။ ဥရောပသမဂ္ဂဟာ အခြားကဏ္ဍတွေနဲ့အပြိုင် ကူညီထောက်ပံ့မည့်အစား ပညာရေးကဏ္ဍကိုပဲ တိုက်ရိုက်ပံ့ပိုးချင်ပါတယ်။ ဒီလိုအစိုးရနဲ့ ပူးပေါင်းဆောင် ရွက်ခြင်းအားဖြင့် ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်အဆင့်အထိ ပညာရေးစနစ်ကို မြှင့်တင်သွားမှာ ဖြစ်ပါ တယ်။ ဒါဟာ ဒီအစီအစဉ်ရဲ့ အဓိကရည်ရွယ်ချက် ဖြစ်ပါတယ်။

မေး။ ။ ဥရောပသမဂ္ဂအနေနဲ့ မြန်မာ့ပညာရေးကဏ္ဍအတွက် ငွေကြေးပံ့ပိုးမှုအပြင် နည်းပညာအကူအညီပါ ပေးအပ် မယ်လို့ သိရပါတယ်။ အဲဒီပေးအပ်မယ့် နည်းပညာအကူအညီကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ၅ နှစ်တာကာလအတွင်း ဥရောပသမဂ္ဂက ပေးအပ်မယ့် အကူအညီက စုစုပေါင်း ယူရို ၂၂၁ သန်းဖြစ်ပြီး မြန်မာ ငွေတန်ဖိုးအားဖြင့် ကျပ်ကျပ်ဘီလီယံ ၃၈၀ ရှိပါတယ်။ အဲဒီငွေကြေးထဲက အများစုကတော့ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းကို အကောင်အထည်ဖော်မယ့် ပညာရေး ဝန်ကြီးဌာနကိုပဲ ပေးအပ်သွားမှာဖြစ်ပါတယ်။ ပညာရေးကဏ္ဍက ဆရာ၊ ဆရာမတွေကို သင်တန်းပေးဖို့၊ သက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ သင်တန်းပေးဖို့နဲ့ စွမ်းဆောင်ရည်မြှင့်တင် ဖို့အတွက် အာရှ ဖွံ့ဖြိုးရေးဘဏ်ကနေတစ်ဆင့် နည်းပညာ အကူအညီ ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒီငွေတွေကို ထိထိ ရောက်ရောက် အသုံးပြုနိုင်ဖို့နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ အတွက် ကမ႓ာ့ဘဏ်ကနေ ငွေကြေးစီမံခန့်ခွဲမှု အပေါ် ပံ့ပိုးပေးမှာဖြစ်ပါတယ်။ ထို့အပြင် International IDEA ကနေတစ်ဆင့် လွှတ်တော်အမတ် တွေကိုလည်း နည်းပညာ အထောက်အပံ့ ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါဟာသာမန် ထောက်ပံ့မှုမဟုတ်ဘဲ ထူးခြားတဲ့ ကူညီပံ့ပိုးမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

မေး။ ။ဥရောပသမဂ္ဂအနေနဲ့ တိုင်းရင်းသားဒေသတွေက ပညာရေးအဆင့်အတန်း မြှင့်တင်ရေးအတွက် အစီ အစဉ်လည်းရှိတယ်ဆိုတာ သိရပါတယ်။ အဲဒီအစီအစဉ်ကို သိလိုပါတယ်။

