ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener နှင့်အဖွဲ့အား တွေ့ဆုံဆွေးနွေး


Ministry of Information/ နေပြည်တော် / January 29, 2019
image_latest


နေပြည်တော် ဇန်နဝါရီ ၂၈

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine Burgener ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများအား မိမိတို့ဘက်မှ ပြန်လည်လက်ခံနိုင်ရေးအတွက် တောင်ပြိုလက်ဝဲ နှင့် ငါးခူရတို့၌ ပြန်လည်လက်ခံရေးစခန်းများ ဖွင့်လှစ် ထားရှိမှု၊ ပြန်လည် ဝင်ရောက်လာ သူများအတွက် စားသောက်နေထိုင်ရေး စီစဉ်ထားရှိမှုနှင့် ယခင်နေထိုင်ခဲ့သည့် ကျေးရွာများ အနီး၌ အဆောက်အဦများ ဆောက်လုပ်၍ ပြန်လည်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားရှိမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ပေးပို့ရမည့် လျှောက်လွှာများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့မှုစာရင်းနှင့် မိမိတို့မှစိစစ်ပြန်ကြားမှု၊ လက်ခံရန်ပြန်ကြားပြီး သူများအား ပြန်လည် လက်ခံရန် အဆင်သင့်ရှိမှုနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ပြန်လည်ဝင်ရောက်လာသူများ အား နိုင်ငံသားစိစစ်ခံရမည့် သူ၏ သက်သေခံကတ်ပြား (NV Card) ထုတ်ပေးပြီးနောက် နိုင်ငံသားစိစစ်နိုင်ရန် လျှောက်ထား ဆောင်ရွက်နိုင်ရေးနှင့် အထောက်အထား အချက်အလက် များ အပေါ်မူတည်၍ ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များ၊ လက်ရှိ NV Card ထုတ်ပေး ဆောင်ရွက်မှုနှင့် နိုင်ငံသားစိစစ် ဆောင်ရွက်ပြီး ကတ်ပြားထုတ်ပေးပြီးစီးမှု၊ NV Card သည် နိုင်ငံသား စိစစ်နိုင်ရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်ပြီး စိစစ်ခံရန် ဆက်လက်လျှောက်ထားကာ နိုင်ငံသားဖြစ်မှုအတွက် ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များ၊ NV Card အကြောင်း သိကောင်းစရာများ၊ ရရှိခံစားရမည့် အကျိုးကျေးဇူးများအား ဒေသခံများသိရှိ နားလည်စေရေး အတွက် ရှင်းလင်းချပြမှုများ အပါအဝင် မောင်တောနှင့် ဘူးသီးတောင်ဒေသတို့၌ ဗမာ၊ ရခိုင်နှင့် ဘင်္ဂါလီ ဘာသာစကား (၃) မျိုးဖြင့် မေယု FM ရေဒီယိုမှ ထုတ်လွှင့်ပေးနေ မှုနှင့် IDP စခန်းများ၌ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှု၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် မိမိနိုင်ငံသို့ ပြန်လာချင်သူများရှိသော်လည်း ပြန်လည်ဝင်ရောက်မည့် လုပ်ငန်းများ နှောင့်နှေး ကြန့်ကြာနေရခြင်း အကြောင်းအရင်းနှင့် ယင်း လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနနှင့် UNDP ၊ UNHCR တို့အကြား နားလည်မှုစာချွန်လွှာ ( MoU) လက်မှတ် ရေးထိုးဆောင်ရွက်နေမှု၊ UNDP နှင့် UNHCR တို့မှ (MoU) အရ အဆင့် (၃) ဆင့်ဖြင့် ကွင်းဆင်း လေ့လာဆောင်ရွက်နေ မှု၊ နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ မိမိနိုင်ငံ၌ ပြဋ္ဌာန်း ထားသည့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက်မှု၊ နေရပ်စွန့်ခွာသူများ ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပြန်လည် လက်ခံရေးနှင့်လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ အကူအညီများ ပံ့ပိုး ကူညီပေးနိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)