ဖြေ ။ ။မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးအစီအစဉ်နဲ့ နိုင်ငံ တည်ဆောက်ရေးကို တစ်ပြိုင်နက် လုပ်ဆောင်နေတဲ့ အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ အနာဂတ်မျိုးဆက်တွေရဲ့ စိတ်နေစိတ်ထားတွေကို ပြောင်းလဲ ပစ်ဖို့ရာ အထူး အရေးကြီးပါတယ်။ ကျွန်တော်တို့ပေးတဲ့ အကူအညီတွေဟာ မြန်မာနိုင်ငံက ဒေသအသီးသီးမှာရှိတဲ့ ပြည်သူတွေဆီ ညီတူမျှတူ မရောက်ဘူး။ သူတို့ရဲ့ ပညာရေးအတွက် အထောက် အကူ မပြုဘူးဆိုရင် မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ မြန်မာအစိုးရရဲ့မူဝါဒနဲ့အညီ အစိုးရရော၊ တိုင်းရင်းသားတွေနဲ့ပါ ပူးပေါင်းဆောင် ရွက်ရတာဟာ လွန်စွာပဲ အဆင်ပြေပါတယ်။ အစိုးရရဲ့ မဟာဗျူဟာမှာလည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ တိုင်းရင်းသား ဘာသာစကား၊ ယဉ်ကျေးမှုနဲ့ ရှမ်း၊ ကချင်နဲ့ အခြားသောလူမျိုးစုများကို ပံ့ပိုးကူညီပေးဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတစ်ခု သက်ဝင်လှုပ်ရှားလာဖို့ အတွက် ကျောင်းသား၊ ကျောင်းသူတွေက နေရာဒေသမရွေး သွားရောက်ပညာသင်ကြား နိုင်ခွင့်ရှိရပါမယ်။ အဲဒါမှ တိုင်းရင်းသားအချင်းချင်း တွေ့ဆုံရင်းနှီးကျွမ်းဝင်ခွင့်ရပြီး အဲဒီကနေတစ်ဆင့် ဖက်ဒရယ်စနစ်ဆီ လျှောက်လှမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ ဥရောပသမဂ္ဂအနေနဲ့ ဗဟိုအစိုးရကို ကူညီ ပံ့ပိုးတဲ့အခါမှာ သာတူညီမျှရှိဖို့ တိုင်းရင်းသားဒေသက ပညာရေးကိုလည်း တစ်ချိန်တည်း မြှင့်တင်ဖို့လိုအပ်ကြောင်း သိရှိထားပါတယ်။

မေး။ ။ ဒီအစီအစဉ်ဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အထောက်အကူပြုတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါသလား။

ဖြေ ။ ။ဟုတ်ပါတယ်။ မြန်မာမိတ်ဆွေတွေ၊ အခြားတွေ့ဆုံခဲ့ဖူးသူတွေ၊ ဝန်ကြီးတွေနဲ့ တွေ့ ဆုံတဲ့အခါမှာ ငြိမ်းချမ်း ရေးရရှိဖို့က စိတ်နေစိတ်ထားနဲ့ပဲဆိုင်တယ်လို့ သူတို့တွေက ပြောပါတယ်။ နှစ် ၇၀ ကြာ ပြည်တွင်းစစ်အကြောင်းနဲ့ပတ်သက် ပြီး ကျောင်းသင်ခန်းစာထဲမှာ ကိုယ်ရဲ့သမိုင်းကြောင်းကိုသာ အလေးထား ဖော်ပြထားပြီး တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်း ကို မှေးမှိန်အောင်ဖော်ပြထားတဲ့အတွက် ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေမှာပဲ ဖြစ်ပါတယ်။

မြန်မာလူငယ်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့တွေဟာ သူတို့ပြည်နယ်တွေသာမက နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးနဲ့ အခွင့်အလမ်းတွေ လိုချင်ကြတာကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ အခုအချိန်ခါမှာ မြန်မာနိုင်ငံအနေနဲ့ တံခါးဖွင့်လှစ်ထားပြီဖြစ် တဲ့အတွက် မြန်မာလူငယ်တွေဟာ ကမ႓ာအနှံ့ခြေဆန့်ချင်ကြ ပါတယ်။ ဒါကြောင့် မြန်မာလူငယ်တွေ ဒေသတွင်းသာမက ဥရောပတိုက်အထိ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးရရှိဖို့ အတွက် မြန်မာကျောင်းသားတွေအတွက် ပညာတော်သင်ဆု တွေ တိုးချဲ့ဖော် ဆောင်လျက် ရှိပါတယ်။ ပညာရေးဟာ ပြည်သူတွေအချင်းချင်း နားလည်မှုရှိဖို့နဲ့ အတူတကွ ပူးပေါင်း နေထိုင်နိုင်ဖို့အတွက် အကောင်းမွန်ဆုံးအရာတစ်ခု ဖြစ်ပါတယ်။

မေး။ ။ ပညာရေးဟာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲမှုလျှော့ချရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဥရောပသမဂ္ဂက စီစဉ်တဲ့ နည်းပညာနဲ့ အသက်မွေးဝမ်း ကျောင်းပညာရေးသင်တန်း တစ်ခုရှိတယ်လို့ သိရပါတယ်။ အဲဒီသင်တန်းက ဒီအစီအစဉ်ထဲမှာ အကျုံးဝင်ပါသလား။

ဖြေ ။ ။မြန်မာနိုင်ငံအနေနဲ့ တံခါးဖွင့်ဝါဒ စတင်ကျင့်သုံးပြီးပြင်ပကမ႓ာက အထောက်အပံ့တွေ စတင်ရရှိချိန်မှာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မိတ်ဖက်အများ အပြားဟာ မြန်မာနိုင်ငံမှာ မရှိမဖြစ်လိုအပ်တဲ့ မူလတန်း ပညာရေးအပေါ် အလေးထားဆောင်ရွက်ခဲ့ပါတယ်။ မူလတန်း ပညာရေးဟာ အခြေခံ အုတ်မြစ်ဖြစ်ပါတယ်။ သို့သော်လည်း မိတ်ဖက်အနည်းစုကတော့ အလယ်တန်းပညာရေးနဲ့ သက်မွေး ပညာတွေမှာ အာရုံစိုက်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ့ရှိတဲ့ အချက်အလက်တွေအရတော့ ကျောင်းထွက်နှုန်း တွေ မြင့်တက်လာတာ တွေ့ရပါတယ်။

ပညာရေးအရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုတာတွေရှိလာပါတယ်။ ပညာရေးဝန်ကြီး ဌာနကနေသိရတဲ့ အချက်အလက်များအရ မြန်မာနိုင်ငံရဲ့ပညာရေးဟာ လုပ်သားဈေးကွက်နဲ့ သဟဇာတ မဖြစ်တဲ့ ကျွမ်းကျင်မှုကိုပဲ အလေးထားတာသိရပါတယ်။ ခေတ်အဆက်ဆက်က နိမ့်ကျခဲ့တဲ့ ပညာရေး အဆင့်အတန်းကြောင့် ယနေ့ လူငယ်အများစုဟာ အလုပ်အကိုင်ရရှိဖို့ လိုအပ်တဲ့ကျွမ်းကျင်မှုတွေ မရှိကြတော့ ပါဘူး။ ဒီလူငယ်တွေကို နောက်ထပ်တစ်ခါ ပညာပြန်သင်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့်မို့ လုပ်သားဈေးကွက်မှာ ဝင်ရောက်လုပ်ကိုင်နိုင်ဖို့အတွက် ဒီလူငယ်တွေကို သက်မွေး ဝမ်းကျောင်းသင်တန်းတွေ ဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်ခွဲက ကျွန်တော်မြန်မာနိုင်ငံကို ရောက်ရှိလာပြီးတဲ့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ ပထမဦးဆုံး တွေ့ဆုံချိန်မှာ ဥရောပသမဂ္ဂအနေနဲ့ ဘာအကူ အညီတွေပေးရမလဲလို့ ကျွန်တော်က မေးတဲ့အခါမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပညာရေးကဏ္ဍကို အကူအညီပေးဖို့ ပြောကြားခဲ့ပါတယ်။ ဘယ်လိုပညာရေးမျိုးလဲလို့ ကျွန်တော်က ထပ်မေးတဲ့အခါမှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က သက်မွေးဝမ်းကျောင်းပညာလို့ ပြောပါတယ်။ အခုလို ကူညီရမယ့်ကဏ္ဍကို တိတိကျကျသိရလို့ ကျွန်တော်တို့ဝမ်းမြောက်ရပါတယ်။ အသက်မွေးဝမ်းကျောင်းသင်တန်းဟာ ယနေ့မြန်မာလူငယ်တွေ အတွက် ပို၍အရေးပါလာပြီဖြစ်ပါတယ်။

မေး။ ။ ဒီလိုကြီးမားတဲ့ ကူညီပံ့ပိုးမှုအစီအစဉ်ဖြစ်လာဖို့ ဆိုတာ တွေ့ဆုံဆွေးနွေးမှုတွေများစွာ လိုအပ်မယ်လို့ ထင်ရပါ တယ်။ ဒီအစီအစဉ်ကြီး အထမြောက်ဖို့အတွက် သံအမတ်ကြီး အနေနဲ့ ဘယ်လိုကြိုးပမ်းခဲ့ပါသလဲ။

ဖြေ ။ ။ဒီလို ကြီးမားတဲ့အစီအစဉ်တစ်ခု စနစ်တကျ အထမြောက်သွားပြီဆိုရင်တော့ မြန်မာနိုင်ငံအနေနဲ့ ၁၀ နှစ် တာ ကာလအတွင်း အထိုက်အလျောက် တိုးတက်ပြီလို့ထင်ပါ တယ်။ ၁၀ နှစ်တာကာလအထိ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ ဥရောပသမဂ္ဂရဲ့ အကူအညီကို လိုအပ်တော့မှာမဟုတ်ပါဘူး။ သို့သော် အခုအရပ်သားအစိုးရအနေနဲ့ အခွန်ဝင် ငွေကနေ လုံလောက်တဲ့ နိုင်ငံတော်ဘဏ္ဍာငွေ မရရှိနိုင်သေးပါဘူး။ မြန်မာနိုင်ငံဟာ ကမ႓ာပေါ်မှာ အခွန်ငွေကနေ နိုင်ငံတော်ဘဏ္ဍာ ငွေ အနည်းဆုံးရရှိတဲ့ နိုင်ငံထဲက တစ်နိုင်ငံဖြစ်ပါတယ်။ အခွန်ငွေကနေ နိုင်ငံတော်ဘဏ္ဍာငွေ ၁၁ ရာခိုင်နှုန်းလောက်သာ ရရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝအရင်းအမြစ်က ရနေတဲ့ အခွန်ငွေများစွာက တရားမဝင်ကုန်သွယ်ရေးဆီ ရောက်ရှိသွားလို့ပဲဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေးလုပ်ငန်းများ၊ ဆေးရုံဆေးခန်းများကို ထောက်ပံ့ဖို့ ကောက်ခံရမယ့် ကျောက်မျက်နဲ့ သစ်လုပ်ငန်းက အခွန်ဝင်ငွေတွေကို ကောက်ခံနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒီကိစ္စတွေဟာ သက်ဆိုင်ရာ အာဏာပိုင်များက အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့မှသာ ၁၀ နှစ် တာကာလအတွင်း မြန်မာနိုင်ငံဟာ ပြင်ပက ထောက်ပံ့မှုတွေမလိုတော့ဘဲ မိမိတို့ရဲ့ ပညာရေးစနစ်ကို မြှင့်တင်နိုင်သွားမှာ ဖြစ်ပါတယ်။

ယခုအခါ မြန်မာပြည်သူတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ လိုအပ်နေတဲ့အချိန် ဖြစ်ပါတယ်။ လာမယ့် ၅ နှစ်တာ ကာလအတွင်း ဥရောပသမဂ္ဂအနေနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးကဏ္ဍမှာ ပါဝင်ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်လာပြီး အမှီအခိုကင်းတဲ့ နိုင်ငံ တစ်နိုင်ငံဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

မေး။ ။ဒီကတိကဝတ်တွေကို အကောင်အထည် ဖော်ဆောင် နိုင်ဖို့အတွက် စည်းကမ်းချက်တွေ ဘယ်လိုသတ်မှတ် ထားပါသလဲ။

ဖြေ ။ ။မြန်မာအစိုးရကိုယ်တိုင် ချမှတ်ထားတဲ့ ပညာရေး မူဝါဒရည်မှန်းချက်တွေ ပြည့်မီအောင် ဖော်ပြပါ ငွေပမာဏကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဥပမာ ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးပုံနှိပ်စာအုပ် အသစ်တွေ ဖြန့်ချိမယ့်အချိန်မှာ ဥရောပသမဂ္ဂက ငွေထပ်မံ ထုတ်ပေးသွားမှာဖြစ်ပါတယ်။ ဆရာ၊ ဆရာမတွေကို သင်တန်း ပေးတဲ့အချိန်ကျရင်လည်း နောက်တစ်ကြိမ် ငွေထုတ်ပေး သွားမှာဖြစ်ပါတယ်။ ဒါဟာ အကျိုးရလဒ်ကြီးမားတဲ့ ပူးပေါင်း ဆောင်ရွက် မှုပဲဖြစ်ပါတယ်။ ကျွန်တော်ထပ်ပြီး ပြောကြားချင်တာ ကတော့ ဥရောပသမဂ္ဂက ကဏ္ဍတိုင်းမှာ ငွေကြေးကူညီနိုင်တဲ့ သဘောမျိုးမဟုတ်ဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။ အရေးကြီးတဲ့ စည်းကမ်းချက် ကတော့ မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍမှာ ဘတ်ဂျက်တိုးမြှင့်သုံးစွဲဖို့ဆိုတဲ့ ကတိကဝတ်ကို အကောင် အထည်ဖော်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ တစ်နှစ်ထက်တစ်နှစ် ပညာရေးကဏ္ဍ အသုံး စရိ်တ်ကို ၂၂ ရာခိုင်နှုန်း တိုးမြှင့်နိုင်ခဲ့တာ တွေ့ရပါတယ်။ အရင် ကထက် စာရင်တော့ ၂၂ ရာခိုင်နှုန်းဟာ များတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပညာရေး ကဏ္ဍအသုံးစရိတ်ကို တိုးမြှင့်သုံးစွဲမှုရှိမှပဲ ဥရောပသမဂ္ဂရဲ့ ပံ့ပိုး ကူညီမှုရမှာဖြစ်ပါတယ်။ ဒါဟာ အစိုးရကဖော်ဆောင်နေတဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ တိုးတက်မှုအချို့ပဲ ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံမှာ သံအမတ်ကြီးရှိနေစဉ်ကာလအတွင်း ပြောင်းလဲမှုအတိုင်းအတာနဲ့ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန် ဘယ်လောက်ရှိတယ်လို့ ထင်ပါသလဲ။

ဖြေ ။ ။ မီတာ ၄၀၀ ပြေးလမ်းမှာ အားကုန်ပြေးနေတဲ့ လူတွေကိုပဲ ဥပမာပြုရရင် သူတို့တွေဟာ အားသွန်ခွန်စိုက် ပြေးလို့ ပြိုင်ပွဲကို အနိုင်ရရှိတဲ့အချိန်မှာ သူတို့ကို နောက်ထပ် ပြိုင်ပွဲတစ်ခုကို ထပ်ပြေးခိုင်းသလိုမျိုးဖြစ်နေပါတယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းက မြန်မာ နိုင်ငံရဲ့အခြေအနေနဲ့ တူနေပါတယ်။ မြန်မာနိုင်ငံက ပြုပြင် ပြောင်းလဲမှုဟာလည်း အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေ ပါပြီ။ အခုချိန်မှာ ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်တွေကို စတင်ခံစားကြရပါပြီ။ နောက်လာ မယ့် မျိုးဆက်သစ် တွေကတော့ သူတို့ရဲ့စိတ်နေစိတ်ထားတွေကို ပြောင်းလဲဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။ မြန်မာလူငယ်တွေဟာ ပွင့်လင်းမြင်သာ မှုရှိရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အဂတိတိုက်ဖျက်ရေးတွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တစ်ခါတစ်ရံ ရှုံးနိမ့်တဲ့အချိန်ရှိသော်လည်း နောက်ထပ် ပြိုင်ပွဲအတွက် အင်အားကို ပြန်လည်မွေးမြူဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ မြန်မာပြည်သူတွေ သတ်မှတ်ထားတဲ့ ရည်မှန်းချက်တစ်ရပ်ဖြစ်ပြီး နှစ်များစွာ ကြာမြင့်နိုင်တဲ့အတွက် ဥရောပသမဂ္ဂအနေနဲ့ ဒီရည်မှန်းချက် အောင်မြင်သည်အထိ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အချိန်ကာလအားဖြင့် ကြာမြင့်နေမှာ ပဲဖြစ်ပါတယ်။ ။

 

ဘာသာပြန်- ဒေါက်တာသာစိန်၊ ကျော်ထိုက်စိုး